Sunday, September 5, 2010

သွားနှင့် ကျန်းမာရေး

လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများ၌ သွားသည်လည်း အလွန်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ သွားကျန်းမာရေး ကောင်းမွန်မှသာလျှင် ကျန်းမာရေးကောင်း၍ ရုပ်ဆင်းသဏ္ဌာန် တင့်တယ်သည်။ သွားကျန်းမာရေး ကောင်းမွန်ရန် အောက်ပါအတိုင်း ကြိုတင်ကာကွယ်ခြင်း၊ စစ်ဆေးကုသခြင်းနှင့် စနစ်တကျ သွားတိုက်ခြင်းတို့ လိုအပ်ပေသည်။

(၁) သွား၏အားနှင့် ၀ါးမည့်အစားအစာ၏အားကို ချင့်ချိန်ပါ။
ဥပမာ-အရိုး၊ ကွမ်းသီးနှင့် မာသောအစာများသည် သွားကို ပျက်စီးစေသည်။ ထို့ပြင် ကွမ်းစားခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ ကွမ်းစားခြင်းသည် သွားနှင့်သွားဖုံး ပျက်စီးခြင်းကို ဖြစ်စေရုံသာမက ကင်ဆာရောဂါ ကိုလည်း ရရှိစေသည်။

(၂) ချဉ်သောအစားအစာများကို ပါးစပ်ထဲတွင် ကြာကြာမငုံထားရပါ။ အရည်ကို သောက်မည်ဆိုလျှင် ပိုက်သုံး၍ စုပ်ပြီးသောက်ပါ။

(၃) သွားမျက်နှာပြင်အားလုံးကို စနစ်မှန် သွားတိုက်နည်းသုံး၍ အချိန်မှန် တနေ့လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် သွားတိုက်ပေးပါ။ သွားတိုက်သောအခါတွင်လည်း ဖလိုရိုဒ်ပါသော သွားတိုက်ဆေးကိုသုံး၍ သုံးမိနစ်ကြာကြာခန့် တိုက်ပါ။ ကန့်လန့်ဖြတ် သွားတိုက်ခြင်းကို ရှောင်ပါ။ ကလေးငယ်များ သွား စ,တင်ပေါက်လျှင်ပေါက်ချင်း သွားတိုက်၍ရပြီး သွားတိုက်ဆေးကို တံတွေးပြန်ထွေးနိုင်သော အချိန်ရောက်မှသာ အနည်းငယ်မျှ ထည့်ပေးရမည်။

(၄) သွားပွတ်တံကို သုံးလလျှင် တကြိမ် လဲပေးပါ။ သွားတိုက်တံ စုတ်ဖွာနေလျှင် ဆက်လက်မသုံးသင့်ပါ။

(၅) သွားတိုက်တံကို ခြောက်သွေ့သောနေရာတွင် ထားပါ။ သွားတိုက်ဆေးမထည့်မီ သွားတိုက်တံကို ရေဆေးပြီးသုံးပါ။

(၆) သွားကောင်းစေလိုသော ဆန္ဒနှင့် သွားမျက်နှာပြင်ကို လိုအပ်သောပမာဏထက် အားစိုက်သုံးခြင်း၊ ကြိမ်ဖန်များစွာတိုက်ခြင်း မပြုလုပ်ရပါ။

(၇) သွားနှစ်ချောင်းကြား ညပ်နေသော အစားအစာများကို သွားကြားပွတ်ကြိုးသုံး၍ ဖယ်ရှားပါ။ သွားကြားထိုးတံသည် ကျိုး၍ကျန်နေခဲ့လျှင် သွားဖုံးရောင်ရောဂါ ဖြစ်စေနိုင်သည်။

(၈) အစာစားပြီးတိုင်း ပလုပ်ကျင်းပေးပါ။ အရည်ရွှမ်းသော သစ်သီးများကို စားပေးခြင်းသည် သွားကို ကောင်းမွန်သန့်စင်စေပါသည်။

(၉) သွားမျက်နှာပြင်တွင် ရှိနေသော သွားပိုးစားပေါက်များ ရှိနေသည်ကို သိလျှင်သိချင်း ပြုပြင်ပေးပါ။

(၁၀) သွားနုတ်ထားပြီးပါက ကျန်ရှိနေသော သွားများ မပျက်စီးစေရန်နှင့် ကြိတ်ဝါးမှု အားကောင်းစေရန်အတွက် သွားတုတပ်ခြင်း ပြုလုပ်ပါ။

(၁၁) တနှစ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် သွားနှင့်ခံတွင်းဆိုင်ရာ အခြေအနေများကို စစ်ဆေးပြသမှု ခံယူပါ။
အကိုး။ ။ (၁၁-၉-၂၀၀၉) ဒေါက်တာ မိုလာ-ဆောင်းပါးမှ

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

No comments: