Thursday, September 2, 2010

ဂါထာတော် ၃-ပုဒ် အကျိုး

ကျွန်ုပ်အမည်မှာ ဦးအောင်ထွေး ဖြစ်ပါသည်။ ယခုအခါ အသက် ၆၅-နှစ်ရှိပါပြီ။ လောကီဘုံကို ငြီးငွေ့ကာ သံဝေဂရမိသဖြင့် အသက် ၅၈-နှစ်အရွယ်တွင် ကိုရင်ကြီးဝတ်ခဲ့သည်။ ကျွန်ုပ်အမြဲဆောင်ထား ရွတ်ပွားသည်ကား သမ္ဗုဒ္ဓေဂါထာတော်၊ ဂုဏ်တော်ကွန်ချာ နှင့် ပြည်တော်ပြန် စမ္မခဏ်ဂါထာဖြစ်ပါသည်။

ထိုဂါထာများ ရွတ်ပွားရင်း အဖြစ်ဆိုးများ ကြုံတွေ့ရသည့်တိုင် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရသည်။ ၄-ကြိမ်တိုင်တိုင်ပင် ဖြစ်သည်။
ကျွန်ုပ်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ကားမောင်ခြင်းဖြစ်သည်။ အသက် ၄၂-နှစ်အရွယ်၌ ကျွန်ုပ် ပထမဆုံး ကြုံတွေ့ရသည်ကား ကုန်အပြည့်တင်ထားသော လော်ရီကားခေါင်မိုးပေါ်မှ ကျဖူးခြင်း ဖြစ်သည်။ ကားမှာ ကုန်အပြည့်ပါသည့်အတွက် အခြားသော ခရီးသည်များကို ငဲ့ညှာကာ ညအိပ်စခန်းတခုဝယ် ကားခေါင်မိုးပေါ်မှ တက်အိပ်ရင်း လိမ့်ကျခြင်းဖြစ်သည်။ လိမ့်ကျပြီး ဒဏ်ရာပြင်းထန်သည့်အတွက် သတိလစ်သွားသည်။ ဆေးရုံပေါ်ရောက်မှပင် သတိပြန်ရပါတော့သည်။

ဒုတိယအကြိမ်ကား အသက် ၄၄-နှစ်ခန့်မှာ ကြုံတွေရခြင်း ဖြစ်သည်။ ထိုစဉ်က ပုဂ္ဂလိက သစ်ထုတ်ရေးကားကို မောင်းနှင်စဉ် တောင်ပေါ်အတက်ဝယ် သစ်တင်ကားကြီးသည် နောက်ပြန်လန်ကျကာ တိမ်းမှောက်ခြင်းဖြစ်၏။ ကျွန်ုပ်ကို ထိုသစ်တင်ကားကြီး၏ အောက်မှ ဆွဲထုတ်ယူရသည့်တိုင် အသက်ဘေးမှ ချမ်းသာရခဲ့ပြန်ပါ၏။

တတိယအကြိမ်မှာကား အသက် ၄၆-နှစ်ရှိပါပြီ။ သစ်တင်ကားကြီးကိုပင် မောင်းနှင်ရင်း တံတားကျွံကျကာ တံတားဘောင်ပေါ်မှာ ကားကြီးက တင်ကျန်နေခြင်းဖြစ်ပါ၏။ ထိုစဉ်က ကျွန်ုပ်ကို ခဲခဲယဉ်းယဉ်း ကယ်တင်ကြရာ ကြောက်မက်ဖွယ်ရာ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရလေသည်။

စတုတ္ထအကြိမ်ကား အသက် ၅၀-နှစ်ဝန်းကျင်တွင်ဖြစ်၏။
ထိုစဉ်က ကျွန်ုသည် ကားတိုက်မိသောအမှုအခင်း ဖြစ်ပွားမှုအရ ထောင်ကျ၍ ရဲဘက်စခန်း ပါသွားရင်း ငှက်ဖျားမိပြီး မေ့မြောသွားခဲ့၏။ ကျွန်ုပ်အား သေပြီဆိုပြီး တညလုံးပစ်ထားကြသည်။ အရုဏ်တက်ချိန်၌ အကျဉ်းသားများ၏ ဘုရားဝတ်တက်သံက နားထဲသို့ ပျံ့လွင့်လာသည့်အတွက် လူးလွန့်နိုးလာရပါ၏။ ဟ-အောင်ထွေးကြီး မသေဘူးဟ၊ သတိရလာပြီ-ဟူသော အသံနှင့်အတူ ဂရုတစိုက် ပြုစုစောင့်ရှောက် လေသည့်အတွက် သေတွင်းမှ လွတ်ခဲ့ရပြန်ပါသည်။

ဤသည်တို့ကား သမ္ဗုဒ္ဓေ၊ ဂုဏ်တော်ကျွန်ချာ နှင့် ဇလွန်ပြည်တော်ပြန် စမ္မခဏ်ဂါထာတော်ကြီးတို့ကို အမြဲရွတ်ဆိုပွားများသည့် အကျိုးကျေးဇူးပင် ဖြစ်ပါပေတော့သည်။
(ညောင်ကုန်းတောရ ကိုရင်ကြီး ဦးအောင်ထွေး-၏ ဘ၀ဖြစ်ရပ်မှန်)

ဝင်းမောင် (မြိုင်သာ)
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: