Sunday, September 5, 2010

အနောက်ပရက္ကမ ဆရာတော်ကြီးနှင့် စိပ်ပုတီး

စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ကြီး ဘဒ္ဒန္တ၀ဏ္ဏာစာရ (၁၂၆၈-၁၃၃၇) သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။
တနေ့တွင် အနောက်ပရက္ကမချောင်၌ ဘိုးသက်ရှည်၊ ဘိုးလုံး၊ ဦးကျော်စိုးတို့သည် ဆရာတော်နှင့် မနီးမဝေးတွင် စုဝေးစကားပြောနေကြ၏။ စကားဝိုင်း တနာရီခန့်ကြာသောအခါ ဆရာတော်ကြီးက ထို ၃-ယောက်ကိုခေါ်၍ "မင်းတို့ကွယ်၊ ကလေးတွေလည်း မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ကွယ် ဖြစ်ပမလား။ တော်ရုံပြောကြ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်"ဟု ကရုဏာရောယှက်ပြီး ညည်းညူသံပါ ဖက်၍ မိန့်မြွက်ပြောဆို၏။

သို့ပြောဆိုရာမှ ဆရာတော်ကြီးက မောင်လုံး ပုတီးပါလား-ဟုမေး၏။ ဘိုးလုံးသည် ပုတီးမကိုင်သည်မှာ နှစ်အတော်ကြာပြီဖြစ်၏။ သူသည် ၀ိပဿနာယောဂီတဦးဖြစ်၍ ပုတီးမကိုင်၊ ၀ိပဿနာ ကမ္မဋ္ဌာန်းချည်း ဦးစားပေးထိုင်၏။ ထို့ကြောင့် ပုတီး ပါမလာ။ ဆရာတော်ကြီးက မေးနေပြန်တော့လည်း ပုတီးမကိုင်ကြောင်း မလျှောက်ဝံ့၍ ပုတီးရှိပါတယ်ဘုရား-ဟု လျှောက်ထား၏။

ဆရာတော်ကြီးက ရှိရင် ပါသလား-ဟု မေး၏။ ဘိုးလုံးလည်း ကွယ်ဖုံး၍ မရတော့မှန်း သိသဖြင့် အိမ်မှာရှိပါ တယ်ဘုရား-ဟု လျှောက်၏။ ဆရာတော်ကြီးက အေး မင်းလိုဖြင့်ကွယ် ဈေးထဲမှာ ပုတီးတွေအများကြီး ရှိတာပေါ့-ဟု မိန့်တော်မူပြီး အရွယ်ကြီးလာရင် ပုတီးဆောင်ရမယ်။ ၀ိပဿနာ မည်မျှပွားများအားထုတ်နေနေ၊ ပုတီးကိုတော့ လက်မလွှတ်ရဘူး။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနုဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကြ ကမ္မဋ္ဌာန်းကို ပြန်ပွားများအားထုတ်ရမယ်။

ှုဥပမာ-ခွန်အားဗလနဲ့ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့တဲ့အခါ ပန်းပဲမှာ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနဲ့တူတဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို လွှတ်ပစ်ထားလို့မရဘူးကွဲ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလည်း ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိ လက်မလွှတ်သလို ပုတီးကိုလည်း လက်မလွှတ်ရဘူး-ဟု အမိန့်ရှိ၏။

ဘိုးလုံးကို ဆုံးမပြီးလျှင် ဆရာတော်ကြီးက ဦးကျော်စိုး-အား ပုတီးပါလား-ဟု မေး၏။ ဦးကျော်စိုးက လည်ပင်းမှပုတီးကို ကပျာကသီဖြုတ်၍ ပြလေ၏။ ဆရာတော်ကြီးသည် ဦးကျော်စိုးအားလည်း ပုတီးစိပ်ရန် တိုက်တွန်းပြန်၏။ ထို့နောက် ဘိုးသက်ရှည်အား ပုတီးပါလား-ဟု မေးပြန်၏။

ဘိုးသက်ရှည်ကလည်း မရှိပါဘုရား-ဟု ရိုးသားစွာ လျှောက်၏။ အရင်ကရှိပါတယ်၊ ဘယ်ရောက်သွားလို့လဲ-ဟု ထပ်မံမေးပြန်၏။ ဘိုးသက်ရှည်က ရှဥ့်ချီသွားလို့ပါဘုရား-ဟု အမှန်ကို လျှောက်ထားလိုက်၏။ ဆရာတော်ကြီးက ဒါဖြင့် မောင်ရီ-လာလျှင် ပုတီးမှာလိုက်။ ပုတီးက ရှိမှဖြစ်မယ်-ဟု မိန့်တော်မူလေသည်။
အကိုး။ ။ စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်၏ ဖြစ်စဉ်နှင့် ကျင့်စဉ်များ။(အရှင်စာရိန္ဒ၊ ဓမ္မာစရိယ)

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

No comments: