အကယ်၍ ခေတ်သစ်သိပ္ပံပညာ၏ လိုအပ်ချက်များကို ယှဉ်ပြိုင်နိုင်နင်းအောင် လုပ်ဆောင်နိုင်သည့် အယူဝါဒတခု ရှိခဲ့သည်ဆိုလျှင် ထိုအယူဝါဒသည် ဗုဒ္ဓအယူဝါဒပင် ဖြစ်ပေလိမ့်မည်။ (အဲလဘတ်အိုင်စတိုင်း)
အထက်ပါစကားကို ဆိုခဲ့သော အဲလဘတ်အိုင်းစတိုင်း (၁၈၇၉-၁၉၅၅) သည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးတဦး ဖြစ်သည်။ အိုင်းစတိုင်းသည် ၁၉၂၁-ခုနှစ်တွင် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ချီးမြှင့်ခြင်းခံရသည်။
သူသည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့၌ မွေးဖွားသော ဂျူးလူမျိုးတဦး ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် ဟစ်တလာ၏ နာဇီဝါဒ လွှမ်းမိုးလာသောအခါ ဂျာမနီနိုင်ငံ၌ မနေနိုင်တော့ဘဲ ၁၉၄၁-ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူပြီး အမေရိကန်နိုင်ငံ၌ပင် ဇောက်ချနေထိုင်၍ သိပ္ပံပညာ တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
၁၉၀၅-ခုနှစ်က အိုင်းစတိုင်း ထုတ်ပြန်ကြေညာခဲ့သော ရူပဗေဒသဘောတရားများကို မှီး၍ အနုမြူဗုံးလုပ်၍ ဖြစ်နိုင်ကြောင်း ဂျာမန်တို့ကောင်းစွာ သိရှိသွားကြသည်။ ဂျာမန်တို့ လက်ဦးသွားပါက မတွေးဝံ့စရာ
ဖြစ်မည့်အတွက် အနုမြူဗုံးသုတေသန လုပ်ငန်းကို အမေရိကန်တို့ အဆောတလျင်လုပ်ရန် အမေရိကန်သမ္မတ ရူစဘတ်ထံ အိုင်းစတိုင်းက စာရေးတင်ပြရန် ဟန်ဂေရီသိပ္ပံပညာရှင်နှစ်ဦးက တောင်းပန်ကြသည်။
သို့ဖြင့် အိုင်းစတိုင်းက သဘောတူကာ ရူစဘတ်ထံ အမေရိကန်၌ အနုမြူလုပ်ငန်း စတင်လုပ်ကိုင်ရန် စာရေးလိုက်သည်။ သို့ဖြင့် အမေရိကန်၌ အနုမြူဗုံးကို လျင်မြန်စွာ အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ အနုမြူဗုံးကြောင့် ဒုတိယကမ္ဘာစစ်ခေါ် လူသတ်ပွဲကြီး ဆုံးခန်းတိုင် ရောက်သွားခဲ့သော်လည်း လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရသဖြင့် အိုင်းစတိုင်းသည် စိတ်မကောင်းဖြစ်ခဲ့ရပေသည်။ ထို့ကြောင့် အနုမြူလက်နက် ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အိုင်းစတိုင်း ဆောင်ရွက်ခဲ့သည်မှာ ၁၉၅၅-ခုနှစ် ဧပြီလ ၁၈-ရက်နေ့ သူကွယ်လွန်သည့်အချိန်အထိ ဖြစ်သည်။
အိုင်းစတိုင်းအား ဗြိတိသျှ အတွေးအခေါ်ပညာရှင် ဘာတရန်ရပ်ဆဲလ်-က နှစ် ၅၀-အတွင်း အထူးခွှန်ဆုံးပုဂ္ဂိုလ် ဟူ၍ ချီးကျူးပြောဆိုခဲ့သည်။ အင်္ဂလိပ်စာရေးဆရာကြီး ဘားနတ်ရှောက အိုင်းစတိုင်းသည် စကြာဝဠာတည်ဆောက်သူဖြစ်သဖြင့် သူနှင့်ယှဉ်ရန် တယောက်မျှမရှိ-ဟု ချီးကျူးပြောဆိုခဲ့သည်။
အကိုး။ ။ (၁) Buddhism in the eyes of intellectuals.
(၂) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၅)
မင်းစောထက်
(မြန်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)
Friday, September 3, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment