Tuesday, September 14, 2010

လူ့ဘဝတွင် အောင်မြင်မှုကို ရလိုသော်

သက်ရှိလူသားလောကတွင် မလုပ်ဆောင်ဘဲနေသောကြောင့် ဖြစ်ပေါ်လာသည့်အပြစ်နှင့် လုပ်ဆောင်မှုအမှားကြောင့် ရရှိလာသော ကျူးလွန်ခြင်းဆိုသည့် အပြစ် နှစ်ခုရှိလေ၏။
ထိုအပြစ်နှစ်ခုတို့အကြားတွင်တည်ရှိသော ကြီးလေးသည့်အပြစ်တခုလည်း ရှိသေး၏။ ယင်းမှာ နေ့ရွှေ့ ညရွှေ့ခြင်း (Procrastination) အပြစ်ပင်တည်း။

ကျွန်တော်သည် ထိုနေ့ရွှေ့ညရွှေ့ခြင်း အလေ့အထတည်းဟူသော အပြစ်ဆိုးနှင့်အတူ မွေးဖွားလာသူ ဖြစ်လေ၏။ ကလေးဘဝမှစပြီး နေ့ရွှေ့ညရွှေ့သော အလေ့အထဆိုးဆိုင်ရာ အပြစ်ရှိလာခြင်းမှာ ကျွန်တော့ဘဝအတွက် တိုးတက်မှု ငုံးတိဖြစ်စေသည်ဟု ဆိုရမည်ဖြစ်၏။ ထို့ပြင် အရွယ်ရောက်လာသည်နှင့်အမျှ အထက်ပါမကောင်းသော အလေ့အထက ကျွန်တော့်အတွက် ပို၍ဆိုးလာလေ၏။ ထို့ကြောင့် ကျွန်တော့်မှာ အချိန်တိုင်းလိုလိုတွင် ကိုယ်ပြီးစီးအောင် လုပ်ဆောင်ရမည့် အလုပ်တာဝန်၏ နောက်တွင်ရှိနေပြီး ကြာလာသောအခါတွင် အလုပ်တာဝန်က ကျွန်တော့်ကို ကြီးလေးစွာ ဖိ၍လာလေ၏။

စိတ်ပညာရှင်တို့က ဆိုးသောအလေ့အထတရပ်ကို အသက် ၅၀-အရွယ်ရောက်မှ ကုစားပစ်ရမည်ဆိုသည်မှာ မဖြစ်နိုင်သောကိစ္စ ဟုပင် သတ်မှတ်၍ထားကြလေ၏။ သို့သော် ကျွန်တော်သည် ထိုနေ့ရွှေ့ညရွှေ့ခြင်းဟူသော အကျင့်ဆိုးကို အသက် ၅၀-သို့ရောက် ရှိသောအခါမှပင် လုံးဝပပျောက်သွားအောင် ကုစားနိုင်ခဲ့သူဖြစ်ပါ၏။

တနေ့သောစနေ၏ ညနေစောင်းတွင် နွေရာသီအပန်းဖြေ ဟိုတယ်တခု၏ ဝရန်တာ၌ထိုင်လျက် စာဖတ်နေသော ကျွန်တော်သည် လူတယောက်က သူ့မိသားစုတို့အား စကားပြောနေသည့် အသံကို ကြားရလေ၏။ ထိုလူက ယနေ့ညနေပင် ခရီးထွက်ရမည်လော၊ သို့မဟုတ်-နောက်နေ့ညနေထွက်မည့် သင်္ဘောနှင့် သွားရမည်လော၊ ယနေ့တရက် ရွှေ့ဆိုင်းကာ စောင့်နေရဦးမည်လော စသည်ဖြင့် မဆုံးဖြတ်နိုင် ဖြစ်သည့်စကားတို့ကို ပြောဆို၍ နေလေ၏။

မိုးလေဝသ အခြေအနေက ယနေ့ကောင်းနေ၏။ ထိုလူက နောက်တနင်္ဂနွေနေ့ ညနေတွင် ပို၍ကောင်းမည်ဟု ယူဆလေ၏။ ထိုလူ၏ သွားမည့်ခရီးကို မဆုံးဖြတ်နိုင်ခြင်းသည် ကျွန်တော့်အား စိတ်ကသိကအောက် ဖြစ်စေလေ၏။
ခုလို သာယာသော ညနေခင်းတွင် ထွက်ခွါမည့်သင်္ဘောဖြင့် ချက်ချင်းလိုက်သွားသင့်ပါ၏။ ခင်ဗျားအနေနဲ့ ဘာကြောင့် မဆုံးဖြတ်နိုင်ဘဲ နေ့ရွှေ့ညရွှေ့ ဖြစ်နေရတာလဲ-ဟု ကျွန်တော်သည် ထိုလူစိမ်းအား စိတ်ထဲမှ ပြစ်တင်ပြောဆိုမိလေ၏။

ထို့အပြင် ကျွန်တော့်အနေနဲ့လည်း ထိုကဲ့သို့ မဆုံးဖြတ်နိုင်မှုဆိုင်ရာ အပြစ်များရှိကြောင်း မြင်ယောင်၍လာမိလေ၏။ ကျွန်တော့်အပြစ်က ဤကိစ္စကို ဆောင်ရွက်မည်၊ မဆောင်ရွက်မည် ရွှေ့ဆိုင်းခြင်းမဟုတ်။ ထိုကိစ္စကို ဆောင်ရွက်ရန် ဆုံးဖြတ်မှုကို ရွှေ့ဆိုင်းနေခြင်း ဖြစ်လေ၏။ ကျွန်တော်သည် နေ့ရွှေ့ညရွှေ့ဟူသည်၏ အပြစ်ကို ပထမအကြိမ်စတင်၍ မြင်တွေ့လာလေ၏။

အင်း-ဟုတ်သားပဲ-ဟု ကျွန်တော်သည် မိမိကိုယ်ကိုမိမိ ပြောဆိုကာ လုပ်ဖို့ရှိလာလျှင်တော့ လုပ်ကိုလုပ်ရမယ်ပေါ့၊ ဖြစ်သင့်တာက လုပ်တော့မယ်ဆိုတာကို ဆုံးဖြတ်ချက် ချလိုက်ဖို့ပဲ။
ကျွန်တော့်အနေနဲ့ အလုပ်ကိစ္စတခုခုကို ယခုမပြုလုပ် မဆောင်ရွက်သေးဘူးဆိုလျှင် ဘယ်တော့လုပ်ဆောင်မည်ကို ဆုံးဖြတ်ချက်ချရမည်။ ထို့ပြင် လိုအပ်သည်မှာ ယင်းအလုပ်ကို ဆုံးဖြတ်ထားသောအချိန်တွင် ပြီးစီးအောင် လုပ်ဆောင်နိုင်ရမည်ဖြစ်၏။

ပထမတွင် ကျွန်တော်သည် မိမိအတွက် မိမိကိုယ်တိုင် စည်းတခု သတ်မှတ်ထားလိုက်၏။
ငါ့အနေနဲ့ ဒီအလုပ်ကို ယခု မလုပ်လိုသေး၊ ဒါပေမယ့် ဒီအလုပ်ကို ငါ ည ၈-နာရီတွင် လုပ်ရမည်။
ထို့နောက် ည ၈-နာရီရောက်သောအခါတွင် အလုပ်ကို ဆုံးဖြတ်ချက်အတိုင်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်အောင် တွန်းအားပေးပြီး လုပ်ကိုင်မည်ဟု ယူဆထားလေ၏။ ထို့နောက် ကျွန်တော်သည် မိမိကိုယ်မိမိ အောက်ပါအတိုင်း သတိပေး တိုက်တွန်းမိလာခဲ့လေ၏။

ငါ ဘာကြောင့် ၈-နာရီရောက်အောင် စောင့်ရမှာလဲ၊ ခုလုပ်လိုက်ရင်ကော မဖြစ်ဘူးလား။ သို့ဖြင့် ကျွန်တော်သည် သတ်မှတ်ချက်ပါအတိုင်း ၈-နာရီမတိုင်မီစော၍ လုပ်ကိုင်ပြီးစီးသွားလေ၏။
ကျွန်တော်သည် နေ့ရွှေ့ညရွှေ့ခြင်းက ဘယ်သောအခါဆိုသောပြဿနာထက် ပိုလွန်ဒုက္ခပေးနိုင်ကြောင်း စတင်သိရှိလာလေ၏။ ထို့နောက် ကျွန်တော်သည် ဘယ်မှာလဲ၊ ဘာဖြစ်သလဲ၊ ဘယ်သူနှင့်လဲ၊ ဘာကြောင့်လဲ စသည့်မေးခွန်းတို့ကို အဖြေထုတ်၍ အသုံးချလာနိုင်ခဲ့လေ၏။

ငါသည် ဤအရာနှင့်ပတ်သက်၍ ဘာကိုလုပ်ဆောင်ရမည်လဲ။
ငါသည် လုပ်ဖော်ကိုင်ဖက်အဖြစ် ဘယ်သူ့ကို ဖိတ်ခေါ်သင့်သလဲ။
ငါသည် ဤအလုပ်ကို ဘယ်မှာ၊ ဘယ်အချိန်မှာ စတင်လုပ်ဆောင်ရမည်လဲ။
ငါ ဘာကြောင့် ဒီလိုမလုပ်ခဲ့တာလဲ။
အထက်ပါမေးခွန်းတို့ကို ဖြေဆိုခြင်းသည် ကျွန်တော့်အတွက် လုပ်ငန်းပြီးမြောက်မှုဆိုင်ရာ သော့ချက်ပင်ဖြစ်ပါ၏။ ကျွန်တော်သည် ထိုအဖြေများအရ လုပ်ဆောင်ရမည့်ကိစ္စတို့ကို ကိုယ်တိုင်တင်းကျပ်စွာ စေခိုင်းလုပ်ကိုင်ခဲ့ပါ၏။ ကျွန်တော်သည် နေ့ရွှေ့ညရွှေ့ (Procrastination) လုပ်တတ်သူ ကမ္ဘာ့လူဆိုးကြီးဘဝမှ လွတ်မြောက်ကာ လုပ်ငန်းဆောင်တာတို့ကို သတ်မှတ်ချိန်ထက် စောစီးစွာပြီးစီးနေသည်ကို ယခုအခါတွင် စိတ်ချမ်းသာစွာ တွေ့နေရပြီဖြစ်ပါ၏။

ဟိုတယ်၏ ဝရန်တာပေါ်တွင် တွေ့ရသည့် မိသားစုတို့ကမူ ရာဦဥတုသာယာသည့် စနေနေ့ညနေတွင် ခရီးမထွက် ဖြစ်ခဲ့ကြပါ။ တနင်္ဂနွေနေ့တွင် မိုးပြင်းထန်စွာ ရွာပြီး ရာသီဥတုဆိုးလာ၍ တဖန် ရက်ရွှေ့ခဲ့ကြရသည်ကို ထိုစဉ်က ကျွန်တော် တွေ့ခဲ့ရသည်ကို ယခုအချိန်အထိ သတိရလျက်ရှိပါ၏။

နောက်နောင်တွင် ထိုမိသားစု၏ ဖခင်ဖြစ်သူအနေဖြင့် အပြစ်ကျူးလွန်ခြင်းနှင့် မလုပ်ဘဲနေ၍ အပြစ်ဖြစ်ရခြင်းဆိုသည့် အဆိုးနှစ်ခုတို့အကြားတွင်ရှိ ထိုအရာတို့ထက် ပို၍ဆိုးသော နေ့ရွှေ့ညရွှေ့ခြင်း (Procrastination)ဆိုသည့် အကျင့်ဆိုးကို လက်ကိုင်ထားသည့် ဘဝမှ လွတ်မြောက်ကာ ကျွန်တော်ကဲ့သို့ ဘဝ၏အောင်မြင်မှုကို ရယူနိုင်ပါစေဟု ဆန္ဒပြုအပ်ပါ၏။

ပုသိမ်မြင့်ဝေ
(မြဝတီမဂ္ဂဇင်း ၂၀၀၂-ခု သြဂုတ်လ)

No comments: