Tuesday, September 21, 2010

ဆီးချိုရောဂါ ဘယ်လိုကာကွယ်မလဲ

ယခုခေတ် ခေတ်မီနိုင်ငံကြီးများရှိ ပြည်သူများအား၎င်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများစွာရှိ ပြည်သူများအား၎င်း၊ ဒုက္ခပေးနေသော ရောဂါတခုမှာ ဆီးချိုရောဂါပင်ဖြစ်ပေသည်။ ဆီးချိုရောဂါဖြစ်ပွားမှု အခြေအနေအား ၁၉၉၈-ခုနှစ် စက်တင်ဘာလ ၁၅-ရက်နေ့တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ W.H.O က ဂျီနီဗာတွင် အောက်ပါ အတိုင်း ထုတ်ပြန်ခဲ့ပါသည်။

ခရစ်နှစ် ၂၀၂၅-ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆီးချိုရောဂါရှိသူပေါင်း ၂၂၈-သန်း ရှိလာလိမ့်မည်။ ထိုအရေအတွက်သည် ၁၉၉၅-ခုနှစ်တွင် ရှိသည့် အရေအတွက်ထက် ၁၇၀-ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း-
ထိုသို့ဖော်ပြထားရာ ၁၉၉၅-ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆီးချိုဝေဒနာရှင်ပေါင်း ၁၃၄-ဒသမ ၁-သန်း ရှိသည့်သဘော ဖြစ်ပေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပေသည်။ မြန်မာနိုင်ငံရှိ ဆီးချိုဝေဒနာရှင် ဦးရေသည်လည်း နည်းလှမည်မဟုတ်ပေ။

တဖန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၁၉၉၇-ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများ၏ ဆီးချိုရောဂါ ဖြစ်ပွားမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်ဟု ထုတ်ပြန်ထားပြန်သည်။
( ၁၉၉၅-၂၀၂၅ )
၁၉၉၅- ခုနှစ်၊ ဖြစ်ပွားမှု သန်းပေါင်း ၂၇-ဒသမ ၆-သန်း
၂၀၀၀-ခုနှစ်၊ ဖြစ်ပွားမှု သန်းပေါင်း ၃၀-ဒသမ ၇-သန်း
၂၀၂၅-ခုနှဏ်၊ ဖြစ်ပွားမှု သန်းပေါင်း ၇၉-ဒသမ ၅-သန်း
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅-ခုနှစ်တွင် ဆီးချိုဝေဒနာ ရာခိုင်နှုန်းသည် ၁၉၉၅-ခုနှစ်ကထက် ၁၆၃-ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပေသည်။ ၁၆၃-ခုရာခိုင်နှုန်းမှာ စိုးရိမ်ဖွယ်ရာကိန်းဂဏန်း ဖြစ်ပေသည်။

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ၁၉၉၅-ခုနှစ်တွင် ဆီးချိုဝေဒနာရှင်ပေါင်း ၅၁-သန်းရှိခဲ့ပြီး ၂၀၂၅-ခုနှစ်တွင် ၇၂-သန်းထိ တိုးတက်လာမည်ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၄၁-ရာခိုင်နှုန်း တိုးတက်လာမည့်အခြေအနေ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထက်ဖော်ပြပါ ၁၉၉၈-ခုနှစ် စက်တင်ဘာလ ၁၅-ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အထက်ပါ ကိန်းဂဏန်းအခြေအနေအား လေ့လာလျှင် ဆီးချိုဝေဒနာသည် ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံအားလုံး၏ ပြည်သူများအား ခြိမ်းခြောက်လျက်ရှိပြီး တိုင်းပြည်များအတွက်လည်း ကျန်းမာရေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပေသည်။ ထို့ပြင် ရောဂါခံစားရသူ တဦးချင်းနှင့် ရောဂါရှင် မိသားစုများတွင်လည်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ဟူသော ကာယစိတ္တ နှစ်ဖြာသောသုခအား ခံစားကြရတော့မည် မဟုတ်ပေ။ မိသားစု၏ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်စုံဆုတ်ယုတ်ကြရတော့မည် ဖြစ်ပေသည်။

( ထူးခြားသော ရောဂါ)
ဆီးချိုရောဂါသည် ထူးခြားသောရောဂါတခု ဖြစ်ပေသည်။ ဘာထူးခြားသလဲ ဆိုသော်-
၁။ ရောဂါခံစားရပြီဆိုလျှင် လုံးဝမပျောက်ကင်းသော ရောဂါဖြစ်ခြင်း။
၂။ ရောဂါဖြစ်ပွားသူ၏ သား သမီးတို့သည်လည်း အချို့ ရောဂါခံစားတတ်ရခြင်း။( ကူးစက်ခြင်း မဟုတ်ပါ)
၃။ ရောဂါခံစားရသော်လည်း ဆေးဝါး၊ ဓာတ်စာ တို့ဖြင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားလျှင် သက်တမ်းစေ့ နေထိုင်နိုင်ခြင်း။
(အချို့ ရောဂါရှိလျက်ပင် အသက် ၈၀-၉၀ နှင့် ၁၀၀-အထိ နေထိုင်သွားသူများ ရှိခြင်း)။
၎။ ဆီးချိုရောဂါ ဖြစ်ပွားပြီးနောက် သွေးတိုး၊ နှလုံးနှင့် လေငန်းရောဂါတို့ ထပ်မံဖြစ်ပွားတတ်ခြင်း။
၅။ ဆီးချိုရောဂါရှိသူတဦး မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်လျှင် လုံးဝမပျောက်ကင်းတတ်ခြင်း။
၆။ အရိုးများ ဆွေးမြည့်တတ်ခြင်း၊ (သွားများ အချိန်မတိုင်မီ ကျိုးခြင်း၊ ကြွေခြင်း၊ ဒဏ်ရာအနာသည် အရိုးထိဖြစ်လျှင် အရိုး၊ အသားများဆွေး၍ ခြေ၊ လက် ဖြတ်ပစ်ရခြင်း)။
၇။ ဆင့်ပွားဖြစ်သော ရောဂါများ သွေးတိုး၊ နှလုံး နှင့် လေငန်းတို့ကြောင့် သက်တမ်းမစေ့မီ သေဆုံးရတတ်ခြင်း တည်းဟူသော ထူးခြားချက်များရှိသည့် ရောဂါတမျိုးဖြစ်ပေသည်။

ထို့ကြောင့် ဤရောဂါ မိမိတွင်မခံစားရအောင် ကြိုတင်ကာကွယ်ကြလျှင် မကောင်းပေဘူးလားဟု ကျွန်ုပ်စိတ်တွင် ဖြစ်ပေါ်လာပါသည်။ အနာရှိလျှင် ဆေးရှိသည်-ဟူသော ရှေးလူကြီးများ၏ ဆိုရိုးစကားအရ ရောဂါအနာတိုင်းတွင် ဆေးဝါးများရှိပေသည်။ ဆီးချိုရောဂါတွင်လည်း ဆေးဝါးများရှိပါသည်။ သို့သော် ရောဂါ၏ ထူးခြားသော လက္ခဏာအရ ဆေးစားရုံမျှဖြင့် မပျောက်ကင်းပါ။ ဆေးဝါးနှင့် ဓာတ်စာစားခြင်းဖြင့် ရောဂါသက်သာရုံမျှသာ ရှိပေသည်။ ဤသို့ လုံးဝမပျောက်ကင်းသော ရောဂါအား မိမိခန္ဓာကိုယ်တွင် မစွဲကပ်သည်က အကောင်းဆုံးဖြစ်ပေသည်ဟု ကောက်ချက်ချရပေသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်-ဟူသော စကားရှိပေသည်။ အထက်ပါ ထူးခြားသော လက္ခဏာရှိသည့် ရောဂါအားလည်း ရောဂါအဖြစ်ခံပြီး နေထိုင်၏။ ရောဂါဖြစ်မှ ဆေးဝါးကုသခြင်းထက် ရောဂါမဖြစ်မီ ကာကွယ်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမာခြင်းသည် လာဘ်တပါးပင် မဟုတ်ပါလား။

(ဆီးချိုရောဂါ ဖြစ်ရသည့် အကြောင်းရင်းများ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆီးချိုရောဂါရှင်များ တိုးတက်လာခြင်းသည် ကမ္ဘာကြီး၌ လူဦးရေ တိုးတက်လာခြင်း၏ အချက်တချက် ဖြစ်ပြီး ကျန်ရောဂါဖြစ်သည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း ၁၅.၉.၉၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
၁။ အဝလွန်မှု။
၂။ ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်မှု။
၃။ အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ရသည့်သူများ။
ရောဂါဖြစ်ရသည့် အကြောင်းရင်းများအား သိရှိလျှင် ရောဂါမဖြစ်အောင် ကျွန်ုပ်တို့ ကာကွယ်ရေးနည်းလမ်း များကား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ဖြစ်သည်။

( အဝလွန်မှု)
စာဖတ်သူ၏ အရပ် ၅-ပေရှိပါက ကိုယ်အလေးချိန် ပေါင် ၁၀၀-ရှိရပါမည်။ တလက်မ အရပ်ပိုရှည်လျှင် ၅-ပေါင်တိုးဝပြီး အကယ်၍ စာဖတ်သူသည် ၅-ပေ ၆-လက်မ ရှိသည်ဆိုပါက ပေါင် ၁၃၀-ရှိရပါမည်။ ပေါင် ၁၃၀-ထက် ပေါင်ပိုးသွားသမျှသည် ၀ဖြိုးမှုဖြစ်ပါသည်။ ခန္ဓာကိုယ်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုရှိနေမည်ဖြစ်ပါသည်။

များများရှိလေ အန္တရာယ် ပိုရှိလေဖြစ်ပါသည်။ သိုးဆောင်းစကားပုံတခုတွင် သင်၏ခါးပတ် အပေါက်တပေါက် တိုးလာတိုင်း သင်၏အသက် တနှစ်ပိုပြီး တိုသွားသည်ဟု ဖော်ပြထားပေသည်။ လူ့လောကနိယာမကမူ ၀-လို့ လှ-လို့ပါလား-ဟု ပြောမှ နှစ်ခြိုက်ကြပေသည်။ သို့သော် အ၀လွန်သူများ မလှပပါ။ စာဖတ်သူ အ၀လွန်သောသူများအား တွေ့ဖူးပေမည်။ လှလှပပ ရှိပါသလား။ မရှိပါ။

ဗုဒ္ဓဂေါတမမြတ်စွာဘုရား၏ ဒကာတော် ပသေနဒီကောသလမင်းကြီးသည် အ၀လွန်ပါသည်။ တရံခါသော် မင်းကြီးမှ မြတ်စွာဘုရားရှင်အား သွားရောက်ဖူးမြော်ရာတွင် လေးလံထိုင်းမှိုင်းပြီး မရွှင်မလန်းဖြစ်နေ၍ မြတ်စွာ ဘုရားက-
မင်းကြီး သိပ်ပြီးဝနေတယ်။ သွက်လက်ဖျတ်လတ် ကျန်းမာအောင် အစားအစာ လျှော့စားနည်း ကိုယ်တော်မြတ် လမ်းညွှန်တော်မူမည်-ဟု မိန့်ကြားသည်။

ထို့နောက် မြတ်စွာဘုရားက ယခုစားနေသည်ထက် လက်တဆုပ်စာ လျှော့စားသွားရန်၊ လျှော့စားသော အစာဖြင့် တင်းတိမ်လျှင် နောက်တကြိမ် လက်တဆုပ်စာ လျှော့စားသွားရန်၊ ဒုတိယလက်တဆုပ်စာ လျှော့စားသောအစားအစာဖြင့် တင်းတိမ်လျှင် ထပ်မံပြီး လက်တဆုပ်စာ လျှော့စားသွားရန် မြတ်စွာဘုရားက မိန့်မြွက်တ်ေမူသည်။ သို့ဖြင့် အ၀လွန်မှုအား မိမိကိုယ်ခန္ဓာကိုယ်နှင့် လျော်ညီသည့် အနေအထားရောက်အောင် လျှော့စားနည်းအား မြတ်စွာဘုရားက မိန့်မြွက်ခဲ့ဖူးပေသည်။

အ၀လွန်မှုမှာ ထမင်း၊ ဒံပေါက်၊ ခေါက်ဆွဲ၊ အုန်းထမင်း စသည့် ကစီဓာတ်များသော အစားအစာအား နှုတ်မြိန်တိုင်း ဖိသိပ်စားသောက်ခြင်းကြောင့် ဖြစ်ပေသည်။ မင်းအနေဖြင့် အဆီဓာတ်လွန်ကဲသော ၀က်သား၊ ဘဲသား၊ အုန်းနို့၊ သကြား၊ ထန်းလျက်နှင့်ပြုလုပ်သော မုန့်များအား အလွန်အကြူး စားသောက်ခြင်း ကြောင့်လည်း အ၀လွန်လာနိုင်ပေသည်။ သောက်စရာအနေအားဖြင့် နွားနို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်များအား အလွန်အကြူး သောက်သုံးမှုကြောင့်လည်း အ၀လွန်လာနိုင်သလို သစ်သီးများအနေဖြင့် အချိုဓာတ်လွန်ကဲသော ငှက်ပျောသီး၊ သရက်သီး၊ ဒူးရင်းသီး စသည့် အသီးများအား မဆင်မခြင် စားသောက်ခြင်းဖြင့်လည်း အ၀လွန်လာနိုင်ပေသည်။

ကျန်းမာရေး အထောက်အကူပြုသော အာဟာရမှာ ရှေးသမားတော်ကြီးများ၏ အဆိုအမိန့်ဖြစ်သော ၀မ်းမှာ အခါး-ဟူသော စကားအရ အခါးဓာတ်ဖြစ်ပေသည်။ အချဉ်ဓာတ်သည်လည်း သဘာဝအချဉ်များဖြစ်ပါက ကျန်းမာရေး အထောက်အကူပြုပြီး လက်လုပ်ချဉ်များဖြစ်ပါက ကျန်းမာရေးအထောက်အကူ မပြုပါ။ ငန်၊ ချို၊ ဆိမ့် ဓာတ် ၃-မျိုးမှာ ကျန်းမာရေး အန္တရာယ်ဖြစ်ပေသည်။ ဖန်၊ စပ် ဓာတ်တို့မှာ သာမန်အနေအထား ဖြစ်ပေသည်။ အရသာအားလုံးသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဓာတ်ချည်းပင်ဖြစ်ပေသည်။ သို့သော် တန်ဆေး လွန်ဘေး-ဟူသော စကားအား လက်ကိုင်ထားပြီး စားသုံးမှု ပြုရပေမည်။

အ၀လွန်စေသော အခြားအကြောင်းတရပ်မှာ အိပ်စက်နားနေမှု ဖြစ်ပေသည်။ တည ၇-နာရီထက် ပိုမအိပ်သင့်။ စောစောအိပ်၍ စောစောလည်း ထသင့်ပေသည်။ ညဥ့်အချိန်များစွာ အိပ်သည့်ပြင် နေ့တွင်လည်း ထပ်မံပြီး ၁-နာရီ ၂-နာရီခန့် ထပ်ပြီး အိပ်စက်နားနေလျှင် သေချာပေါက် အ၀လွန်လာပေမည်။ ၀လာသည်နှင့် ရောဂါများလည်း ရရှိလာနိုင်ပေသည်။

အ၀လွန်သူမဖြစ်အောင် ထိန်းသိမ်းနေထိုင် စားသောက်သွားပါက ဆီးချိုရောဂါဘေးမှ ကင်းဝေးနိုင်ပါသည်။ ရောဂါမဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါသည်။
ဆီးချိုရောဂါသည် အေး၊ ချို၊ ဆိမ့်၊ ဖန် အစားအစာများ စားသုံးမှု လွန်ကဲခြင်းကြောင့် ဖြစ်ပွားရသည်။ အေး၊ ချို၊ ဆိမ့်၊ ဖန် အရသားများဖြစ်သော ၀က်သား၊ ဘဲသား၊ အုန်းထမင်း၊ ဒံပေါက်၊ ထောပတ်ထမင်း၊ မလိုင်မျိုးစုံ၊ သကြား၊ ထန်းလျက်ဖြင့်ပြုလုပ်သော မုန့်မျိုးစုံ၊ လက်ဖက်ရည်၊ ချို၊ ဖန်၊ မန်ကျည်းသီးစိမ်း၊ မန်ကျည်းရွက် ချဉ်ရည်၊ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ အာလူး၊ သစ်တော်သီး၊ မက်မန်းသီး စသော အစားအစာများအား အကြိမ်ကြိမ် အထပ်ထပ် အလွန်အကျွံ မစားရန် ရှေးသမာေးတ်ာကြီးများမှ လမ်းညွှန်ထားပေသည်။ ဤအစားအစာများအား သင့်တင့်လျောက်ပတ်ရုံမျှ စားသုံးခြင်းဖြင့် ဆီးချိုရောဂါအား ကာကွယ်ပြီး ဖြစ်သွားနိုင်ပေသည်။

(ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှု)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများ၏ ဒုတိအချက်မှာ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပင် ဖြစ်ပေသည်။

(ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုဟူသည် အဘယ်နည်း)
လူတို့၏ နေ့စဉ်နေ့တိုင်း ဘ၀ရှင်သန်ရေးအတွက် အချို၊ အဆိမ့်၊ အငန်၊ အစပ်၊ အပူ၊ အအေး၊ အခါး ဟူသောအာဟာရများအား စားသောက်နေကြပေသည်။ ထိုအရသာမျိုးစုံ အစားအစာများအား မျှတစွာ စားသောက်သင့်ပေသည်။ ဖြစ်နိုင်လျှင် နံနက်ပိုင်း အစားအစာစုအား ညနေပိုင်း မစားဘဲ စားသုံးနိုင်ပါက ပိုပြီးကျန်းမာရေးနှင့် ညီညွတ်ပေသည်။ ထိုအရသာမျိုးစုံ အစားအစာများမှ အချို့လူတို့သည် လျှာအလိုလိုက်ပြီး မိမိကြိုက်နှစ်သက်သော အစားအစာများအား လွန်လွန်ကြူးကြူး စားသောက်တတ်ကြပေသည်။ ဤသို့ အရသာတမျိုးအား လွန်လွန်ကြူးကြူး စားသောက်ခြင်း၊ မကြာခဏ စားသောက်ခြင်း၊ ကြိမ်ဖန်များစွာ စားသောက်ခြင်းဖြင့် လွန်ကဲသောအာဟာရနှင့် ပတ်သက်သော ရောဂါဘယ ခံစားရပေတော့သည်။ ဥပမာ-မုန့်ဟင်းခါးကြိုက်သည်ဆိုပြီး နံနက်၊ နေ့လယ်၊ ညနေ တနေ့လုံးစာချက်ပြီး စားသောက်ခြင်းမျိုး၊ နံနက်ပိုင်းတွင်လည်း ကြက်၊ ၀က်၊ ဘဲများ စားပြီး ညနေပိုင်းတွင်လည်း ဖော်ပြပါ အစားအစာများအား စားခြင်းမျိုး ဖြစ်ပေသည်။ ထို့ပြင် အချို့ ညပိုင်းအလုပ်လုပ်သောသူများ၊ အချို့ တနေကုန် မနေမနား လုပ်နေရသောသူများသည် မအိပ်ချင်အောင် ကွမ်းယာများ အဆက်မပြတ်ဝါးစားနေခြင်းမျိုးလည်း တွေ့ရပေသည်။ ဤသို့ အာဟာရတမျိုးအား လွန်လွန်ကြူးကြူး စားခြင်းသည် ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုပင် ဖြစ်ပေသည်။

၁၉၁၃-ခုနှစ်ထုတ် ဂျီဂျီရှင်ပူခေါ် ဂျပန်သတင်းစာနှင့် ၁၉၁၂-ခုနှစ် ဇူလိုင်လထုတ် သိပ္ပံဘဏ်တိုက်မဂ္ဂဇင်းတွင် အသက်တရာပြည့်မီအောင် နေထိုင်နည်း ၁၂-ချက်တွင် အစားအသောက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ၃-ချက် ဖော်ပြခဲ့ပါသည်။
၁။ ၇-ရက်တပတ် အစာအိမ်ကို အအားပေးခြင်းအားဖြင့် တထပ်မျှသောအာဟာရကို ရှောင်ကြဉ်ခြင်း၊
နံနက်တွင် အမဲသား၊ ငါးကိုသာ စားလျှင် ညနေတွင် ၄င်းအစာကို ရှောင်ကြဉ်ခြင်း။

၂။ အရက်သောက်ခြင်း၊ လော်မာခြင်း ကင်း၍ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်တို့ကို အလွန်အကြူး မမှီဝဲရ။

၃။ မိမိကိုယ် ချို့ယွင်းသော အင်္ဂါအစိတ်အပိုင်းတို့ကို တိရစ္ဆာန်တို့၏ အင်္ဂါအစိတ်အပိုင်းတို့ဖြင့် ဖြည့်စွမ်းစေခြင်းငှါ ၄င်းအစိတ်အပိုင်းတို့ကို စားရမည်။
ဥပမာ-ဦးနှောက်မကောင်းလျှင် တိရစ္ဆာန်ဦးနှောက်ကို စားခြင်း အရိုးမကောင်းလျှင် အရိုးစားခြင်း။

ရုံးဝန်ထမ်းအချို့သည် ရုံးပိတ်ရက်များတွင် အစာအိမ်ကို အနားပေးရမည့်အစား နားသည့်ရက်တွင်မှ ကောင်းနိုးရာရာ လုပ်ကိုင်စီမံပြီး ပို၍စားသောက်တတ်ကြလေသည်။ ဤသို့စားသောက်ခြင်းမှာ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပင် ဖြစ်ပေသည်။
ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုမှရှောင်ရှားနိုင်ရန်အတွက် ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တော်က အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် အောက်ပါအတိုင်းဟောကြားတော်မူခဲ့ပေသည်။
၁။ ကြေကျက်လွယ်သော အစာကို စားသောက်ခြင်း။
၂။ မိမိနှင့် သင့်လျော်သောအစာ ညီညွတ်မျှတရုံသာ စားသောက်ခြင်း။
၃။ မသင့်သောအစာကို မစားသောက်ခြင်း။
၎။ ဆွမ်းစားပြီး ရေသောက်ရန်အတွက် တလုတ်၊ နှစ်လုတ်စာ ချန်၍ စားသောက်ခြင်း။
၅။ ဖြည်းဖြည်း စားသောက်ခြင်း။

အထက်ပါ ဗုဒ္ဓမြတ်ဘုရား၏ ဟောဖော်မြွက်ကြား တရားစကားအား လိုက်နာခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်ကာ ဆီးချိုရောဂါအပါအ၀င် အနာမဲ့ပြီး အသက်ရှည်ကြမည် ဖြစ်ပေသည်။

( အချိန်များစွာထိုင်ရင်း အလုပ်လုပ်ကိုင်ရသည့်သူများ)
ဆီးချိုရောဂါဖြစ်ရသည့် တတိယအကြောင်းရင်းမှာ အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ရသည့်သူများ ဖြစ်ပေသည်။
မျက်မှောက်ခေတ်တွင် လူတို့၏ နေထိုင်မှုစနစ်တွင် ထိုင်ရင်း အလုပ်လုပ်ရသည့်အချိန်မှာ များစွာယူထားရပေသည်။ အိမ်မှ ရုံးနှင့် လုပ်ငန်းခွင်များသို့ သွားသောအခါ မီးရထား၊ မော်တော်ကား၊ သင်္ဘော၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးများပေါ်တွင် ထိုင်လျက်သွားကြရသည်။ ရုံးနှင့်လုပ်ငန်းခွင်သို့ရောက်သောအခါ ထိုင်ရင်းအလုပ်လုပ်ရသည်က များပေသည်။ ရုံးနှင့်လုပ်ငန်းခွင်မှ ပြန်လာကြသောအခါ သွားစဉ်ကအတိုင်း ထိုင်ရင်းပြန်လာကြရသည်။ ထို့ကြောင့် အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ကြရသည်။
တမြို့မှ တမြို့၊ တနိုင်ငံမှ တနိုင်ငံ ခရီးရှည်သွားကြသူများသည်လည်း မီးရထား၊ မော်တော်ကား၊ မီးသင်္ဘော၊ လေယာဉ်ပျံများပေါ်တွင် အချိန်များစွာ ထိုင်ရင်း သွားကြရသည်။ ဖော်ပြပါ ယာဉ်များအား မောင်းနှင်ကြသော ၀န်ထမ်းကြီးငယ်တို့သည်လည်း ထိုင်ပြီး မောင်းနှင်ရသူက များပေသည်။

ဤသို့ထိုင်ပြီး အလုပ်လုပ်ရသည့်အတွက် ခန္ဓာကိုယ် ဣရိယာပုထ် မျှတမှုမရှိဘဲ ထိုင်မှုသက်သက်ဖြင့် အချိန်များစွာ ကုန်ဆုံးခဲ့ကြရပေသည်။ ရပ်နေမှု၊ လမ်းလျှောက်မှု၊ အိပ်စက်နားနေမှု ဟူသော ၃-ပါးသော ဣရိယာပုထ်များ လျော့နည်းခဲ့ရပေသည်။ ဣရိယာပုထ် မမျှတခြင်းသည်လည်း အနာရောဂါများအား ဖြစ်ပွားစေလေသည်။

ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်းများသည် ကျန်းမာရေးအား များစွာအထောက်အကူ ပြုပေသည်။ လမ်းလျှောက်ခြင်းကြောင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မှတ်သားရပေသည်။
၁။ ပင်ပန်းစွာ လုပ်ကိုင်နိုင်ခြင်း။
၂။ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ညီညွတ်မျှတစေခြင်း။
၃။ လေကောင်းလေသန့်များ ရရှိခြင်း။
၎။ စားသောက်ကောင်းမွန် နှုတ်မြိန်စေခြင်း။
၅။ စိတ်ပင်ပန်းမှု သက်သာစေခြင်း၊ လန်းဆန်းစေခြင်း။

ထို့ကြောင့် ဆီးချိုရောဂါဖြစ်စေတတ်သော အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ရသည့် အခြေအနေအား နေ့စဉ်လုပ်ငန်းများ ပြီးဆုံးချိန်တွင် ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်းများ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်တွင် စွဲကပ်လာနိုင်သည့် ဆီးချိုရောဂါအား တွန်းလှန်သွားရမည် ဖြစ်ပေသည်။ ဖြစ်နိုင်လျှင် တနေ့လျှင် ၂-မိုင်မျှ လမ်းလျှောက်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး လူမျိုးအဖြစ် ဂျပန်လူမျိုးများကို သတ်မှတ်ထားကြသည်။ ဂျပန်အမျိုးသမီးများ၏အသက် ပျမ်းမျှ ၈၄-နှစ်ဖြစ်ပြီး ဂျပန်အမျိုးသားများ၏အသက် ပျမ်းမျှ ၇၈-နှစ် ရှိကြသည်။ ကမ္ဘာ့နိုင်ငံများ၏ အမျိုးသမီးများတွင် ၁၇-နှစ်တိတိ ဂျပန်အမျိုးသမီးများသည် ထိပ်ဆုံးမှနေရာယူထားပြီး အမျိုးသားများကလည်း ၂-နှစ်ဆက်တိုက် ထိပ်ဆုံးမှနေရာယူထားကြကြောင်း ၂၀၀၁-ခုနှစ် သြဂုတ်လ ၁-ရက်နေ့တွင် တိုကျိုမြို့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဂျပန်ပြည်ရောက် မြန်မာလူမျိုးများ၏ ပြောကြားချက်အရ ဂျပန်လူမျိုးများသည် အောက်ပါအချက် ၃-ချက်ကြောင့် အသက်ရှည်ကြရပေသည်ဟု ယူဆရကြောင်း သိရပေသည်။
၁။ ဇိမ်မခံဘဲ မနေမနား ဖျတ်လတ်သွက်လက်စွာ အလုပ်လုပ်နေခြင်း၊ လမ်းလျှောက်ရာတွင်ပင် ဖြည်းဖြည်း နှေးနှေး မလျှောက်ဘဲ ရင်ကော့ ခေါင်းမော့၍ မြန်မြန်ဆန်ဆန် လမ်းလျှောက်ခြင်း၊ လုပ်ငန်းခွင်မ၀င်မီ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ရခြင်း။
၂။ ဟင်းသီးဟင်းရွက်နှင့် ငါးများအား ရေလုံပြုတ်သဘောမျိုးသာ စားသောက်ခြင်း။
၃။ ရေနွေးစိမ်ပြီး ရေချိုးလေ့ရှိခြင်း။
(ရေနွေးနှင့် ရေချိုးလျှင် အကြောအချဉ်များ ပိုမိုပျော့ပျောင်း ပြေလျော့စေပါသည်)။
၎။ အသေးအဖွဲကိစ္စများအား ရေးကြီးခွင်ကျယ် သဘောမထားဘဲ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ နေထိုင်တတ်ခြင်-တို့ ဖြစ်ကြသည်။

အထက်ဖော်ပြပါ အ၀လွန်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် စားသောက်ခြင်းနှင့် အချိန်များစွာ ထိုင်ရင်းအလုပ်လုပ်ရခြင်းတို့သည် ဆီးချိုရောဂါဖြစ်စေတတ်သည်ဆိုလျှင် ဆီးချိုမဖြစ်အောင် ကျွန်ုပ်ဆွေးနွေး အဖြေရှာ ဖော်ထုတ်ခဲ့သည်။ အလွန်မ၀အောင်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပြီး ကျန်းမာရေးလေ့ကျင့်ခန်းများ လမ်းလျှောက်ခြင်းများ ပြုလုပ်ပြီး ရောဂါမဖြစ်အောင် ကာကွယ်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။ ဘယ်သူမပြု မိမိမှုပင် ဖြစ်ပါသည်။ ဆီးချိုရောဂါအားလည်း မိမိဖိတ်ခေါ်၍ ယူလာခြင်းဖြစ်ပါသည်။ မိမိကကြိုတင်ကာကွယ်ထားလျှင်လည်း လာနိုင်တော့မည် မဟုတ်ချေ။

မြင်းခြံ ကျော်အောင်
(ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဇန်န၀ါရီလ)

No comments: