Sunday, September 26, 2010

မိုးညှင်းဆရာတော်ကြီး အမြဲရွတ်ပွားသည့် အန္တရာယ်ကင်းဂါထာ

မိုးညှင်းဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၃၄-ခုနှစ် တပေါင်းလဆန်း ၂-ရက် သောကြာနေ့တွင် သန်လျင်မြို့အပိုင်၊ ၀င်ခနီးခေါ်၊ ဂုံညှင်းရွာစု၌ ဖွားမြင်သည်။ ခမည်းတော်မှာ ဦးမိုး၊ မယ်တော်မှာ ဒေါ်ဘော်-ဖြစ်သည်။

အသက် ၅-နှစ်အရွယ်မှစ၍ မောင်မရွာဆရာတော် ဦးအာစာရထံတွင် ဗုဒ္ဓစာပေများကို စတင်သင်ယူသည်။ အလွန်ဉာဏ်ကောင်းလှသဖြင့် ဆရာတော်က နှစ်သက်ချီးကျူးခဲ့သည်။ ထို့နောက် ရှင်သုမန-ဟူသောဘွဲ့ဖြင့် ရှင်သာမဏေပြုသည်။ ရှင်သာမဏေဘ၀မှာပင် ဆရာသမားများထံမှ ပရိယတ္တိစာပေများကို သင်ယူရင်း ဉာဏ်ထက်မြက်လှသဖြင့် မိမိအောက်ငယ်ရွယ်သူ ကိုရင်များကို ပြန်လည်၍ စာပေပို့ချပေးခဲ့သည်။ သက်တော် ၂၀-အရွယ်တွင် ရဟန်းပြုသည်။

အရှင်သုမနသည် မန္တလေးမြို့ ဘုရားကြီးတိုက် စာတတ်အကျော်ဆရာတော် ဦးရန်ကုန်ထံတွင် ပရိယတ္တိစာပေ များကို ဆက်လက်သင်ယူသည်။ ထို့နောက် ကြည်ဝင်းဆရာတော်၊ မင်းဒင် စသော ဆရာတော်ကြီးများထံတွင် ပညာသင်ယူခဲ့ပြန်သည်။ အထက်တန်း ပရိယတ္တိစာပေများ ပြည့်စုံတတ်မြောက်ပြီးသောအခါ စာချဆရာတော် အဖြစ် ဆောင်ရွက်သည်။

အရှင်သုမနသည် ပဋိပတ္တိကို အားထုတ်လိုသဖြင့် ကျောက်ဆည်ဘက် အဲဗျမက္ခရာတွင် တောရဆောက်တည် သည်။ ပရိသတ်များသဖြင့် ခင်မွန်ဆရာတော်၊ ထို့နောက် ရေစကြို ဂူဖြူဆရာောတ်၊ ထို့နောက် မုံရွာလယ်တီ ဆရာတော်တို့ထံတွင် ချဉ်းကပ်၍ ၀ိပဿနာရှုနည်းများကို နည်းယူအားထုတ်သည်။ ထို့နောက် ယခု (မိုးညှင်းသမ္ဗုဒ္ဓေရှိရာ) နေရာသို့ ရောက်ရှိ၍ ဆယ်နှစ်လုံးလုံး စကားမပြော၊ တရားမဟောဘဲ တရားအားထုတ်၍သာ နေတော်မူသည်။

ထိုသို့အားထုတ်ရာမှ အရှင်မြတ်သည် အသိထူး၊ ဉာဏ်ထူးများ ဖြစ်ပေါ်၍ ဓမ္မအလင်းကြီး ရရှိတော်မူခဲ့သည်။ ထိုအချိန်မှာ ၁၂၇၆-ခု တန်ဆောင်မုန်းလပြည့်နေ့၊ ညသန်းခေါင်ယံအချိန် ဖြစ်သည်။ သက်တော် ၃၉-နှစ် အရွယ်တွင် တရားအလင်းရရှိတော်မူခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် မိုးညှင်းတွင် အခြေချ သီတင်းသုံးနေထိုင်ရာမှ သာမန်လူတို့ စိတ်မကူးရဲသည့် သမ္ဗုဒ္ဓေစေတီတော်ကြီးကို အံ့ချီးဖွယ် ကိုယ်တော်တိုင် တည်ဆောက်ပူဇော်နိုင်ခဲ့သည်။ သမ္ဗုဒ္ဓေစေတီတော်ကြီးကို ဖူးမြော်ရသူတိုင်း ရင်သပ်အံ့သြမဆုံး ရှိခဲ့ကြသည်။

အောက်ပါဂါထာမှာ ရှေးအထက် ဆရာကြီးတို့ အဆက်ဆက် လက်စွဲပြု၍ မိုးညှင်းဆရာတော်ကြီးကိုယ်တိုင် အမြဲရွတ်ဆိုလျက် တပည့်များကိုလည်း ရွတ်ဆိုရန် ညွှန်ပြတော်မူသော အန္တရာယ်ကင်းဂါထာတော် ဖြစ်သည်။

(ပါဠိဂါထာ)
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊

ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

ဧသာ ဉတ္တိ၊ သဗ္ဗ အန္တရာယော ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။

(အနက် မြန်မာပြန်)
ဘုရားရှင်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
တရားတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
သံဃာတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
အမိအဖတို့၏ ဂုဏ်တော်သည် အဆု့းအပိုင်းအခြားမရှိ။
ဆရာ၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။

ငါ၏ကိုးကွယ်ရာသည် ဘုရားသာ ဖြစ်၏။
ဘုရားမှတပါး အခြားကိုးကွယ်ရာမရှိ။
ငါ၏ကိုးကွယ်ရာသည် တရားသာ ဖြစ်၏။
တရားမှတပါး အခြားကိုးကွယ်ရာ မရှိ။
ငါ၏ကိုးကွယ်ရာသည် သံဃာသာ ဖြစ်၏။
သံဃာမှတပါး အခြားကိုးကွယ်ရာ မရှိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

အန္တရာယ်ဟူသမျှ ဝေးရာရှောင်ရှား သွားကြကုန်လော့။

မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇန်န၀ါရီလ)

No comments: