Wednesday, September 1, 2010

လယ်တီဆရာတော်ကြီး ရွတ်ပွားလေ့ရှိသော ကျက်သရေမင်္ဂလာတိုးကြောင်း ၆-ဂါထာ

လယ်တီဆရာတော်ဘုရားကြီး အရှင်ဉာဏဓဇသည် သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ နတ်တော်လဆန်း ၁၃-ရက် အင်္ဂါနေ့တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးရွာ၌ ဖွားမြင်တော်မူခဲ့သည်။
ခမည်းတော်မှာ ဦးထွန်းသာ+မယ်တော်မှာ ဒေါ်ကျုံး ဖြစ်သည်။ ၁၅-နှစ်သားအရွယ်တွင် ရှင်သာမဏေ၀တ်သည်။ ထို့နောက် ရဟန်းပြုသည်။ မုံရွာမြို့ လယ်တီကျောင်းတိုက်ကို တည်ထောင်သီတင်းသုံးသည်မှစ၍ လယ်တီဆရာတော်ဟု တွင်ခဲ့သည်။

ဆရာတော်ကြီးသည် ပရိယတ္တိနှင့် ပဋိပတ္တိနှစ်ရပ်စလုံး၌ ထူးချွန်ထင်ရှားသည်။ ကျမ်းပေါင်း ၆၈-ကျမ်း ရေးသားပြုစုခဲ့သည်။ မြန်မာနိုင်ငံ၌သာမက ကမ္ဘာ၌ပါ ထင်ရှားကျော်ကြားခဲ့သည်။ ဆရာတော်ကြီး၏ ကျမ်းအချို့ကို အင်္ဂလိပ်ဘာသာသို့ ယနေ့တိုင် ပြန်ဆိုအသုံးပြုလျက်ရှိသည်။

ယနေ့ကမ္ဘာတွင် ထင်ရှားကျော်ကြားသော ကမ္မဋ္ဌာန်းဆရာကြီး ဦးဂိုအင်ကာသည် လယ်တီဆရာတော်ကြီး၏ တပည့်၊ အနာဂါမ်ဆရာသက်ကြီး ၀ိပဿနာရှုနည်းဖြင့် အောင်မြင်စွာ တရားပြသလျက်ရှိသည်။

လယ်တီဆရာောတ်ဘုရားကြီးကို သက္ကရာဇ် ၁၂၇၇-ခုနှစ်တွင် အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။ သက္ကရာဇ် ၁၂၈၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ် (ပိဋကတ္တယပါရဂူ) ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။

ဆရာတော်ကြီးသည် စာပေပို့ချခြင်း၊ ကျမ်းဂန်ရေးသားခြင်း၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တရားဟောခြင်း စသော သာသနာပြုလုပ်ငန်းများကို မနားမနေ ဆောင်ရွက်တော်မူခဲ့သည်။ ပရမတ္ထသံခိပ် အသင်းများတည်ထောင်၍ စာမေးပွဲကျင်းပခြင်း၊ နွားသားမစားရန် မေတ္တာရပ်ခံ ဟောပြောခြင်း၊ ပလိပ်ရောဂါများ ဖြစ်ပွားသောအခါ ပရိတ်တရားတော်များ ရွတ်ဖတ်၍ အကာအကွယ်ပြုလုပ်ပေးခြင်း စသည်တို့ အားထုတ်ပြုလုပ်ခဲ့သည်။ သတ္တ၀ါတို့ ကောင်းကျိုးချမ်းသာရအောင် မနေမနား ဆောင်ရွက်တော်မူခဲ့သည်။

ဆရာတော်ကြီးသည် သက်တော် ၇၃-နှစ်ခန့်တွင် မျက်စိကွယ်ခဲ့သည်။ သက်တော် ၇၈-နှစ်၊ ၀ါတော် ၅၈-၀ါအရ သက္ကရာဇ် ၁၂၈၅-ခုနှစ် ပထမ၀ါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် ပျဉ်းမနားမြို့ လယ်တီစံကျောင်း၌ ပျံလွန်တော် မူခဲ့သည်။

အောက်ပါဂါထာမှာ လယ်တီဆရာတော်ကြီး ထာဝစဉ်ရွတ်ဆိုတော်မူခဲ့သော ဂါထာဖြစ်သည်။ ဆရာတော်ကြီးသည် အနယ်နယ်အရပ်ရပ်သို့ ကြွရောက်၍ သာသနာပြုရာတွင်၎င်း၊ တောတောင်အရပ်ရပ်၌ သီတင်းသုံး၍ တရားအားထုတ်စဉ်တွင်၎င်း၊ ဤဂါထာကို ရွတ်ပွားတော်မူခဲ့သည်ဟု အဆိုရှိပါသည်။ ပခုက္ကူမြို့ သာသန၀ိပုလာရာမ၊ မန္တလေးတိုက်၊ အဂ္ဂမဟာပဏ္ဍိတ သက်တော်ရှည်ဆရာတော်ကြီး အရှင်သာသန မဟာထေရ်သည်လည်း ဤဂါထာကို အစဉ်ရွတ်ဆိုတော်မူပါသည်။

ဤဂါထာကို နေ့စဉ် အိပ်ရာဝင် သက်စေ့ရွတ်ပါ။ မိဘများကလည်း သားငယ်၊ သမီးငယ်များအတွက်ပါ ရွတ်ဖတ်ပေးသင့်ပါသည်။ ရောဂါဆိုး၊ အနာဆိုး၊ ကပ်၊ ဥပဒ်ဘေးဆိုးတို့မှ ကင်းဝေးစေပါသည်။ ထို့ပြင် ကျက်သရေမင်္ဂလာလည်း တိုးစေသည်ဟူ၍ ဆိုကြပါသည်။

(ပါဠိဂါထာ)
၁။ ဗုဒ္ဓေါဝ မင်္ဂလော လောကေ၊ ဒေ၀ဣန္ဒ ဗြဟ္မိဿရော။
ဗုဒ္ဓံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။

၂။ ဓမ္မောဝ မင်္ဂလော လောကေ၊ သဗ္ဗပါပ ၀ိနာသနော။
ဓမ္မံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။

၃။ သံဃောဝ မင်္ဂလော လောကေ၊ ဘယဝေရ ၀ိနောဒနော။
သံဃံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။

၎။ ဧတံ ခေါ မင်္ဂလံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
ဧတံ မင်္ဂလ မာဂမ္မ၊ သဗ္ဗပါပ ပမုစ္စရေ။

၅။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။

၆။ ဧတံ ခေါ ရတနံ ခေမံ၊ ဧတံ ရတန မုတ္တမံ။
ဧတံ ရတန မာဂမ္မ၊ သဗ္ဗဒေါသာ ပမုစ္စရေ။


( မှန်ကန်တိကျစွာ အသံထွက်နည်း)
၁။ ဗုတ်ဓောဝ မင်ဂလော လောကေ၊ ဒေ၀အိန်ဒ ဗြန်မိတ်သရော။
ဗုတ်ဓံ သရဏ မာဂမ်မ၊ သတ်ဗဒုက်ခါ ပမုတ်စရေ။

၂။ ဓမ်မောဝ မင်ဂလော လောကေ၊ သတ်ဗပါပ ၀ိနာသနော။
ဓမ်မံ သရဏ မာဂမ်မ၊ သတ်ဗဒုက်ခါ ပမုတ်စရေ။

၃။ သံဃောဝ မင်ဂလော လောကေ၊ ဘယဝေရ ၀ိနောဒနော။
သံဃံ သရဏ မာဂမ်မ၊ သတ်ဗဒုက်ခါ ပမုတ်စရေ။

၎။ ဧတံ ခေါ မင်ဂလံ ခေမံ၊ ဧတံ မင်ဂလ မုတ်တမံ။
ဧတံ မင်ဂလ မာဂမ်မ၊ သတ်ဗပါပ ပမုတ်စရေ။

၅။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ်တမံ။
ဧတံ သရဏ မာဂမ်မ၊ သတ်ဗဒုက်ခါ ပမုတ်စရေ။

၆။ ဧတံ ခေါ ရတနံ ခေမံ၊ ဧတံ ရတန မုတ်တမံ။
ဧတံ ရတန မာဂမ်မ၊ သတ်ဗဒေါသာ ပမုတ်စရေ။

( အနက်မြန်မာပြန်)
၁။ လောကသုံးပါး၌ မြတ်စွာဘုရားသည်လျှင် အတုမရှိသော မဟာမင်္ဂလာကြီး ဖြစ်တော်မူပေသည်။
နတ်မင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းအပေါင်းတို့ကို အစိုးရတော်မူပါပေသည်။
ဘုရားတည်းဟူသော ကိုးကွယ်ရာကို အစွဲပြု၍ လူနတ်ဗြဟ္မာ သတ္တ၀ါတို့သည် ဆင်ရဲအပေါင်းမှ လွတ်မြောက်ကြကုန်၏။

၂။ လောကသုံးပါး၌ ဆယ်ပါးသော လောကုတ္တရာတရားတော်မြတ်သည်သာလျှင် တရားအပေါင်းတို့တွင် အတုမရှိသော မဟာမင်္ဂလာကြီး ဖြစ်တော်မူပါပေသည်။
မကောင်းမှုဟူသမျှကို ပျက်စီးစေတော်မူနိုင်ပါပေသည်။
တရားတည်းဟူသော ကိုးကွယ်ရာကို အစွဲပြု၍ လူနတ်ဗြဟ္မာ သတ္တ၀ါတို့သည် ဆင်းရဲအပေါင်းမှ လွတ်မြောက် ကြကုန်၏။

၃။ လောကသုံးပါး၌ သံဃာတော်သည်သာလျှင် တပည့်သားအစုတွင် အတုမရှိသော မဟာမင်္ဂလာအစစ် ဖြစ်တော်မူပါပေသည်။
ခပ်သိမ်းသော ရန်တို့ကို ပယ်ဖျောက်တော်မူနိုင်ပါပေသည်။
သံဃာတည်းဟူသော ကိုးကွယ်ရာကို အစွဲပြု၍ လူနတ်ဗြဟ္မာ သတ္တ၀ါတို့သည် ဆင်းရဲအပေါင်းမှ လွတ်မြောက် ကြကုန်၏။

၎။ ဤ ဘုရား၊ တရား၊ သံဃာ မင်္ဂလာသုံးပါးသည်သာ ဘေးကင်းရာ မင်္ဂလာအစစ်ကြီး ဖြစ်တော်မူပါပေသည်။
အမြတ်ဆုံးသော မင်္ဂလာကြီး ဖြစ်ပါပေသည်။
ဤရတနာသုံးပါးကို ကိုးကွယ်သမှု အစွဲပြု၍ လူနတ်ဗြဟ္မာ သတ္တ၀ါတို့သည် အလုံးစုံသော မကောင်းမှု ဟူသမျှတို့မှ လွတ်မြောက်ကြကုန်၏။

၅။ ဤရတနာသုံးပါးသည်သာလျှင် ဘေးရန်ကင်းရာ ကိုးကွယ်ရာအစစ်ကြီး ဖြစ်တော်မူပါပေသည်။ ဤရတနာသုံးပါးသည် လောကအလုံး၌ အမြတ်ဆုံး ကိုးကွယ်ရာ ဖြစ်တော်မူပါပေသည်။
ရတနာသုံးပါးကို အစွဲပြု၍ လူနတ်ဗြဟ္မာ သတ္တ၀ါတို့သည် ဒုက္ခအပေါင်းမှ လွတ်မြောက်ကြကုန်၏။

၆။ ဤရတနာသုံးပါးသည်သာလျှင် ဘေးရန်ကင်းရာ ရတနာအစစ်ကြီး ဖြစ်တော်မူပါပေသည်။
ဤရတနာသုံးပါးသာလျှင် ရတနာအားလုံးတို့ထက် အမြတ်ဆုံး ရတနာဖြစ်ပါပေသည်။
ရတနာသုံးပါးကို အစွဲပြု၍ လူနတ်ဗြဟ္မာ သတ္တ၀ါတို့သည် အလုံးစုံသော အပြစ်ခပ်သိမ်းတို့မှ လွတ်မြောက်ကြကုန်၏။

မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: