Wednesday, September 15, 2010

အချိန်ကို မှတ်သားခြင်း နှင့် မြန်မာ့ဆယ့်နှစ်လ၏ နေ့တာ ညတာများ

နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်၊ တာရာတို့သည် အစဉ်မပြတ် လှည့်ပတ်သွားလာ လှုပ်ရှားနေကြ၏။ ထိုသို့ လှည့်ပတ်သွားလာ လှုပ်ရှားနေကြသည်နှင့်အမျှ အချိန်တို့သည်လည်း ရှေ့သို့တရွေ့ရွေ့နှင့် ရွေ့လျားသွားလာနေကြ၏။ အချိန်သည် မည်သည့်အခါမျှ မရပ်၊ မည်သည့်အခါမျှ မတန့်၊ မည်သူ့ကိုမျှလည်း မစောင့်၊ မိမိဘာသာ စနစ်တကျ ပုံမှန် ရွေ့လျားသွားလာနေ၏။
ထို့ကြောင့်-
အချိန်နှင့် ဒီရေသည် လူကိုမစောင့်-ဟု
ဆိုစမှတ် ပြုထားကြခြင်းဖြစ်၏။
ဒီရေတို့သည်လည်း တက်ချိန်တန် တက်၍၊ ကျချိန်တန် ကျကြသည်-မဟုတ်ပါလော။
အချိန်သည် ယင်းသို့ ရှေ့သို့သာ ဦးတည်၍ ပုံမှန်ရွေ့လျား သွားလာနေခြင်းကြောင့် စက္ကန့်-က မိနစ် ဖြစ်လာ၏။ မိနစ်-က နာရီ ဖြစ်လာ၏။ နာရီ-က ရက်ဖြစ်လာ၏။ ရက်-က လဖြစ်လာ၏။ လ-က နှစ်ဖြစ်လာ၏။

ထိုသို့ အချိန်ကို စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လ၊ နှစ် ဟူ၍ ပိုင်းခြား သတ်မှတ်ရာတွင် အဓိကအားဖြင့် နာရီကို အခြေခံပေသည်။
အချိန်ကို မှတ်သားပိုင်းခြားရန်အတွက် သိပ္ပံပညာရှင်တို့ စက်နာရီကို တီထွင်ကြ၏။ ရှေးမြန်မာမင်းများ လက်ထက်က ရေ-နာရီကို အသုံးပြုကြ၏။ အချို့က နေ-နာရီကို အသုံးပြုကြ၏။

စက်နာရီအရ တရက်လျှင် နေ့ ၁၂-နာရီ၊ ည ၁၂-နာရီအားဖြင့် ၂၄-နာရီရှိ၏။ ထိုကဲ့သို့ မှတ်သားပိုင်းခြားရာတွင် နေ့တာနှင့်ညတာ ညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လတို့၌ နေထွက်-နေဝင်ချိန် ၆-နာရီ၊ မွန်းတည့် သန်းခေါင်ချိန် ၁၂-နာရီဖြစ်၍ အချိန်နှင့်နာရီ ကိုက်ညီပေသည်။ သို့သော်လည်း နေ့တာ ညတာ မညီမျှသော လတို့၌မူ မွန်းတည့်ချိန်နှင့် သန်းခေါင်ချိန်တို့တွင်သာ အချိန်နှင့်နာရီ ကိုက်ညီ၍ နေထွက်ချိန်နှင့် နေဝင်ချိန်တို့မှာ မကိုက်ညီကြပေ။

ညတာ-တို၍ နေ့တာ-ရှည်သော လများတွင် နံနက် ၆-နာရီ မထိုးမီ နေထွက်၍ ညနေ ၆-နာရီ ထိုးပြီးမှ နေဝင်၏။
ညတာ-ရှည်၍ နေ့တာ-တိုသော လများတွင် နံနက် ၆-နာရီထိုးပြီးမှ နေထွက်၍ ညနေ ၆-နာရီမထိုးမီ နေဝင်လေသည်။

ရှေးမြန်မာဘုရင်များ လက်ထက်တော်တွင် အသုံးပြုသော နာရီမှာ ရေ-နာရီဖြစ်၏။ ရေ-နာရီဆိုသည်မှာ စနစ်အတိုင်းအထွာဖြင့် ကျနစွာ စီမံပြုလုပ်ထားသော ဖလားကို ရေပေါ်တွင် တည်သောအခါ ထိုဖလားရှိအပေါက်မှ ရေစိမ့်ဝင်လျက် ဖလားတွင် ရေပြည့်၍ တကြိမ်နစ်လျှင် ထိုအချိန်ကာလ အတိုင်းအတာကို တနာရီဟု မှတ်သားခြင်း ဖြစ်သည်။

ထို ရေ-နာရီအရ နေ့ ၃၀-နာရီ၊ ည ၃၀-နာရီ အားဖြင့် တရက်လျှင် နာရီ ၆၀-ရှိ၏။ ယင်း ရေ-နာရီ တနာရီ၏ အချိန်ကာလ အတိုင်းအရှည်မှာ လူတို့မျက်စိတမှိတ်၊ သို့မဟုတ်-မျက်တောင်တခတ် ကာလသည် တခဏ။
ဆယ်ခဏသည် တလယ။
ဆယ်လယသည် တခရာ။
ဆယ်ခရာသည် တပြန်။
၆-ပြန်သည် တဗီဇနာ။
၁၅-ဗီဇနာသည် တပါဒ်။
၎-ပါဒ်သည် တနာရီ ဖြစ်၏။

ထို ရေ-နာရီအရ နေ့ ၃၀-နာရီ၊ ည ၃၀-နာရီ ဆိုရာတွင် နေ့တာ၊ ညတာ ညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လတို့တွင်သာ ထိုအတိုင်း ကိုက်ညီသည်။အခြားလများတွင် မကိုက်ညီပေ။ ကဆုန်လသို့ ရောက်သောအခါ နေ့ ၃၂-နာရီ ရှိလာ၍ ည ၂၈-နာရီသာ ရှိသည်။ ထိုနည်းအတိုင်း လစဉ် နေ့ ၂-နာရီစီတိုး၍ ည ၂-နာရီစီ လျော့လေရာ ဝါဆိုလသို့ရောက်သောအခါ နေ့ ၃၆-နာရီ ရှိလာ၍ ည ၂၄-နာရီသာ ရှိတော့သည်။ ဤဝါဆိုလသည် တနှစ်တာတွင် နေ့တာအရှည်ဆုံးလ ဖြစ်၏။ သို့ဖြစ်၍ (နေ့ကိုလို ဝါဆို)ဟူ၍ ရှေးလူကြီးသူမတို့က စကားဆိုထုံး ပြုခဲ့ကြခြင်း ဖြစ်သည်။

တဖန် ဝါခေါင်လမှစ၍ လစဉ် ညတွင် ၂-နာရီစီတိုး၍ နေ့တိုင်း ၂-နာရီစီ လျော့လာရာ သီတင်းကျွတ်လသို့ ရောက်သောအခါ နေ့နှင့် ညတို့မှာ ၃၀-နာရီစီရှိ၍ ညီမျှနေပြန်၏။ ပြာသိုလသို့ရောက်သောအခါတွင်မူ ည ၃၆-နာရီရှိလာ၍ နေ့ ၂၄-နာရီသာ ရှိတော့သည်။ ဤပြာသိုလသည် တနှစ်တာတွင် ညတာ အရှည်ဆုံးလဖြစ်၏။ သို့ဖြစ်၍ ( ညကိုလို ပြာသို)ဟူ၍ ရှေးမြန်မာကြီးတို့က စကားဆိုထုံး ပြုခဲ့ကြခြင်းဖြစ်သည်။

တဖန် တပို့တွဲလမှစ၍ လစဉ် နေ့တွင် ၂-နာရီစီ တိုး၍ ညတွင် ၂-နာရီစီ လျော့လာပြန်ရာ တန်ခူးလသို့ ရောက်သောအခါ နေ့နှင့်ည တို့မှာ ၃၀-နာရီစီရှိ၍ ညီမျှနေပြန်တော့သည်။
တနှစ်ပတ်လုံး လတို့၏ နေ့တာ ညတာ အတိုအရှည်တို့ကို ပြန်လည်လေ့လာ သုံးသပ်ကြည့်သောအခါ တပို့တွဲလမှ ဝါဆိုလအထိ တဖြည်းဖြည်း နေ့တာရှည်လာသည်ကို တွေ့ရ၍ ဝါခေါင်လမှ ပြာသိုလအထိ တဖြည်းဖြည်း နေ့တာတိုလာသည်ကို တွေ့ရ၏။ တဖန် ညတာမှာမူ ဝါခေါင်လမှ ပြာသိုလအထိ တဖြည်းဖြည်းရှည်လာသည်ကို တွေ့ရ၍ တပို့တွဲလမှ ဝါဆိုလအထိ တဖြည်းဖြည်း တိုလာသည်ကို တွေ့ရလေသည်။

မြန်မာ့ဆယ့်နှစ်လ၏ နေ့တာ ညတာ အတိုအရှည်တို့ကို အကျဉ်းချုပ်နည်းအားဖြင့် မှတ်သားထားနိုင်ရန်အတွက် ကဝိလက္ခဏာ သတ်ပုံကျမ်းတွင်-
ပတ်သံ တာရှည်၊ တီးသံမြည်၊ လက်ဆည်ကန်စာရေး။
တဆယ်လောင်းမည်၊ ထမ်းပိုးရည်၊ ယင်းသည် နာရီပေး။
ဆယ့်နှစ်လလည်၊ နေ့ဖို့ရည်၊ ညဥ့်သည် အကြွင်းဆေး။
ဟူ၍ သံပေါက်လင်္ကာများဖြင့် စပ်ဆိုမှတ်တမ်းတင်ထားလေသည်။

ထိုသံပေါက် သုံးပုဒ်တွင် ပထမသံပေါက်မှာ တဆယ့်နှစ်လအတွက် တလုံးကောက် အက္ခရာနံသင့် ဂဏန်း တဆယ့်နှစ်လုံး ချရန် ဖြစ်သည်။
ချရာတွင်-
ပတ်=၅။ သံ=၆။ တာ=၇။ ရှည်=၈။
တီး=၇။ သံ=၆။ မြည်=၅။
လက်=၄။ ဆည်=၃။ ကန်=၂။ စာ=၃။ ရေး=၄။
ဟူ၍ ဂဏန်းချရပေည်။

နောက်သံပေါက် နှစ်ပုဒ်၏ အဓိပ္ပါယ်မှာ ဤသို့တည်း။
အဆိုပါ ဂဏန်းများတွင် အသီးသီး တဆယ်စီ လောင်းထည့်ပြီးလျှင် တဖန် ထမ်းပိုးတိုး၍ ရရှိလာသော ဂဏန်းစုသည် တန်လခူလမှ တပေါင်းလအထိ အစဉ်အတိုင်း ဆယ့်နှစ်လ၏ နေ့နာရီများ ဖြစ်လေသည်။
ညဥ့်နာရီမှာမူ တရက်အတွက် နာရီ ၆၀-ရှိရာတွင် အဆိုပါ နေ့နာရီစုကို အသီးသီး နုတ်လိုက်ပါက ရရှိလာသော အကြွင်းစုသည် အသီးသီး ညဥ့်နာရီများ ဖြစ်လာသည်ဟု ဆိုလိုပေသည်။

ဥပမာအားဖြင့် နယုန်လ၏ နေ့နှင့်ည-နာရီများကို သိလိုသည် ဆိုပါစို့။ ထိုလသည် တန်ခူးလမှစ၍ ရေတွက်လျှင် သုံးလမြောက်ဖြစ်၍ တာ-အက္ခရာနှင့် တိုက်ဆိုင်၏။ တာ=၇ ဖြစ်၍ ထိုတွင် တဆယ်တိုးလျှင် ၁၇-ရ၏။ ယင်းကို ထမ်းပိုးတင်လျှင် ၃၄-ရသည်။ ထို ၃၄-သည် နယုန်လ၏ နေ့နာရီဖြစ်သည်။ နာရီ ၆၀-တွင် ၃၄-နုတ်လိုက်သော် အကြွင်း ၂၄-နာရီရ၏။ ထို ၂၄-နာရီသည် ည-နာရီ ဖြစ်ပေတော့သည်။

ရှေးမြန်မာဘုရင်မင်းမြတ်တို့ လက်ထက်တော်တွင် အခါကြား ပဟိုရ်စည်တရက်လျှင် ၈-ကြိမ်တီးသည်။ နေ့ ၄-ကြိမ်၊ ည ၄-ကြိမ် ဖြစ်၏။
တရက်အတွင်း ပဟိုရ်စည်တီးပုံမှာ ဤသို့တည်း။ နေ့အတွက်မှာ ဤသို့ဖြစ်၏။ နေ့တာနှင့်ညတာညီမျှသော တန်ခူးလတွင် နံနက် နေထွက်သည့် အချိန်ကစ၍ ရေ-နာရီ တနာရီလျှင် မောင်းတချက်၊ ၂-နာရီလျှင် မောင်း ၂-ချက် အစဉ်အတိုင်း တီးသွားပြီးလျှင် ၇-မောင်းကျော် ၇-နာရီ ၂-ပါဒ်၊ သို့မဟုတ် ၇-နာရီခွဲရှိသောအခါ တလှည့်စီအားဖြင့် ခေါင်းလောင်းသံ ၁၁-ချက်၊ စည်သံ ၁၁-ချက် တီးရလေသည်။ ဤကဲ့သို့ ခေါင်းလောင်းသံနှင့် စည် ၁၁-ချက်စီ တီးသည်ကို နေ့တချက်တီးဟု ခေါ်လေသည်။ ထိုတချက်တီး အချိန်သည် စက်နာရီ နံနက် ၉-နာရီနှင့် ညီမျှ၏။

ယင်းသို့ တချက်တီးပြီးနောက် ရေ-နာရီ တနာရီလျှင် မောင်းတချက်တီးပြန်၏။ ထိုအချိန်ကို တချက်တီးကျော် တနာရီဟု မခေါ်ဘဲ တချက်တီးကျော် တမောင်းဟူ၍သာ မောင်းသံကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်းပင် ၇-နာရီနှင့် ၂-ပါဒ်ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၂၂-ချက်စီ တီးရပြန်လေသည်။ ယင်းကို ၂-ချက်တီး အချိန်ဟု ခေါ်လေသည်။ ထို ၂-ချက်တီးအချိန်သည် စက်နာရီ မွန်းတည့် ၁၂-နာရီနှင့် ညီမျှသည်။

ထို့နောက် ၇-နာရီ ၂-ပါဒ် ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၃၃-ချက်စီ တီးရပြန်သည်။ ယင်းကို ၃-ချက်တီးအချိန်ဟု ခေါ်လေသည်။ ထို ၃-ချက်တီးအချိန်သည် စက်နာရီ ညနေ ၃-နာရီနှင့် ညီမျှလေသည်။
ထို့နောက် ၇-နာရီ ၂-ပါဒ်ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၄၄-ချက်စီ တီးရပြန်၏။ ယင်းကို ၄-ချက်တီးအချိန်ဟု ခေါ်လေသည်။ ထို ၄-ချက်တီးအချိန်သည် နေဝင်ချိန်ဖြစ်၍ စက်နာရီ ၆-နာရီနှင့် ညီမျှလေသည်။

ညအတွက် ပဟိုရ်စည် ၄-ကြိမ် တီးပုံမှာလည်း အထက်ပါ နေ့အတွက် ပဟိုရ်စည် တီးပုံ နည်းအတိုင်းပင် ဖြစ်လေသည်။
ပဟိုရ်စည် တီးပုံတီးနည်း အကျဉ်းချုပ်မှာ ဤသို့တည်း။
နေ့တာ-ညတာတို့ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ နေ့နှင့်ညနာရီတို့ကို ၄-ပိုင်းစီ ပိုင်း၍ တပိုင်းအရှိတွင် တပဟိုရ်တီးမြဲဖြစ်၍ နေ့တာဖြစ်စေ၊ ညတာဖြစ်စေ အတိုဆုံးအခါမှာ ၆-နာရီ၊ သို့မဟုတ် ၆-မောင်းတွင် တပဟိုရ်တီးရသည်။
အရှည်ဆုံးအခါမှာ ၉-နာရီ၊ သို့မဟုတ် ၉-မောင်းတွင် တပဟိုရ် တီးရလေသည်။ ယင်းကဲ့သို့ နေ့တာ ညတာ အတိုအရှည်လိုက်၍ တီးရသော ပဟိုရ်ဖြစ်သောကြောင့် မည်သည့်လ၊ မည်သည့်အခါမဆို နေထွက်နှင့် နံနက် ၄-ချက်တီး၊ နေဝင်နှင့် ည ၄-ချက်တီး၊ မွန်းတည့်နှင့် ၂-ချက်တီး၊ သန်းခေါင်နှင့် ၂-ချက်တီးအချိန်တို့သည် အမြဲညီညွတ်တိုက်ဆိုင်မိကြလေသည်။

ထို ရေ-နာရီဖြင့် တီးအပ်သော ပဟိုရ်သည် နေထွက်၊ မွန်းတည့်၊ နေဝင်၊ သန်းခေါင်ချိန်တို့နှင့် အလွန်ကိုက်ညီသော်လည်း ယင်း ရေ-နာရီကို အသုံးပြုရာတွင် အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်နေရသောကြောင့် ဘုရင်မင်းမြတ်မှတပါး အခြားသူတို့ အသုံးပြုနိုင် ကြမည် မဟုတ်ပေ။
ထို့ကြောင့် ပဟိုရ်စည်သံကို မကြားရသောအရပ်၊ သို့မဟုတ်-မြို့တော်နှင့် ဝေးကွားသော အရပ်တို့တွင် နေထိုင်ကြသောသူတို့သည် အချိန်ကို မှန်းဆ၍သာ မှတ်သားကြရလေသည်။ နေ့အခါဖြစ်လျှင် နေထွက် တပြူအချိန်၊ နေထန်းတဖျားခန့် အချိန်၊ ဆွမ်းခံချိန်၊ ဆွမ်းခံပြန်ချိန်၊ ဆွမ်းစားချိန်၊ နေမွန်းတည့်ချိန်၊ နေမွန်းတိမ်းချိန်၊ ညနေစောင်းချိန်၊ စသည်ဖြင့် မှတ်သားကြရ၏။
ညအခါဖြစ်လျှင် နေဝင်ဖျိုးဖျ အချိန်၊ သူငယ် တိတ်ဆိတ် အချိန်၊ သက်ကြီးခေါင်းချ အချိန်၊ ညဦးကြက်တွန်ချိန်၊ သန်းခေါင် ကြက်တွန်ချိန်၊ လင်းအားကြီး ကြက်ဦးတွန်ချိန် စသည်ဖြင့် မှတ်သားကြရလေသည်။

သို့ဖြစ်၍ ရှေးအခါက ဇာတ်နှင့် ရုပ်သေး မင်းသားများသည် နေပြည်တော်နှင့် ဝေးကွာသော တောအရပ်၊ တောဒေသများသို့ ရောက်နေဟန် ကပြသောအခါတွင်-
ရွှေပဟိုရ် စည်သံများကိုလ
မကြားရ ကြာချေပြီ
လေးလရာသီ။
တိုင်းဌာနီရယ်လေ
မဟုတ်ကယ် ပါပြီလို့။
ကြက်သံကို ပဟိုရ်ပြုရတယ်
တောသူ့ရွာမို့။ ။
ဟူသော တောဓလေ့ သဖြန်ကို သီဆိုတတ်ကြလေသည်။

ထိုသဖြန်၏ အဓိပ္ပါယ်မှာ ဤသို့တည်း။ မြို့တော်နှင့် ဝေးကွာသော တောသူတောင်သားများ နေထိုင်ရာ တောအရပ် တောဒသသို့ ရောက်နေသည့်သူ ဖြစ်သည့်အတွက် ရွှေပဟိုရ်စည်သံများကို မကြားရသည်မှာ လေးလခန့်ပင် ကြာခဲ့လေပြီ။ တိုင်းနိုင်ငံ ရာဇဌာနီ မင်းနေပြည် မဟုတ်သဖြင့် ကြက်တွန်သံများကိုသာ ပဟိုရ်စည်သံပြုလုပ်၍ အချိန်အခါကို မှတ်သားနေရပါတော့သည်ဟု ဆိုလိုပေသည်။

မှန်ပေသည်။ ယခုအချိန်တိုင်အောင်ပင် တောသူတောင်သားတို့သည် ယခုအခါတွင် ကြက်တွန်သံကိုပင် ပဟိုရ်စည်သံပြု၍ (ဝါ) နာရီသံပြု၍ အချိန်အခါကို မှတ်သားနေကြရပေသေးသည်။

အချို့အရပ်ဒေသများတွင် နေ-နာရီကို အသုံးပြုကြပေသေးသည်။ ထို နေ-နာရီသည် နေ့အချိန်အတွက်သာ ဖြစ်ပေသည်။ နေ-နာရီ ပြုလုပ်ပုံမှာ ဤသို့ဖြစ်၏။
မျက်နှာပြင် ညီညာသော သစ်သားပြား၊ သို့မဟုတ်-သံပြားပေါ်တွင် အတော်အသင့်ရှိသော စက်ဝိုင်းခြမ်းငယ်ပုံ တခုကို ပက်လက် အနေအထား ရေးဆွဲရ၏။ ထိုစက်ဝိုင်းခြမ်း၏ စက်ဝန်း မျဉ်းကွေးပေါ်တွင် ညီမျှသော စက်ဝန်းပြတ်ငယ် တဆယ့်နှစ်ခုအဖြစ် တိုင်းတာမှတ်သားရမည်။ ထို့နောက် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်နှင့် ထိုအမှတ်တဆယ့်နှစ်ခုတို့ကို ပေတံကို အသုံးပြု၍ အသီးသီး ဆက်သွယ်ရမည်။ ထိုအခါ စက်ဝိုင်းခြမ်းကို တဆယ့်နှစ်ပိုင်း အညီအမျှ ပိုင်းခြားပြီးသား ဖြစ်သွားပေမည်။

မျဉ်းဖြောင့်တကြောင်းသည် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်မှ အောက်ဘက်သို့ တည့်တည့် ဆင်းလာမည်။ ထိုမျဉ်းကို ဗဟိုမျဉ်းဟု ဆိုပါစို့။ ထိုဗဟိုမျဉ်း၏ ဝဲဘက်တွင် ၆-ကွက်နှင့် ယာဘက်တွင် ၆-ကွက်ရှိ၏။ စက်ဝန်းပေါ်တွင် ဗဟိုမျဉ်း၏ ထိပ်အမှတ်၌ ၁၂-ဂဏန်းကို ရေးရမည်။ ထိုမှ ယာဘက်ရှိ မျဉ်း ၆-ကြောင်း၏ ထိပ်အမှတ်များတွင် အစဉ်အလိုက် ၁-မှ ၆-အထိ ရေးသွားရမည်။ ၁၂-ဂဏန်း၏ ဝဲဘက်ရှိ မျဉ်း ၆-ကြောင်း၏ ထိပ်အမှတ်များတွင်မူ ၁၁၊ ၁၀၊ ၉၊ ၈၊ ၇၊ ၆ ဟူသည့် ဂဏန်းများကို ရေးသွားရမည်။

ထိုအခါတွင် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်နှင့် တည့်တည့်ရှိ ဝဲ-ယာ အမှတ်တို့တွင် ၆-ဂဏန်းများကို အသီးသီး တွေ့ရပေမည်။ ထို ၆-ဂဏန်းများရှိသော အမှတ်နှစ်ခုနှင့် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်တို့သည် မျဉ်းတဖြောင့်တည်းတွင် ကျနေကြ၏။
စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်တွင် အပေါက်ငယ်တခုဖောက်၍ မရှည်မတို တုတ်တံတချောင်း (ဝါ) မဏ္ဍိုင်တခု စိုက်၍ နေရောင်ထိုးသော နံရံ၌ ဖြစ်စေ၊ တိုင်၌ဖြစ်စေ ထိုစက်ဝိုင်းခြမ်းကို တောင်ဘက်သို့ မျက်နှာမူလျက် ကပ်ထားလိုက်သောအခါ နေ-နာရီတခုကို ရရှိလေတော့သည်။

ထိုသို့ထားသောအခါ နေရွေ့လျားတိုင်း တုတ်တံ၏ အရိပ်သည်လည်း ရွေ့လျားသွားမည်။ တုတ်တံ၏အရိပ် မည်သည့်အမှတ်သို့ ရောက်လျှင် မည်သည့်အချိန်သို့ ရောက်ပြီဟု မှတ်သားနိုင်ပေသည်။ ဥပမာအားဖြင့်-ဗဟိုအမှတ်၏ ဝဲဘက်ရှိ ၆-ဂဏန်းပေါ်သို့ ရောက်နေလျှင် နံနက် ၆-နာရီအချိန်ဖြစ်၏။ ဗဟိုမျဉ်း၏ ထိပ်ရှိ ၁၂-ဂဏန်းပေါ်သို့ ရောက်နေလျှင် မွန်းတည့်ချိန်ဖြစ်၏။ ဗဟိုအမှတ်၏ ယာဘက်ရှိ ၆-ဂဏန်းပေါ်သို့ ရောက်နေလျှင် ညနေ ၆-နာရီအချိန် ဖြစ်ပေသည်။

အချိန်ကို ထိုထက် တိတိကျကျ သိလိုလျှင် ထိုနာရီကွက် ၁၂-ကွက်ကို ထပ်မံ၍ ပိုင်းခြားမှတ်သားနိုင်ပေသေးသည်။ ဥပမာအားဖြင့် ၁၅-မိနစ်ကွက်၊ နာရီဝက်ကွက် စသည် စသည်။
ထို နေ-နာရီတွင် မဏ္ဍိုင် (ဝါ) တုတ်တံ၏ အရိပ်သည် နေနှင့် ဆန့်ကျင်ဘက်အရပ်တွင် တည်ရှိပေသည်။
အချုပ်အားဖြင့် တင်ပြလိုပါသည်-
နေစကြာဝဠာအတွင်းတွင် နေ၊ လ၊ ကမ္ဘာတို့ရှိရာတွင် လသည် ကမ္ဘာကို ပတ်နေ၏။ ကမ္ဘာသည် နေကို ပတ်နေ၏။ နေသည်လည်း အာကာသအတွင်းတွင် ရွေ့လျားနေ၏။ လက ကမ္ဘာကို တပတ်ပတ်ရန် တလကြာ၏။
ကမ္ဘာက နေကို တပတ်ပတ်ရန် တနှစ်ကြာ၏။
ကမ္ဘာမြေကြီးသည် မိမိဝင်ရိုးပေါ်တွင် လည်ပတ်နေ၏။ ထို့ကြောင့် ကမ္ဘာက နေကို ပတ်နေစဉ်တွင် နေရောင်ရရှိသော အပိုင်းသည် နေ့ဖြစ်၍ နေရောင်မရရှိသော အပိုင်းသည် ည-ဖြစ်၍ နေလေသည်။ နေသွားရာ လမ်းကြောင်း ပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် နေ့တာ ညတာ အတိုအရှည်များလည်း ဖြစ်ပေါ်နေ၏။ မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း-ဟူ၍ ဥတုသုံးလီ ဖြစ်ပေါ်နေသည်။ ရာသီအားဖြင့်မူ ဆယ့်နှစ်ပါး ဖြစ်ပေါ်နေ၏။ နွေဥတုတွင် နေ့တာ တဖြည်းဖြည်း ရှည်လာသည်ကို တွေ့ရ၍ ဆောင်းဥတုတွင် ညတာ တဖြည်းဖြည်း ရှည်လာသည်ကို တွေ့ရပေသတည်း။

တက္ကသိုလ် ဘုန်းမြင့်ဆွေ
(မြဝတီမဂ္ဂဇင်း ၁၉၉၈-ခု ဖေဖော်ဝါရီလ)


No comments: