Wednesday, September 15, 2010

မှတ်ဉာဏ်ကောင်းအောင် သတိဆောင်

အသက်ကြီးလာခြင်းမှာ ဆံပင်ပါးလာခြင်း၊ ခါးကုတ်လာခြင်း၊ မှတ်ဉာဏ်ချို့ယွင်းလာခြင်းကို ဆိုလိုသည်တဲ့။ မှန်ပါသလော။ ဒါနာဒေနစ် (Dana Denis) မှာ အသက် ၄၀-မျှသာရှိပါသေးသည်။ သို့ရာတွင် ဘာဆိုဘာမျှ မမှတ်မိအောင် ဖြစ်လာမည်ကို သူစိုးရိမ်နေရပါပြီ။
တယောက်တယောက်ရဲ့ နာမည်၊ တနေရာရာရဲ့ အမည်ကို စဉ်းစားလိုက်တိုင်း ဘာဆိုဘာမှ မမှတ်မိအောင် ဖြစ်နေတတ်ပါတယ်-ဟု ဒါနာက ပြောပြ၏။

ဤသို့ မှတ်ဉာဏ်ချို့ယွင်းလာခြင်းကို အသက်ကြီးလာခြင်း-ဟု ခေါ်လိုကခေါ်ပါ။
သို့မဟုတ်-ငယ်ငယ်ရွယ်ရွယ်နဲ့ သူငယ်ပြန်ခြင်း-ဟု အပြစ်ပြောလိုက ပြောပါ။ အသက်ကြီးလာလေ၊ မေ့လျော့တတ်လာလေ ဖြစ်သည်ဟူသော အချက်ကို လက်ခံနိုင်ပါသလော။ ဟုတ်ပါပြီ။ လက်ခံနိုင်စရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့ရာတွင် အသက်အရွယ်ကြီးမှုနှင့် တိုက်ရိုက်မသက်ဆိုင်သော အခက်အခဲများကိုပင် အရွယ်ကြောင့်ဖြစ်ရလေဟန် အပြစ်တင်စောတတ်ကြ သည်ကို သတိပြုသင့်ပါသည်။

ဆယ်ကျော်သက်ရွယ်တယောက်ဟာ သော့တွဲကို ဘယ်မှာထားမိမှန်းမမှတ်မိလျှင် အထားမှားလို့ပဲ၊ ထားတုန်းက အာရုံမစိုက်မိ လို့ဘဲလို့သာ ပြောတတ်ပါတယ်။ ဒါပေမယ့် ခုနစ်ဆယ်ရွယ်တယောက် ဒီလိုအဖြစ်မျိုးကြုံရလျှင်တော့ မှတ်ဉာဏ်ချို့ယွင်းလို့ဆိုပြီး အပြစ် တင်တတ်ပါတယ်။ အမှန်ကတော့ ခုနစ်ဆယ်ရွယ်တယောက်ဟာ အထားမှားတာတွေကို နှစ်ပေါင်းများစွာ ကြုံခဲ့ဖူးပါတယ်။ လူတိုင်းလိုလိုလည်း ဒီလိုပဲ မကြာခဏ ကြုံဖူးတယ်မဟုတ်လား၊ အီလီနွိုက်တက္ကသိုလ်မှ အာရုံကြောပညာရှင် ပေါလ်ရိုးလ်ဒ် Paul Gold ပြောပြချက် ဖြစ်ပါသည်။

ကျန်းမာသန်စွမ်းသူများ အနေဖြင့် အများထင်မှတ်သကဲ့သို့ မှတ်ဉာဏ် မြန်မြန်ဆန်ဆန် ချို့ယွင်းလေ့မရှိပါ။ စိတ်ပညာရှင် ဖားဂတ်စ်ကရိတ် Fergus Craik က ပြောပြသည်မှာ အသက်ကြီးလာရုံနဲ့ မှတ်ဉာဏ်ဆိုင်ရာလုပ်ငန်းစဉ်တွေ ပျက်ပြယ်မသွားပါ။ လုပ်ငန်းစွမ်းဆောင်မှု လျော့ပါးသွားရုံမျှသာ ဖြစ်ပါတယ်တဲ့။
အရွယ်ကြီး၍ နှစ်ကြာလာသောအခါ ဦးနှောက်၏ အဆင့်ဆင့်ဖြစ်စဉ်သည် နှေးကွေးလာပါသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရကြောင်း မည်သူမျှ အတိအကျမသိနိုင်သေးချေ။ အသက်ကြီးလာသောအခါ အာရုံကြော ကလာပ်စည်းများသည် စွမ်းရည်ကျဆင်းလာသည်။ သတင်းအချက်အလက်များကို စုဆောင်းပြီး ပြန်လည်ထုတ်လွင့်ပေးသည့် ဦးနှောက်အစိတ်အပိုင်း တွင်လည်း လုပ်ငန်းဆောင်ရွက်မှု နည်းပါးလာသည်ဟု မကြာမီက ပြုလုပ်ခဲ့သော သုတေသနတရပ်အရ သိရ၏။ သို့ရာတွင်-

လုပ်ငန်းဆောင်ရွက်မှု နည်းပါးလာခြင်းကြောင့် မှတ်ဉာဏ်ကို ပိုမိုချို့ယွင်းစေမှု ရှိ-မရှိ ရှင်းရှင်းလင်းလင်း မသိရပါ။ စတင်လေ့ကျင့်စ အားကစားသမားဟာ စနစ်တကျ လေ့ကျင့်ပြီးသား အားကစားသမားထက် ပိုပြီးလှုပ်ရှားမှာ ဖြစ်ပါတယ်။ ဒီသဘောအတိုင်းပဲ ဦးနှောက်ဟာ လုပ်ငန်းမှာ ပိုမို အတွေ့အကြုံရှိ၊ ပိုမိုကျွမ်းကျင်လာတာနဲ့အမျှ ဒီလုပ်ငန်းအပေါ် စွမ်းအင်ကို လျှော့ပြီးသုံးလာနိုင်ပါတယ်။

ဤသည်မှာ ဂျွန်ဟော့ပ်ကင် တက္ကသိုလ်၊ ဆေးကောလိပ်မှ မှတ်ဉာဏ်ဌာန၊ ဌာနမှူး ဘယ်ရီဂေါ်ဒင် Barry Gordon ၏ သတိပေးချက်ဖြစ်ပါသည်။ သာမန်အားဖြင့် မေ့လျော့၍ မှတ်ဉာဏ်ချို့ယွင်းလာလျှင် ပြန်လည်ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများ ရှိနေပါသည်။ ကြိုးတော့ ကြိုးစားရပါလိမ့်မည်။
လူတွေဟာ အပြောင်းအလဲ မြန်ဆန်ကြပေမယ့် ဦးနှောက်ကိုတော့ ပုံမှန်အတိုင်း ထိန်းထားနိုင်အောင် ကြိုးစားကြရပါမယ်။ ဒါကလည်း အမြဲကြိုးစားနေရမှာပါ။

မိမိခန္ဓာကိုယ် အချိုးအဆစ် ပြေပြစ်အောင် ထိန်းထားရတာနဲ့ အလားတူပါတယ်။ တနှစ်မှတခါလောက် အားကစားရုံသွားပြီး လေ့ကျင့်ရုံနဲ့ ခန္ဓာကိုယ်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူးလေ-ဟု နယူးယောက်မြို့ မောင့်ဆီနိုင်း ဆေးဝါးဌာနမှ မှတ်ဉာဏ်ဖွံ့ဖြိုးရေး အစီအစဉ် ညွှန်ကြားရေးမှူး မာဂရက်ဆီးဝဲလ် Margaret Sewkll က ရှင်းပြပါသည်။
မှတ်ဉာဏ်ဖွံ့ဖြိုးရေးသင်တန်းများတွင် မှတ်ဉာဏ်အထောက်အကူ ပစ္စည်းများကို အသုံးပြုလေ့ရှိပါသည်။ နာမည်များ၊ မျက်နှာသွင်ပြင်များ၊ အချက်အလက်များကို မှတ်မိစေရန် မှတ်သားမှု ပုံသေနည်းများကို အသုံးပြုကြပါသည်။
(ဥပမာအားဖြင့် ဦးသိန်းအမည်ရှိသူကို တွေ့ရှိပါက သူ့အမည်မှတ်မိစေရန် သိန်းငှက်ပုံကို စူးစိုက်ကြည့်ရှုထားပါ) သို့ရာတွင် ဤနည်းများဖြင့် မှတ်ရသည်မှာ အတန်ပင် အလုပ်ရှုပ်ပါသည်။ မှတ်စရာရှိတိုင်း ရုပ်ပုံနှင့်တွဲမှတ်ရန်မှာလည်း မဖြစ်နိုင်ပါ။ မဖြစ်နိုင်လျှင် ဤနည်းမှာ အသုံးမကျတော့ပါ။

မာဂရက်ဆီးဝဲလ်ကမူ ဤသို့ အကြံပေးပါသည်။ မိမိမှတ်လိုသော အရာကို ဂရုတစိုက်အာရုံပြုပါ။ ထို့နောက် ထိုအရာပေါ်တွင် အဓိပ္ပါယ်တခုခု ဖော်ကြည့်ပါ။ အသံတခုခု၊ မြင်ကွင်းတခုခုနှင့် တင်စားကြည့်ပါ။ မိမိတို့အာရုံစိုက်သည့်အရာကို လူတို့မှတ်မိလေ့ရှိပါသည်။ အာရုံစိုက်ခြင်းအားဖြင့် စိတ်ထဲတွင် အမှတ်ထင်ထင်ဖြစ်သွားကာ နောင်တွင် ပြန်လည်ပေါ်ထွက်လာပါ သည်။

အုပ်စုဖွဲ့ မှတ်သားခြင်းအားဖြင့်လည်း ငြီးငွေ့ဖွယ်လုပ်ငန်းများကို မှတ်မိစေနိုင်ပါသည်။ ဥပမာအားဖြင့်-ကုန်စုံဆိုင်သို့ သွားရောက်ဝယ်ခြမ်းသည် ဆိုပါစို့၊ ဝယ်ရမည့်အမည်များကို အမျိုးအစားခွဲပြီး အုပ်စုလိုက်မှတ်သားပါ။ နို့ထွက်ပစ္စည်းများ၊ အသားများ၊ သီးနှံများ စသည် အုပ်စုဖွဲ့ပါ။ စာရင်းရေးမှတ်ပါ။ ပြီးလျှင် သက်ဆိုင်ရာစာရင်းရှိ မိမိဝယ်ရမည့်အမည်များ၏ နံပါတ်ကို ရေးခြစ်မှတ်သားပါ။ မိမိသော့တွဲထားနေကျနေရာတွင် ဒါတွေမမေ့နဲ့-ဟု စာကပ်ထားပါ။ လုပ်ရမည့်အလုပ်များကို စာရင်းပြုစုပါ။ အိမ်ပြင်ပ ထွက်လုပ်ရမည့် အလုပ်များစာရင်းကို အဝင်-အထွက် တံခါးနားတွင် ကပ်ထားပါ။

ဦးနှောက်ကို အသုံးပြုခြင်းအားဖြင့် ဦးနှောက်စွမ်းအား ပိုမိုကြီးထွား သန်မာလာပါသည်။ ဤကဲ့သို့ ဦးနှောက်အသုံးပြုခြင်းကို ညင်သာစွာ တွန်းထိုးထက်မြက်စေခြင်း-ဟု ပြင်သစ်တို့က ခေါ်ဝေါ်ကြပါသည်။ အလုပ်လုပ်စေခြင်းအားဖြင့် ဦးနှောက်ကို လေ့ကျင့်ပေးပါ။ စာဖတ်ခြင်း၊ အခြေအတင် စကားပြောခြင်း၊ စိတ်တက်ကြွစရာ၊ စဉ်းစားစရာတခုခု ပြုလုပ်ခြင်း စသည်ဖြင့် လေ့ကျင့်နိုင်သည်-ဟု နယူးယောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အသက်ရှည်ရေးဌာနမှ ဥက္ကဋ္ဌဖြစ်သူ ရောဘတ်ဘတ်တလာ Robert Butler က ပြောပြပါသည်။

ခန္ဓာကိုယ်ကျန်းမာအောင် လေ့ကျင့်ခြင်းအားဖြင့်လည်း မိမိစိတ်ကို ကျားကန်ပေးနိုင်ပါသည်။ အေရိုးဗစ်ကစားခြင်းဖြင့် သွေးထဲတွင် အောက်ဆီဂျင်နဲ့ သကြားဓာတ်များ ပိုမိုရရှိပြီး ထိုသွေးကို ဦးနှောက်သို့ ပိုမိုပို့ပေးပါသည်။ အောက်ဆီဂျင်နှင့် သကြားဓာတ်မှာ ဦးနှောက်အလုပ်လုပ်ရာတွင် မရှိမဖြစ် အရေးပါသောစွမ်းအင်များ ဖြစ်ပါသည်။

အသက် ၆၅-နှစ်နှင့်အထက်ရှိ အမျိုးသမီး ၆၀၀၀-နီးပါးတို့၏ ကျန်းမာရေးလေ့ကျင့်မှုနှင့် စိတ်ပိုင်းဆက်နွှယ်ပုံကို မကြာသေးမီက လေ့လာခဲ့ကြသည်။ ဆန်ဖရန်စစ္စကိုမြို့၊ ကာလီဖိုးနီးယားတက္ကသိုလ်မှ စိတ်ကုသမှုနှင့် အာရုံကြောပညာ လက်ထောက်ပါမောက္ခ ခရစ္စတင်းယ(ဖ်) Kristine Yaffe-က ဦးဆောင်လေ့လာခဲ့ခြင်း ဖြစ်သည်။ ခရစ္စတင်းက ပြောပြသည်မှာ-

ရက်သတ္တတပတ်လျှင် တစ်ကီလိုမီတာစီ တိုးတိုးပြီး လမ်းလျှောက်စေခြင်းဖြင့် မှတ်ဉာဏ်ယိုယွင်းလာမှုဟာ ၁၃-ရာခိုင်နှုန်း လျော့ကျသွားတာတွေ့ရပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းထက် ပိုမိုလွယ်ကူသော နည်းလမ်းရှိသေးသလော၊ တချို့သောဆေးဝါးများသည် မှတ်ဉာဏ်ပိုမိုထက်မြက် လာအောင် စွမ်းဆောင်နိုင်ပါသလော။ မှတ်ဉာဏ်ထက်မြက်စေသည်ဟု အထင်ရှားဆုံးဆေးဝါးနှင့် ပတ်သက်သော သိပ္ပံစာပေများကို ပေါလ်ဂိုးလ်ဒ်-က ပြန်လည်လေ့လာခဲ့သည်။ လေ့လာပြီး ကောက်ချက်ချသည်မှာ-

ဆေးဝါးက မှတ်ဉာဏ်ထပ်မြက်စေတယ်ဆိုတဲ့ အချက်ကို လွယ်လွယ်နဲ့ပယ်ချနိုင်ပါလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမယ့် အသေအချာလေ့လာကြည့်တော့ အနည်းအပါးတော့ အကျိုးသက်ရောက်တာ တွေ့ရပါတယ်။ အလွန်ကိုနည်းပါးတဲ့ အနည်းအပါးပါ။
မိမိစွမ်းအင်များကို ထိန်းထားနိုင်ရန်အတွက် အစားအစာဖြင့်လည်း ထောက်ကူပေးနိုင်ပါသည်။ ကောက်ပဲသီးနှံ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် သကြားဓာတ်ရရန် အကောင်းဆုံးအခြေခံ အရင်းအမြစ်များ ဖြစ်ပါသည်။ သကြားဓာတ်မှာ ဦးနှောက် အတွက် ပိုမိုလိုအပ်သော လောင်စာပင်ဖြစ်ပါသည်။

အသီးအနှံနှင့် ဟင်းရွက်စိမ်းများတွင် ဖောလစ်အက်စ်ဓာတ် အများအပြားပါဝင်သည်။ ဖောလစ်ဓာတ်မှာ မှတ်ဉာဏ် မချို့ယွင်းအောင် အထူးထိန်းပေးနိုင်သောဓာတ်ပင် ဖြစ်သည်။
မှတ်ဉာဏ်တိုးတက်ကောင်းမွန်စေသည့် လွယ်ကူသော အခြားနည်းလမ်းတရပ်မှာ အလုံအလောက် အနားယူခြင်းဖြစ်သည်။ အိပ်စက်ခြင်းအားဖြင့် မှတ်ဉာဏ်သိုမှီးထားရန် ဦးနှောက်ကို အချိန်ပေးနိုင်သည်။

တညဥ့်တာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည်။ တိုတောင်းသော စိတ်စူးစိုက်မှုသည် မှတ်ဉာဏ်ကို ပိုမိုကောင်းစေ၏။
သို့ရာတွင် စိတ်စူးစိုက်ပြီး၍ နာရီအနည်းငယ်အကြာတွင် မှတ်ဉာဏ်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွင် သကြားဓာတ်အသုံးပြုမှု ၂၅-ရာခိုင်နှုန်း ကျဆင်းလာပြီး မှတ်မိနိုင်သည့်စွမ်းအားလည်း လျော့နည်းလာသည်။

စိတ်ဖိစီးမှု ကြာရှည်ကြုံရလျှင်မူ ဦးနှောက်သည် အမှန်ပင် စွမ်းအားလျော့ကျသွားပါသည်။ ဦးနှောက်ကို အချိန်ပေးပြီး ဖြည်းဖြည်း စဉ်းစားပါ။ မိမိထင်မှတ်တာထက် ပိုမိုရှင်းလင်းစွာ မှတ်မိကြောင်း အံ့သြဖွယ်ရာ တွေ့ရပါလိမ့်မည်။
အချက်အလက်တွေ စုစည်းမိအောင် အချိန်ပေးပြီး ဖြည်းဖြည်း စဉ်းစားမယ်ဆိုရင် မမှတ်မိဘူးဆိုတဲ့ ပြဿနာ လွင့်စဉ်ပျောက်ကွယ် သွားပါလိမ့်မယ်-ဟု ပေါလ်ဂိုးလ်ဒ်-က ပြောဖူးပါသည်။

အသက်ရှည်ရှည်နေထိုင်ရန်လည်း အချိန်ယူ စဉ်းစားပါ။ မိတ်ဆွေများ၊ မိမိမိသားစုနှင့် ဝါသနာပါရာ လုပ်ငန်းများကို စိတ်ဝင်စားခြင်း၊ စိတ်ထက်သန်ခြင်း သက်သက်မျှဖြင့် မှတ်ဉာဏ်သည် အံ့သြဖွယ်ကွန့်မြူးလာပါသည်။
ချစ်ခင်တွယ်တာမှု၊ သို့မဟုတ်-အောင်မြင်ရန် ထက်သန်သော ရည်ရွယ်ချက်ရှိမှုကြောင့် မှတ်ဉာဏ်ပိုကောင်းလာနိုင်ပါတယ်-ဟု ရောဘတ်ဘတ်တလာ-က ဆိုပါသည်။

မှတ်ဉာဏ်ကောင်းရန်၊ မှတ်မိစေရန်အတွက် မိမိဘဝကို ဂရုတစိုက်ရှိဖို့၊ သတိရှိဖို့ လိုအပ်ပါသည်။ သတိရှိခြင်းဖြင့် မှတ်သားမိစရာ မှန်သမျှကို တွေ့ရှိပြီး မှတ်မိနေမည်ဖြစ်ပါသည်။

မောင်သိဒ္ဓိ
Ref:Total Recall Anne
Underwood and Russell
Watson.
R/D, May 2002.
(မြဝတီမဂ္ဂဇင်း ၂၀၀၃-ခု ဧပြီလ)

No comments: