Thursday, September 30, 2010

ယမမင်း

စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းကိုပင် "ယမမင်း"ဟုခေါ်၏။ တခါတရံ နတ်စည်းစိမ်ခံစား၍ တခါတလေမှာမူ မကောင်းမှုကံအကျိုးကို (ရိုးရိုးပြိတ္တာများကဲ့သို့) ခံစားရရှာသေး၏။
ထိုယမမင်းကား တယောက်သာမက, အများအပြားပင် ရှိလေသည်။ လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဖက်၌ ရုံးစိုက်ကြပြီးလျှင် ငရဲသို့ ရောက်လာသူများကို စစ်ဆေးမေးမြန်း ကြ၏။ သို့သော် ငရဲသို့ရောက်လာသူတိုင်း အစစ်ဆေးခံရသည်မဟုတ်။ အကုသိုလ်ကြီး၍ ပြစ်မှုထင်ရှားသူတို့မှာ တခါတည်း ငရဲကျကုန်၏။ အကုသိုလ် နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပေသည်။ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်, လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်သာ ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့် အလားတူပင်တည်း။ သို့အတွက် "ယမမင်း" ဟူသည်မှာ တရားစောင့်သော မင်းကောင်း မင်မြတ်ပင်တည်း-ဟု မှတ်ပါ။
(ယမရာဇာ နာမ ဝေမာနိကပေတရာဇာ၊ ဧကသ္မိံ ကာလေ ၊ပ၊ ဒိဗ္ဗသမ္ပတ္တိံ အနုဘဝတိ၊ ဧကသ္မိံ ကာလေ ကမ္မဝိပါကံ။ ဥပရိပဏ္ဏာသ၊ ဒေဝဒူတသုတ်။)

ငရဲထိန်း။ ။ ဤငရဲထိန်းများလည်း စာတုမဟာရာဇ်နတ်မျိုးအပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။ ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံသို့ ပို့ခြင်း, ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ်ရိုက်နှက်ခြင်းပင် တည်း။
(ငရဲမီး စသော အန္တရာယ်တို့လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်ကြရကား ငရဲခံရမည့် သူများ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့၌ မပူလောင်ချေ)။

ယမမင်းစစ်တမ်း။ ။ အများကြားဖူးနားဝရှိအောင် ဒေဝဒူတသုတ် ပါဠိတော်လာ ယမမင်း၏ စစ်တမ်းကို အကျဉ်းချုပ်မျှ ပြဦးအံ့။
လူ့ပြည့်မှာရှိနေသော ကလေး, သူအို, သူနာ, သူသေ, အကျဉ်းသမား, ဤငါးဦးသားကို ယမမင်းစေလွှတ် အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတ-ဟု ခေါ်ဝေါ်ရသည်။
(ဒေဝ=ယမမင်း၏+ဒူတ=တမန်တော်)
ယမမင်းသည် မိမိ၏ထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေဝဒူတငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။

ယမမင်း။ ။ မောင်မင်း-လူ့ပြည်မှာတုန်းက မိမိ ကျင်ကြီးကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ, ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာ လှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူးလား။

ငရဲသား။ ။ တွေ့ခဲ့ဖူးပါသည်ဘုရား။

ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်တဲ့အခါ ထိုကလေးများကို ကြည့်ရှု၍ ငါသည် ဘာမှ နားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်၊ ပဋိသန္ဓေနေခြင်း သဘောကို မလွန်မြောက်နိုင်သေးပါတကား, ယခုနှယ်က ကိုယ်-နှုတ်-စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှ တော်တော့မည်-ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။(အလွန်ကြင်နာစွာ မေးသည်)

ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မဝင်စားမိခဲ့ပါ။

ယမမင်း။ ။ မောင်မင်း-မကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးကြသည်မဟုတ်, မောင်းမင်းကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ မိမိပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်း ခံရချေတော့မည်။

ယမမင်းအား အမျှဝေရကျိုး။ ။ ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယတကြိမ် မေး၏။
သူနာကို ညွှန်ပြ၍ တတိယတကြိမ် မေး၏။
သူသေကို ညွှန်ပြ၍ စတုတ္ထတကြိမ် မေး၏။
အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမတကြိမ် မေး၏။
ငါးကြိမ်တိုင်အောင် မေး၍မျှ ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် "ထိုသူ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား"ဟု စဉ်းစား။
(ဤအချက်ကိုထောက်၍ ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှပေးဝေကြသည်)။
စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။ ယမမင်းက ဖော်ပြခြင်းကြောင့်ဖြစ်စေ, မိမိက ဘာသာသတိရ၍ ဖြစ်စေ, ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည်ရောက်သူလည်း အများပင်ရှိ၏။ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှားသည်။ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲကောင်သတ္တဝါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြလေ တော့သည်။

အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ-၏ သင်္ဂြိုဟ်ဘာသာဋီကာ-မှ

No comments: