Tuesday, September 28, 2010

အပါယ်ဘုံသား နှင့် လူ, ဝိနိပါတိက အသုရာနတ်တို့၏ အသက်တမ်း

အပါယ်ဘုံသား နှင့် လူ, ဝိနိပါတိက အသုရာနတ်တို့၌ အသက်တမ်း အမြဲမရှိ။
ထိုတွင် ငရဲ, ပြိတ္တာ အသုရကာယ်တို့၌ ကံသာလိုရင်းတည်း။
ကံမကုန်သေးသမျှ နှစ်ပေါင်းမည်မျှပင်ကြာသော်လည်း မလွတ်နိုင်ကြချေ။
ကံကုန်လျှင်ကား တခဏချင်း လွတ်နိုင်၏။
သီဟိုဠ်ကျွန်းဝယ် ဥပါသကာတယောက်သည် စေတီတော်အား သင်္ကန်းလှူပြီးနောက် မကြာမီ စုတေ၍ အကုသိုလ် အတွက် ငရဲသို့ရောက်သွားလေရာ, မီးတောက် မီးလျှံများကို မြင်လျှင် သင်္ကန်းကို သတိရ၍ ချက်ချင်းလွတ်ခဲ့ရလေသည်။
အရှင်ဒေဝဒတ်မှာ အဝီစိငရဲ၌ အာယုကပ်တိုင်အောင် ခံရှာရဦးလတံ့။
ပြိတ္တာ နှင့် အသုရကာယ်များလည်း ဤနည်းအတိုင်းပင်တည်း။
တိရစ္ဆာန်များနှင့် လူတို့၌ အသက်တရာတမ်း, (၇၅)နှစ်တမ်း စသည်ဖြင့် ခန့်မှန်းအပ်သော အသက်အတိုင်းအရှည် ရှိ၏။
သို့သော် ထိုအသက်တမ်းသည် ရံခါ (၁ဝ)နှစ်တမ်း တိုင်အောင်ပင် ဆုတ်၍, ရံခါ အသင်္ချေတမ်းတိုင်အောင် တိုးသဖြင့် တိုးချည် ဆုတ်ချည် အမြဲမတည်သောကြောင့်၎င်း၊ လူတို့ကဲ့သို့ တိရစ္ဆာန်များ၌ အသက်တမ်း အတိုးအဆုတ် ရှိရာသောကြောင့်၎င်း၊ တိရစ္ဆာန် နှင့် လူတို့၏ အသက်တမ်းအရေအတွက်ကိုလည်း အမြဲသတ်မှတ်၍ မဖြစ်နိုင်။

(အသက်တမ်း တိုးဆုတ်)
လူတို့၏အသက်တမ်း အတိုးအဆုတ်မှာ ဥတု အာဟာရတို့နှင့် များစွာသက်ဆိုင်၏။ ဥတုကောင်း၌ နေထိုင်ရ၍ အဆီအနှစ်ပြည့်သော အသီးအရွက်တို့ကို စားသောက်ရလျှင် အသက်တမ်းရှည်၏။ ညံ့ဖျင်းသော ဥတု၌ နေထိုင်ရ၍ အဆီအနှစ် နည်းပါးသော အစားအသောက်ကို စားသောက်ရလျှင် အသက်တမ်းတို၏။ ထိုဥတုနှင့် အာဟာရတို့ ကောင်း-မကောင်းမှာ သတ္တဝါတို့၏ ကံနှင့်ဆိုင်၏။ သတ္တဝါတို့ ကံကောင်းခိုက်၌ ဥတု အာဟာရလည်း ကောင်း၏။ သတ္တဝါတို့ ကံညံ့လျှင် ဥတု အာဟာရလည်း ညံ့၏။ သတ္တဝါတို့ ကံကောင်း-မကောင်း မှာလည်း သတ္တဝါအများ၏ ပကတိစိတ်ဓာတ်နှင့် သက်ဆိုင်ပြန်၏။ လောဘ, ဒေါသ, မောဟ, မာနတို့ လွှမ်းမိုးနေသော လက်ထက်၌ ကံများလည်း မကောင်းနိုင်ချေ။ ကုသိုလ်တရား တိုးပွားသော လက်ထက်၌သာ ကံကောင်းနိုင်ကြပေသည်။ ယခုမျက်မြင်အားဖြင့်ပင် သတ္တဝါတို့၌ ဒုစရိုက်အား ကောင်းလှ၏။ ထို့ကြောင့်လည်း အသက်တမ်း တဖြည်းဖြည်း ဆုတ်လေပြီ။ လူတို့ကဲ့သို့ ဥတု အာဟာရကို မှီနေရသော တိရစ္ဆာန်များလည်း လူတို့နှင့် အလားတူစွာပင် ဖြစ်ကြရလေသည်။

(တောင်ကျွန်းသူ)
ဤနေရာဝယ် မနုဿာနံ-အရ ဇမ္ဗူဒိပ်ကျွန်းသားကိုသာ ယူရိုးရှိကြ၏။
ရှေ့ခုနစ်ရာ, နောက်ငါးရာ, မြောက်မှာတထောင်မြဲ-ဟူသည့်အတိုင်း အရှေ့ကျွန်း၌ အသက်တမ်း (၇ဝဝ),
နောက်ကျွန်း၌ (၅ဝဝ), မြောက်ကျွန်း၌ (၁ဝဝဝ) ရှိသတဲ့။
ထိုအသက်တမ်းများလည်း အသင်္ချေမှ ဆုတ်ယုတ်လာသော အသက်တမ်းများတည်း။
ကမ္ဘာတည်စ၌ ဥတု အာဟာရ ကောင်းမွန်လှသဖြင့် လေးကျွန်းလုံးပင် အသက်တမ်း အသင်္ချေစီ အညီအမျှ ရှည်ကြ၏။ ထို့နောက် တဖြည်းဖြည်းဆုတ်လေရာ အရှေ့-အနောက်-မြောက်ကျွန်းတို့၌ ထိုအသက်တမ်းအောက် မယုတ်တော့ဘဲ အမြဲတည်နေ၏။ ထို့ကြောင့် ဥတ္တရကုရုဝါသိကာ-မြောက်ကျွန်း၌နေသူတို့သည်၊ အမမာ- ခင်တွယ်ခြင်း မရှိကုန်၊ အပရိဂ္ဂဟာ-ငါ့ဥစ္စာဟု သိမ်းဆည်းမှု မရှိကုန်၊ အဝသေသာယုနာ-အဆုံးသတ် ဆုတ်ပြီးသော အသက်တမ်းကြွင်းဖြင့်၊ နိယတာယုကာ-မြဲသောအသက်တမ်း ရှိကုန်၏-ဟု ဟောတော်မူသည်။

( အသက်တမ်းဆုတ်ပုံ)
တောင်ကျွန်း၌ကား (၁ဝ)နှစ်တမ်းတိုင်အောင် ဆုတ်၏။ ထိုသို့ဆုတ်ရာ၌ သုတ်ပါထေယျ-စက္ကဝတ္တိသုတ်မှာ အကုသိုလ်ကံအားလျော်စွာ အသက်တမ်း တဝက် တဝက် လျော့သည်ဟုဆို၏။ လောကပညတ္တိကျမ်း၌ အနှစ်တရာလျှင် ဆယ်နှစ်ဆုတ်သည်ဟု ဆိုသတတ်။
(အနှစ်တရာလျှင် တနှစ်ဆုတ်သည်ဟု ယခုကာလ၌ ပြောကြ၏)
သို့သော် ယခုမျက်မြင်အားဖြင့် စဉ်းစားလျှင် တရံတခါ အတော်များများဆုတ်၍ တခါတရံ၌ကား မဆုတ်ဘဲရှိဟန်တူ၏။ ဘုရားမပွင့်မီ အတော်ကြာကာလကပင် အသက်တရာတမ်းသည် ဘုရားပွင့်တော်မူသည့် အခါတိုင်အောင် တရာတမ်းဟုပင် ဆိုကြ၏။ ယခုအခါ တရာတမ်းရှိတော့မည် မဟုတ်၊ သာသနာသက္ကရာဇ် (၂၄ဝဝ)ကျော်ပြီဖြစ်ရကား အနှစ်တရာ တနှစ်ဆုတ်ဖြင့် ရေတွက်ဦးတော့ (၇၅)နှစ်တမ်းလောက်သာ ရှိချေတော့ပြီ။

( ဘုမ္မဒေဝလည်း မမြဲ)
ဝိနိပါတိကာသုရာနံ-ဟု သင်္ဂြိုဟ်ကဆိုသော်လည်း ဓမ္မဟဒယ ဝိဘင်္ဂအဋ္ဌကထာ၌ ဘုမ္မဒေဝါနံပိ ကမ္မမေဝ ပမာဏံ ဟု ဝိနိပါတိကာသုရာနှင့်တကွ ဘုမ္မဇိုဝ်းနတ်အားလုံးပင် အသက်တမ်းမမြဲဟု ဆိုထား၏။
ထိုစကားသင့်၏-အချို့ ဘုမ္မဇိုဝ်းနတ်များသည် အသင်္ချေတိုင်အောင် အသက်ရှည်၍, အချို့မှာ ကံအားလျော်စွာ (၇)ရက် စသည်လောက်သာ အသက်ရှည်ကြသည်။ ဘုမ္မဇိုဝ်းနတ်များသာမက, ဝေမာနိကပြိတ္တာဟု ခေါ်အပ်သော နတ်များလည်း အသက်တမ်း မမြဲကြချေ။ ကံအားလျော်စွာ အတိုအရှည် ရှိနိုင်ပေသည်။
ကဿပဘုရားရှင်၏ သာဝက သောတာပန်ဖြစ်ကြသော အာကာသဋ္ဌကနတ်တို့သည် နိမိမင်း၏ လက်ထက် တိုင်အောင်ပင် တည်ရှိကြသေးသည်-ဟု ဇာတ်အဋ္ဌကထာဆိုသောကြောင့် အာကာသဋ္ဌကနတ်များ၌လည်း အသက်တမ်းမမြဲဟု သိသာ၏။
(ကဿပဘုရားရှင် ပွင့်တော်မူပြီးနောက် (၁ဝ)နှစ်တမ်းတိုင်အောင် ဆုတ်, ထိုမှတဖန် အသင်္ချေတိုင်အောင်တက်, ထိုမှတဖန် ဆုတ်လာသောအခါကျမှ နိမိမင်းလက်ထက် ဖြစ်ရသဖြင့် အနှစ်ကိုးသန်းမက, အသင်္ချေမက, အလွန်ကြာခဲ့ပေပြီ)။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ-၏
သင်္ဂြိုဟ်ဘာသာဋီကာ-မှ

No comments: