Wednesday, September 15, 2010

ရတနာပုံခေတ် နှစ်ပေါင်း ၁၄၀-ကျော်သက်တမ်းရှိ သင်္ဂဇာသစ်စားကျောင်းတော်ကြီးနှင့် သင်္ဂဇာဆရာတော်

မန္တလေးမြို့ပေါ်တွင် ရတနာပုံခေတ် သစ်သားကျောင်းတော်ကြီးများ စာရင်းပြုစုလျှင် များများစားစားရှိမည်မဟုတ်ချေ။ ရွှေနန်းတော်ကျောင်း၊ သာကဝန် ကင်းဝန်မင်းကြီးကျောင်း၊ ဗန်းမော်မိဖုရားကျောင်း၊ ကြေးမြင်မိဖုရားကျောင်း၊ ပြည်တိုက်၊ ပြည်ကျောင်းကြီး၊ ပင်းသာမင်းသားကျောင်း၊ မဟာမင်းထင်ကျောင်းကြီးနှင့် နန်းဦးတိုက် စားတော်ဝန်မင်းကျောင်း စသည်တို့ကို တွေ့မြင်နိုင်ကြပါ၏။

ဤကျောင်းကြီးများသည် ကံကောင်းသော ကျောင်းကြီးများဟု ဆိုအပ်၏။ ဒုတိယကမ္ဘာစစ်ဘေးက ကင်းလွတ်ခဲ့၏။ သဘာဝမီးဘေးက လွတ်ကင်းခဲ့၏။ ထို့ကြောင့် ကျွန်ုပ်တို့ နှစ် ၁၄၀-ကျော် ၁၅၀-က သစ်သားကျောင်းဆောင်ကြီးများ၊ မြန်မာ့ဘုန်းတော်ကြီးကျောင်းများ၏ ထည်ဝါမှု၊ ဗိသုကာလက်သမားအတတ် စွမ်းပကားများကို အံ့သြလောက်အောင် တွေ့မြင်လေ့လာနိုင်ကြပါ၏။ တန်ဖိုးမဖြတ်နိုင်သော ကျောင်းတော်ကြီးများလည်း ဖြစ်ကြပါ၏။

ယင်းကျောင်းတော်ကြီးများအနက် မန္တလေးမြို့ အနောက်ပြင် သင်္ဂဇာကျောင်း အရှေ့ဘက်ကမ်း၊ ချမ်းအေးသာဇံမြို့နယ်၊ ဒေးဝန်း အနောက် ၃၅-လမ်း၊ မြောက်ဘက်တွင် တည်ရှိ၏။ အမရပူရ နေပြည်တော်မှ မန္တလေးမြို့ ရတနာပုံနေပြည်တော်ကို တည်ထောင်စိုးစံကာ မင်းတုန်းမင်းကြီးသည် ရွှေနန်းတော်နှင့်အတူ အမရပူရမှ ဘုန်းတော်ကြီးကျောင်းတိုက်များကိုလည်း မန္တလေးသို့ ရွှေ့ပြောင်းစေသည်။

ရှေးဦးစွာ နန်းဦး၊ နန်းရှေ့ရှိ မဟာဝိသုတာရာမတိုက်ကို စတင်ဆောက်လုပ်သည်။ သာသနာပိုင်ဆရာတော် သီတင်းသုံးရန် ကျောင်းတိုက်ဖြစ်သည်။ ယနေ့သော် အုတ်ခုံကြီးများသာ ကျန်တော့သည်။
မင်းတုန်းမင်းကြီးသည် အနောက်ပြင်တွင် ဒေးဝန်း အနောက်ရပ်၌လည်း ကျောင်းတော်ကြီးတဆောင် ဆောက်လုပ်သည်။ သက္ကရာဇ် ၁၂၂၃-ခုနှစ် မန္တလေးမြို့တည်ပြီး တနှစ်အကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ထည်ဝါခမ်းနားလှသော ကျောင်းတော်ကြီး အဖြစ်တွေ့မြင်နိုင်ကြသည်။

သင်္ဂဇာကျောင်းကြီးကို သံတော်ဆင့် မိုင်းကိုင်မြို့စား မင်းလှသီရိဇေယျသူ၊ သစ်တောအခွန်မင်းကြီး မဟာမင်းကျော်-မင်းလှစည်သူ၊ ပြည်လုံးအံ့လှော်ကား ထောင်ကဲမင်းလှဇေယျကျော်သူတို့အား ကြီးကြပ်ကွပ်ကဲတည်ဆောက်ခဲ့သော ကျောင်းကြီး ဖြစ်သည်။
သင်္ဂဇာကျောင်းကြီး၏အမည်မှာ မင်္ဂလာရတနာ ဘုံစံကျောင်းဟူ၍ ကမ္ပည်းတင်ခဲ့သည်။ ပုဂံခေတ် မင်းရှင်စော၏ဆရာ သင်္ဃရာဇာ မထေရ် နေထိုင်ခဲ့သည့်နေရာကိုအစွဲပြု၍ သင်္ဂဇာချောင်း၏အမည်တွင်သော ချောင်းကမ်းပါးထိပ်တွင် မင်းတုန်းမင်းက ဆောက်လုပ်လှူဒါန်းခဲ့သည်။

ကျောင်းတော်ကြီးတခုလုံး ကျွန်းတိုင်လုံးကြီးများ၊ ထုပ်လျောက်များခံလျက် မြန်မာ့နည်း မြန်မာ့ဟန် သက်သက်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါ၏။ ကျောင်းတော်ကြီး၏ အတွင်းခန်းများ၊ နံရံအပြင် ပြတင်းတံခါးပေါက် ရုပ်လုံးရုပ်ကြွလက်ရာများ၊ အမွမ်းပန်းများဖြင့် ရွှေပိန်းချထားသည့်လက္ခဏာများ တွေ့ရသည်။
ကျောင်းဦးပြသာဒ်မှာ ဘုံခုနစ်ဆင့်ဖြစ်သည်။ အမွမ်းပန်းများ ယိုယွင်းပျက်စီး၍ မရှိတော့ပေ။ ကျောင်းကြီးမှ ရှေးဟောင်းလက်ရာများ၊ ရုပ်ပွားတော်များ စစ်အတွင်း မသမာသူများ ခိုးယူခံရသည်မှာ အမြောက်အမြားဖြစ်သည်ဟု ကျောင်းတိုက်ရှိဆရာတော်များက မိန့်ကြားသည်။

ကျောင်းတော်ကြီး၏ ဖွဲ့စည်းပုံမှာ အမိုး သုံးထပ် လည်ပေါ်နှစ်ဆင့်ခံပြီး စမြင်နှစ်ဖက်ချထားသည်။ ကျောင်းဦးပြာသာဒ် လက်ရာမြောက် ခိုင်ခံလှသည်။ ဗိသုကာလက်ရာ ကောင်းလှသဖြင့် သုတေသီများ၊ ဗိသုကာပညာရှင်များ၊ လာရောက်လေ့လာ မှတ်သားကြသည်ဟု ဆရာတော်က ရှင်းပြသည်။

သို့သော် ကျောင်းတော်ကြီးမှာ ယိုင်လျက်ရှိသည်။ ကြမ်းခင်းပျဉ်ပြားကြီးမှာ ဖရိုဖရဲရှိနေသည်။ နေစား၊ ရေစားသဖြင့် အချို့နေရာ ပေါက်ပြဲနေသည်။ ဝရန်တာလက်ရန်းများမှာ တိုင်အချို့ စကျင်ကျောက်သား ဖုံးအုပ်ထားသည်။ ဇေတဝန်ဆောင်မကြီးမှာ အတွင်းခန်း မှောင်မည်းနေသည်။ ကဲလားတံခါးကြီးများ ကောင်းသေးသည်။ နှစ်ကာလရှည်လျားလာပြီဖြစ်၍ ယိုင်နဲ့လာခြင်း ဖြစ်သည်။

ပလ္လင်တကဲနှင့် ရုပ်ပွားတော်ကြီးများလည်း ဖူးတွေ့ရသည်။ ဇေတဝန်ဆောင်နှင့် အနောက်ဘက်အရံ အဆောင်ကြီးမှာလည်း တောင်မြောက်ရှည်လျားလှသည်။ ထူးခြားမှုမှာ ရွှေနန်းတော်ကျောင်းကြီးကဲ့သို့ ပြတင်းပေါက်တံကဲပန်းများ၊ သိကြားရုပ်၊ နတ်ရုပ် လက်အတင်အချဟန် အမျိုးမျိုးတွေ့ရရာ စိတ်ဝင်စားဖွယ် ပန်းပုပညာရပ်ဖြစ်သည်။
သရက်ကင်းလှေကားကြီး ငါးစင်းပါရှိသည်။ မြောက်ဘက်အုတ်လှေကား နှစ်စင်း၊ အနောက်ဘက်မှ တစင်း၊ အသုံးပြုလျက်ရှိသည်။ ကျောင်းတော်ကြီး၏ အရှေ့တောင်ထောင့်တွင် ပိဋကတ်တိုက်ကို အုတ်အင်္ဂတေဖြင့် တည်ဆောက်ခဲ့လေရာ ရတနာပုံခေတ် အင်္ဂတေပန်းများကို တွေ့မြင်နိုင်သည်။

သင်္ဂဇာကျောင်းကြီး၏ ထူးခြားမှုဖြစ်သည်။ ကျောင်းဦးအရှေ့ထိပ်မှာ ကျွန်းသစ်လုံးတလုံးတည်းဖြင့် ထုဆစ်ထားကာ ဟင်္သာရုပ် တံခွန်တိုင်ကြီးရှိသည်။ အောက်ခြေ၌ သိကြားရုပ် ငါးရုပ်ရှိသည်။ ၂-ရုပ် ပျောက်ဆုံးသွား၍ အသစ်ထပ်မံ တည်ဆောက်လိုက်ပြီဖြစ်သည်။
ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ ကြီးကြပ်၍ တံခွန်တိုင်ကြီး ပြန်လည်ထူမတ်လှူဒါန်းပြီး ဖြစ်သည်။ ယခုအခါ သင်္ဂဇာကျော်င်းတော်ကြီးကို ရှေးဟောင်းသုတေသနဌာနမှ ထိန်းသိမ်းစောင့်ရှောက်၍ အောက်ခြေပျက်စီးယိုယွင်းနေသော ကျွန်းတိုင်များအား အစားထိုးပြုပြင်ထားသည်။ ကျောင်းဦးပြာသာဒ် အခြေတွင်လည်း သန့်ရှင်းသာယာအောင် ပြုပြင်မွမ်းမံ ထားသည်။

သင်္ဂဇာကျောင်းတော်ကြီးမှာ ဒုတိယကမ္ဘာစစ်တွင်းက ဂျပန်ဗုံးကြဲလေယာဉ်များ မီးကျည်ဖြင့် ပစ်ခတ်သော်လည်း မီးကျည်မထွက်၊ မီးလောင်ခြင်း မရှိခဲ့ပေ။ ယင်းသို့ မီးမလောင်ခြင်းမှာ ကျောင်းကြီးပေါ်ရှိ တန်ခိုးကြီး ရုပ်ပွားတော်များ ကိန်းဝပ်နေသောကြောင့် မီးမလောင်ခြင်း ဖြစ်သည်ဟု အလယ်ကျောင်းကြီးဆရာတော် ဦးတေဇောဘာသ-က ရှင်းပြသည်။

သင်္ဂဇာကျောင်း၏ မြောက်ဘက်ရှိ အကောက်ဝန်မင်း ကျောင်းကြီးမှာမူ မီးကျည်ထိမှန်၍ မီးလောင်ပျက်စီးသွားခဲ့သည်။ သင်္ဂဇာ ကျောင်းတော်ကြီး၏အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်မှုမှာလည်း အံ့သြလောက်ဖွယ်ရှိသည်။
ဘုရားခန်းအဝင် ကနုတ်ပန်းဆွဲများဖြင့် တည်ဆောက်ထားသည်။ အတွင်းတိုင် ခါးပန်းများ တိုင်ခြေများတွင်လည်း ပန်းပုလက်ရာ များဖြင့် တပ်ဆင်ထားသည်ကို ခမ်းနားထည်ဝါစွာတွေ့ရသည်။

သင်္ဂဇာဆရာတော်ဘုရားကြီးသည် ဤကျောင်းတော်ကြီး ဆောက်လုပ်ပြီးနောက် မင်းတုန်းမင်း၏ ပင့်လျှောက်ချက်အရ အင်းဝမှ ကြွရောက်သီတင်းသုံးတော်မူသည်။ ကျောင်းတင်လှူပွဲနှင့်အတူ ဓမ္မာလင်္ကာရကဝိဓဇ မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော် ကပ်လှူပူဇော်သည်။
ထို့ပြင် အရှေ့ပြင် ဝဇီရာရာမတိုက်ကိုလည်း တင်လှူခဲ့ကြောင်း မှတ်သားရသည်။ ဆရာတော်သည် သင်္ဂဇာရာမ၊ ဝဇီရာရာမ နှစ်ဌာနတွင် ခြောက်ဝါ သီတင်းသုံးတော်မူသည်။ ဆရာတော်သည် စကားအရာ၌ ကျွမ်းကျင်လိမ္မာလှသော မင်းဆရာတော် ဖြစ်တော်မူသည်။ မင်းတုန်းမင်းက နန်းတော်သို့ပင့်၍ ဆွမ်းကပ်လှူခံရသော ဆရာတော်တပါးဖြစ်သည်။ သက်တော် ရလာသောအခါ အရညဝါသီ တောမီလိုစိတ်များ ရှိလာသည်။

စစ်ကိုင်းတောင် လောကမှန်ကင်း စသော အရပ်တို့၌ ပြောင်းရွှေ့သီတင်းသုံး တရားကျင့်ကြံအားထုတ်တော်မူသည်။
မန္တလေးအရှေ့ပြင် ဝဇီရာရာမတိုက်တွင် တပည့်ရဟန်းသံဃာများအား စာပေပို့ချပြီးနောက် ပညာသီရိ သဒ္ဓမ္မဓဇရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား လွှဲအပ်ခဲ့သည်။
သင်္ဂဇာတိုက်ကိုလည်း ပရိယတ္တိ ဝါသာရဒသန္တိမန္တဝံသာနုရက္ခိတ သာသနောပကာရဖြစ်သော တပည့်ရင်းချာ ဓမ္မာစာရိန္ဒာဘိသိရိ ဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု နာမရှိသော ဆရာတော်အား လွှဲအပ်ခဲ့သည်။ ဆရာတော်သည် ဤမှစစ်ကိုင်းကြက်ထောင့်တွင် တဝါဆိုသည်။ စတုရာရက္ခကျမ်းကိုလည်း ရေးသားပြုစုသည်။

မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ဆရာတော်သည် ရန်ကုန်သို့ကြွသည်။ မဟာဓမ္မဒိပါကာရာမတိုက်တွင် ပရိယတ္တိသာသနာ ထွန်းကားအောင် တရားဓမ္မဆုံးမ စာပေပို့ချခဲ့သည်။
ဥပါသကောဝါဒ စာကိုယ်နှင့် ၄င်းဋီကာ ကာယပစ္စက္ခေဏာ ကျမ်းများရေးသားပြုစုသည်။ ဆရာတော်သည် ရန်ကုန်မှ မော်လမြိုင် ကြွရောက်ပြီး ကျိုက်သလ္လာစေတီတော်ရှေ့မြောက် ဓမ္မဝိလာသနီ သိမ်တော်ကြီးသမုတ်ခဲ့သည်။
မော်လမြိုင်တွင် သီတင်းသုံးနေစဉ် သီပေါမင်းက နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူရန် ဝဇီရာရာမဆရာတော်အမှူး ပြု၍ ဆရာတော် ၃-ပါး၊ လွှတ်တော်စာရေးကြီး မင်းလှသီရိရာဇာ၊ သံတော်ဆင့် မင်းလှမင်းခေါင် ဇေယျသူတို့အား ပင့်ဆောင်စေသည်။

ဆရာတော်သည် နေပြည်တော်သို့ ကြွရောက်၍ သီပေါမင်းအား သြဝါဒပေးတော်မူသည်။ နေပြည်တော်တွင် သီးတင်းသုံးရန် အကြိမ်ကြိမ်လျှောက်ထားသော်လည်း လက်မခံဘဲ ဆရာတော်သည် ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွသည်။
၁၂၄၇-ခုနှစ် နတ်တော်လဆန်း ၅-ရက်၊ မော်လမြိုင်သို့ ကြွရောက်သည်။ သီပေါမင်း ပါတော်မူပြီး နောက်တနှစ် ၁၂၄၇-ခုနှစ် ဝါခေါင်လဆန်း ၁၀-ရက် သက်တော် ၇၂၊ ဝါတော် ၅၂-ဝါအရတွင် ဘဝနတ်ထံ ပျံလွန်ရှာသည်။

ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိကျောက်စာကို ကျိုက်သလ္လာဘုရားအနီး စေတီ၌ ကျောက်စာသံပိုင်း ရေးထိုးထားသည်။ ဆရာတော်ဘုရားကြီး သီတင်းသုံးရာ သင်္ဂဇာကျောင်းတော်ကြီးကား ယခုအခါ သတိရဖွယ် မားမားမတ်မတ် ပြုပြင်နေလေပြီ။

နတ်မောက် ထွန်းရှိန်
(မြဝတီမဂ္ဂဇင်း ၂၀၀၃-ခု ဧပြီလ)

No comments: