ကမ္ဘာနဲ့အဝန်း နှစ်စဉ် ၁ဝ-သန်းခန့်သောပုဂ္ဂိုလ်များမှာ ကင်ဆာရေဂါတမျိုးမျိုးကို ခံစားနေကြရသူများဖြစ်ပြီး ၄င်းတို့ထဲမှ နှစ်စဉ် ၆-သန်းခန့်ဟာ ကင်ဆာရောဂါဖြင့် သေဆုံးသွားကြတာကို တွေ့ရပါတယ်။ ယခုလက်ရှိအနေအထားအရ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ လူနာပေါင်း ၂၂-သန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားပါတယ်။ ဒီကင်ဆာရောဂါဟာ ယခင်က ဖွံ့ဖြိုးပြီးနိုင်ငံများမှာသာ တွေ့ရပေမယ့် ယခုတော့ အနောက်နိုင်ငံများ၏ လူနေမှုစနစ် ပုံစံကို အတုယူလွန်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း နှစ်စဉ်ဆိုသလို ကင်ဆာရောဂါဟာ မြင့်တက်လာနေပါတယ်။
ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ မိအေးနှစ်ခါနာ ဆိုသလို ကူးစက်ရောဂါတွေကြောင့် တဖက်၊ မြင့်တက်လာတဲ့ ကင်ဆာရောဂါကတဖက်နဲ့ လူမှုစီးပွား အခြေအနေတွေ အကျပ်အတည်းတွေ့ကြရပါတယ်။ နည်းပညာ အဆင့်အတန်း မြင့်မားလာတာနဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေလည်း မြင့်တက်လာတယ်ဆိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ နိုင်ငံတော်တော်များများမှာ သစ်ဥ၊ သစ်ဖု အစရှိသည်တို့ အခြေခံတဲ့ Indigenous Medicine ခေါ် တိုင်းရင်းဆေးကို စီမံချက်တရပ်အနေဖြင့် လုပ်ဆောင်လာကြတာကို အားလုံးသိရှိပြီး ဖြစ်မှာပါ။
ယခု အသီးအနှံတမျိုးဖြစ်တဲ့ ခရမ်းချဉ်သီးကို ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်းရှိတယ်လို့ ဘီဘီစီ သတင်းဌာနက တင်ပြချက်ကို ကောက်နုတ်ပြီး တင်ပြလိုက်ပါတယ်။
သိပ္ပံပညာရှင်များ တွေ့ရှိချက်အရ သာမန်ခရမ်းချဉ်သီးမျိုး မဟုတ်ဘဲ အထူးစိုက်ပျိုးထားတဲ့ ခရမ်းချဉ်သီးထဲမှ ကင်ဆာရောဂါတချို့ ဖြစ်ပွားမှုကို လျှော့ချနိုင်တဲ့ ပစ္စည်းတမျိုး တွေ့ရတယ်လို့ဆိုပါတယ်။ အဲဒီပစ္စည်းကတော့ Lycopene (လိုင်ကိုပီးန်) ခေါ် ဓာတ်ပြုမှု ဆန့်ကျင်တဲ့ အရာဝတ္ထုဖြစ်ပါတယ်။ ဒီပစ္စည်းကတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေရဲ့ ပျက်စီးမှုကို ရပ်တန့်စေပြီး ခရမ်းချဉ်သီးရဲ့ အနီရင့်အရောင်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကင်ဆာကရုဏာအသင်းတွေက ဘယ်လိုခရမ်းချဉ်သီးကိုမဆို စားပေးခြင်းဖြင့် အကျိုးရှိတယ်လို့ ထောက်ခံတင်ပြထားပါတယ်။
လူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားအစာအမျိုးမျိုးကို စားသင့်တယ်။ အဲဒီအထဲမှာ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးက ထုတ်လုပ်တဲ့ အစားအသောက်များ ပါသင့်တယ်လို့ဆိုပါတယ်။ ခရမ်းချဉ်သီးဟာ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုတို့ကို လျှော့စေနိုင်တယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်ကို တပတ်မှာ တခါပြင်စာ ၁ဝ-ကြိမ်နဲ့ ၄င်းအထက် စားသုံးမှုပြုပါက ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို ၄၅-ရာခိုင်နှုန်း လျော့ကျသွားစေတယ်လို့ အမျိုးသားထောင်ပေါင်းများစွာကို သုတေသနပြုလုပ်ချက်အရ သိရှိရကြောင်း တင်ပြထားပါတယ်။
တခြားသုတေသနတခုအရ ဒီ Lycopene (လိုင်ကိုပီးန်)ဟာ မကောင်းတဲ့အဆီ Bed Cholestrol ကို လျှော့ချပေးလို့ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးတယ်လို့လည်း ဆိုပါတယ်။ ဒီဓာတ်ပြုဆန့်ကျင်တဲ့ အာနိသင်ဖြစ်တဲ့ Lycopene (လိုင်ကိုပီးန်)ကို အစားအသောက်မှာ ပါဝင်စေရန် ကျန်းမာရေးနဲ့ ချက်ပြုတ်ရေးဆိုင်ရာပုဂ္ဂိုလ်များ စိတ်ဝင်တစားရှိကြကြောင်း သိရပါတယ်။ သုတေသနပြုလုပ်ထားတဲ့ အထူးခရမ်းချဉ်သီးဟာ ပုံမှန် ခရမ်းချဉ်သီးတွေထက် Lycopene (လိုင်ကိုပီးန်)ပါဝင်မှု ပိုများလာပြီး အရသာလည်း ကောင်းမွန်ပါတယ်လို့ ထုတ်လုပ်သူများက ပြောပါတယ်။
ဆီးကျိတ်ကင်ဆာ ကုသရာမှာ ဓာတ်ပြုမှုဆန့်ကျင်ပစ္စည်း Antioxidant ရဲ့ အခန်းကဏ္ဍကို ဂဃနဏ မသိကြရသေးပေမယ့် လူတွေစားမယ့် အစားအသောက်ထဲမှာ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးမှ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို စားသုံးသင့်တာ ငြင်းစရာမရှိဘူး-လို့ ဆိုပါတယ်။
လူတွေဟာ အသီးအနှံ များများ ပိုစားသင့်ပါတယ်။ တိရစ္ဆာန်အဆီ ၊ အထူးသဖြင့် အသားနီနီရဲရဲတွေ စားသုံးမှုကို လျှော့ချပြီး ကိုယ်အလေးချိန် ပုံမှန်ရှိအောင် ထိန်းသိမ်းသင့်ပါတယ်လို့ ထပ်မံတင်ပြထားပါတယ်။
ယူကေနိုင်ငံဌာနမှ အရာရှိတဦးက ပုံမှန် ခရမ်းချဉ်သီး (သို့) အထူးခရမ်းချဉ်သီး စားသုံးမှုကြောင့် အမျိုးသားများ၏ ဆီးကျိတ်ကင်ဆာ လျော့ကျခြင်း ရှိ-မရှိဆိုတာကို ရှင်းလင်းစွာ မပြနိုင်သေးပေမယ့် ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး-တို့ကြောင့် အကျိုးတစုံတရာရှိမှာဖြစ်တဲ့အတွက် စားသုံးသင့်ကြောင်း တင်ပြထားပါတယ်။
သင်ရော တပတ်မှာ ခရမ်းချဉ်သီး ဘယ်လောက် များများ စားသုံးဖြစ်ပါသလဲ။
Ref; BBC News, Internet.
အောင်ကြည်ဖြူ
(7Day News, Sep 4-2008)

No comments:
Post a Comment