Sunday, September 5, 2010

ရုရှ စာရေးဆရာကြီး တော်စတွိုင်းနှင့် သက်သတ်လွတ်စားခြင်း

စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုကြီးကို ရေးသားသော ကမ္ဘာကျော် ရုရှစာရေးဆရာကြီး တော်စတွိုင်း(ခရစ် ၁၈၂၈-၁၉၁၀) သည် သက်သတ်လွတ်စားသုံးသူတဦး ဖြစ်သည်။ အဆိုပါ စာရေးဆရာကြီး တော်စတွိုင်း၏ နှမတယောက်သည် အသားစားခြင်းကို အလွန်ခင်မင်နှစ်ခြိုက်လျက် သက်သတ်လွတ်အစာကို အလျဉ်းမစားနိုင်သူ ဖြစ်သည်။

တနေ့သ၌ ထိုနှမသည် တော်စတွိုင်း၏အိမ်သို့ အလယ်အပတ် ရောက်လာသည်။ ဆရာကြီးတော်စတွိုင်း၏ သားသမီးများက မိမိတို့အိမ်မှာ အသက်သတ်လွတ်စားသောအိမ် ဖြစ်သဖြင့် မည်သို့ ဧည့်ခံကျွေးမွေးရမည်ကို မသိသဖြင့် ဖခင်ကြီးအားမေးမြန်းသည်။

ထိုအခါ တော်စတွိုင်းက ကြက်တကောင်ကို နှမဖြစ်သူ (ဧည့်သည်) ထိုင်မည့်နေရာနားရှိ စားပွဲခြေထောက်တွင် ချည်နှောင်ထားစေသည်။ အနီးအနား၌ သားလှီးဓားတချောင်းကိုလည်း ထားစေသည်။

နှမရောက်လာ၍ ထမင်းစားပွဲ၌ ထိုင်သောအခါ တော်စတွိုင်းက နှမလေးဟာ အသားကို ဘယ်လောက်ကြိုက် နှစ်သက်တယ်၊ ဘယ်လောက်စွဲလမ်းတယ်ဆိုတာကို သိပါတယ်။ အကိုကြီးတို့ကလည်း ဧည့်ဝတ်ကျေအောင် ပြုစုလိုပါတယ်။ သို့သော်လည်း အိမ်မှာ အသက်သတ်ဖို့လူက တယောက်တလေမျှ မရှိလို့ အခက်ကြုံနေရ ပါတယ်။ ဒါကြောင့် အသားရရှိဖို့အတွက် နှမလေးကိုယ်တိုင် လုပ်ဆောင်မှ အောင်မြင်နိုင်မယ့် နည်းလမ်းတခုပဲ ရှိပါတယ်-ဟု ဆိုသည်။ ထို့နောက် သားလှီးဓားနှင့် ကြက်ကို ညွှန်ပြသည်။

ထိုအခါ တော်စတွိုင်း၏နှမသည် ကြက်ကိုမသတ်ရဲတော့ပေ။ စားပွဲပေါ်ရှိ ဟင်းသီးဟင်းရွက်စသော အသက်သတ်လွတ် အစာများကိုသာ မှီဝဲလျက် ရောင့်ရဲတင်းတိမ်ခဲ့ရပေသည်။
အကိုး။ ။ တိပိဋကဓရ ယောဆရာတော် (မင်းယုဝေ)

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

No comments: