Tuesday, September 14, 2010

တိုင်းရင်းဆေး နှင့် ပြည်သူ့ကျန်းမာရေး

သြဂုတ်လ (ဝါခေါင်လ)
ဝါခေါင်လသည် မိုးဥတုတွင်ပါဝင်ကာ မိုးများစွာရွာသွန်းတတ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေပြည့်လျှံသောလဖြစ်သည်။ ဝါတွင်း ၃-လ၏ အလယ်ကောင်တွင် တည်ရှိသဖြင့် ဝါခေါင်လဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ရာသီအားဖြင့် သိဟ်ရာသီခေါ်၍ နက္ခတ်အားဖြင့် သရ၀ဏ်နက္ခတ်စန်းယှဉ်သည်။ ရာသီပန်းအနေနဲ့ ခတ္တာပန်းများ ဝေဆာစွာပွင့်သောလဖြစ်သည်။ ထို့ကြောင့် ဝါခေါင်လဖွဲ့တွင်-

ထက်အာကာ ဘုံစွန်းက
တောက်ထွန်းလို့ထိန်ဝါ၊
သရ၀ဏ်ရွှေကြယ်မင်း
လင်းတဲ့ချိန်ခါ၊
လေညင်းငယ်လာ
သိဟ်ရာသီမို့
ရှုတိုင်းငယ် ဘယ်ညာက၊
ပန်းခတ္တာဝတ်မှုန်ကျင်းတယ်
သင်းပျံ့လှိုင်လို့-ဟု
စာဖွဲ့ခဲ့သည်ကို ဖတ်မှတ်ရဖူးပါသည်။
ရှေးခေတ်အခါက ရာသီပွဲတော်အဖြစ် စာရေးတံမဲပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းဆေးအလိုအားဖြင့် ဝါခေါင်လတွင် အပုပ်ဆောင်ကာ ဝါယောခိုက်သည်ဟု ဆိုပါသည်။ ဖြစ်တတ်သောရောဂါတွေကတော့ ခေါင်းမူးဝေ ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ ကြို့ထိုးခြင်း၊ အစာမကြေ ဝမ်းဖော၊ ဝမ်းရောင်ခြင်းများ ဖြစ်တတ်ပါသည်။
ဖန်၊ ချို၊ အေး၊ ခါး ရသာရှိသောဓာတ်စာများ စားသုံးသင့်ပြီး အအေးစာ၊ အချုပ်စာများ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

ဥပမာ-မတည့်သောအစာတွေကတော့ မန်ကျည်းရွက်၊ မဲဇလီရွက်၊ ညံရွက်၊ သနပ်ရွက်၊ ကုန်းကန်စွန်းရွက်၊ ပီလောရွက်၊ ဆီးဖြူရွက်၊ ကင်းပုံရွက်၊ မုန်လာရွက်၊ မုန်ညင်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းရွက်၊ ရွှေဖရုံရွက်၊ ကန့်ကလာ၊ ကြက်ဟင်းခါးရွက် စသည်တို့အပြင် ဘဲသား၊ ဝက်သား၊ ပုစွန်အမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ကြက်ဥ၊ လိပ်ဥ၊ ဖွတ်ဥ၊ ကျွဲနို့၊ နွားနို့၊ ဆိတ်နို့ စသည်တို့ဖြစ်ပါသည်။

စားသုံးသင့်သော အစာတွေကတော့ ဆိတ်သား၊ သိုးသား၊ နွားသား၊ ကြက်သား၊ ချိုးသား၊ ခါသား၊ ခိုသား၊ စာကလေးသား၊ ချေသား၊ သမင်သား၊ ယုန်သား စသည်တို့အပြင် ရှောက်သီး၊ ရှောက်ရွက်၊ ဒန့်သလွန်ရွက်၊ ကုက္ကိုရွက်၊ ရဲယိုရွက်၊ မြင်းခွါရွက်၊ ပိုးစာရွက်၊ ကြိတ်မှန်ရွက်၊ လဲလူရွက်၊ ကြာဟင်းရွက်၊ ထနောင်းရွက်၊ ကြောင်ပန်းရွက်၊ သက်ရင်းကြီးရွက်၊ ခွေးတောက်ရွက်၊ ဂုံခါးရွက်၊ ပဲကြီး၊ ကုလားပဲ၊ ပဲစင်းငုံ၊ ဆိတ်သားဖြင့် ပြုလုပ်ထားသော မုန့်များ၊ ကြက်သား၊ နွားသားဖြင့် ပြုလုပ်ထားသော မုန့်များ စားသုံးနိုင်ပါတယ်။

အထူးသဖြင့် ဓာတ်စာသဘော စားသုံးလိုပါက ကြက်ဟင်းခါးသီး သို့မဟုတ်-ကြက်ဟင်းခါးရွက်ဖြင့် ပုစွန်ရော၍ ချက်စားနိုင်ပါတယ်။ သံပုရာရည်၊ ရှောက်ရည်များ သောက်သုံးပြီး ရှောက်သီးများလည်း သုပ်စားသင့်ပါတယ်။ အနေအထိုင် အစားအသောက်ဆင်ခြင်၍ ဉာဏ်ဖြင့်ယှဉ်ကာ သုံးဆောင်သွားခြင်းဖြင့် ကျန်းမာကြမည် ဖြစ်ပါသည်။

ရှေ့ဆောင်တင်ဆွေ
( မြဝတီမဂ္ဂဇင်း ၂၀၀၂-ခု သြဂုတ်လ)

No comments: