Thursday, September 2, 2010

မသိခြင်း နှင့် သတိမမူခြင်း

( ရောဂါခုခံမှု စွမ်းအား ကျဆင်းရခြင်း )
ကျွန်တော်၏ ပါရဂူတန်း အတန်းဖော် အမေရိကန်များက မကြာခဏပြောသည်။
မင်းတို့တရုတ်လူမျိုးတွေ သိပ်ထူးဆန်းတာပဲ။ ဘာကြောင့် ဆရာဝန်ကို သူတို့က အမိန့်ပေးနေရသလဲ မသိဘူး။ သူတို့က မကြာခဏ ခေါ်လာပြတယ်။ စစ်ဆေးပြီး သူတို့ကို ပြောပြတယ်။ ကလေးက ဘာမှ ကြီးကြီး ကျယ်ကျယ်ဖြစ်တာ မဟုတ်ဘူး။ အအေးမိရုံလေးပဲ။ ရေများများသောက် များများအနားယူလိုက်လျှင် ကောင်းသွားမှာပါ-ဆိုတော့ ကလေးမိဘက ဘာပြန်ပြောတယ်မှတ်သလဲ။
ခင်ဗျားက နာမည်ကြီး ဆရာဝန်တယောက်ပဲ၊ အနည်းဆုံး ကလေးကိုတော့ ဆေးထိုး၊ ဆေးတိုက် လုပ်သင့်တာပေါ့။ ဒါမှမဟုတ် ဆေးသွင်းလိုက်လျှင် မြန်မြန်နေကောင်းသွားမှာပေါ့-တဲ့။

ကျွန်တော်တို့သိထားသည်မှာ လူ့ခန္ဓာကိုယ်တွင် ရောဂါတိုက်ဖျက်မှုစနစ်-သည် အကောင်းဆုံးသော ကျန်းမာရေးအတွက် ရောဂါကာကွယ်ရေး ခံတပ်ဖြစ်သည်။ အကယ်၍ ကျွန်တော်တို့သည် မကြာခဏ ဆေးထိုး၊ သို့မဟုတ် ဆေးသွင်းလျှင် ရောဂါတိုက်ဖျက်မှုစနစ်ကို ထိခိုက်နိုင်သည်။ ရန်သူ ရောဂါပိုးများကို ကျူးကျော် ၀င်ရောက်ရန် အခွင့်ကောင်းပေးသကဲ့သို့ ဖြစ်လိမ့်မည်။
********************************************************************************

( မသိခြင်း၏ နောက်ဥပမာ တခု)
ဆင်းရဲသော တရုတ်ပြည် အလုပ်ကြမ်းသမားသည် ထမင်းနဲ့ ၀က်ဆီ ရောနယ်ပြီး မုန်လာဥ အငန်နှင့် ထမင်းစားလျှင် ထမင်းမြိန်၍ အဆာခံသည်ဟု ထင်မြင်ကာ စားကြသည်။ မြန်မာအလုပ်ကြမ်းသမားအချို့သည်လည်း အကြော်မုန့်ကို ငါးပိရည်နှင့် စားလျှင် ထမင်းမြိန်သည်ဟု ခံယူကာ စားတတ်ကြသည်။

တကယ်တမ်းဆိုလျှင် ၀က်ဆီ၊ အကြောခံဆီများသည် အစာကြေရန် ခက်ခဲသည်။ ထို့ကြောင့် အဆာခံခြင်း ဖြစ်သည်။ တာရှည် ဤသို့စားသောက်ပါက အစာအိမ်ဝန်ပိသည့်အပြင် သွေးကြောများကိုလည်း မာကျောစေပြီး သွေးတိုးရောဂါ ရစေနိုင်သည်။ ဆား၏ ဆိုဒီယမ်ဓာတ်ကလည်း သွေးတိုးရောဂါဖြစ်ရန် အားပေးသည်။

အသည်းရောင် ဘီရောဂါပိုးရှိသူ သုံးပုံနှစ်ပုံခန့်သည် မိမိ၌ ထိုဘီရောဂါပိုးရှိသည်ကို မသိကြပေ။ အမေရိကန် ၀ါရှင်တန်တက္ကသိုလ်မှ ကူးစက်ရောဂါဌာန ပါမောက္ခ ဒေါက်တာဘီစ်လီ (Dr.Beasley)၏ သုတေသနပြု စာတမ်းအရ အသည်း ရောင်ဘီပိုးရှိသူသည် မရှိသူထက် အဆ ၁၀၀-ပို၍ အသည်းကင်ဆာရောဂါ ဖြစ်နိုင်သည်ဟု ဆိုသည်။ ဂရုပြုသင့်သည်။

လူထုကြား မှားယွင်းသော အယူအဆတခုမှာ ပေါင်းခံရေသည် အသန့်ဆုံး၊ ကျိုချက်ပြီးရေသည် စိတ်အချရဆုံးဟု ယူဆပြီး သောက်သုံးကြသည်။ လူကြိုက်များသည်။ ထိုရေများသည် သန့်ရှင်းသော်လည်း သတ္ထုဓာတ်များ မပါသည့်အပြင် pH7 သာရှိသည်။ လူ့ခန္ဓာကို ကျန်းမာစေသည့် ကိုယ်ရည်သည် pH7.35 မှ 7.45 ကြားတွင်သာ ရှိသည်။ နှိုင်းယှဉ်လိုက်လျှင် အက်စ်ဓာတ်ကဲနေသည်။ သောက်ရေ၏ pH တန်ဖိုး သည် ပိုကဲ၊ ပိုနည်းခြင်းတို့သည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ၁၉၉၆-ခုနှစ်တွင် တရုတ်ပြည်၊ ပေကျင်း၊ ကွမ်ကျိုး စသည့် မြို့ကြီးများတွင် ကျောင်းဝင်းအတွင်း ကျောင်းသားများကို ပေါင်းခရေ ရောင်းပေးခြင်းကို ပိတ်ပင်ခဲ့သည်။
*********************************************************************************

(မြေပဲချဉ်ဖြင့် သွေးတိုးချ)
ကျွန်မဖေဖေသည် အသက် ၄၆-နှစ်၊ အနည်းငယ်ဝ၍ အရက်လည်း ကြိုက်တတ်သဖြင့် သွေးတိုးရောဂါ ရလေပြီ။
မကြာခဏ ခေါင်းကိုက်ခေါင်းမူး၊ အိပ်ရေးပျက်၊ မှတ်ဉာဏ်မေ့လျော့ စသည့် နေမကောင်းသော ရောဂါလက္ခ္စဏာများ ပြလာသည်။ ညဘက်လည်း မကြာခဏ ဆီးထသွားတတ်သည်။ တခါတွင်မူ ကားပေါ်မှဆင်းပြီးနောက် မူးလဲသွားသည်။ ဖေဖေ့ကို ဆရာဝန်ပြ၊ ဆေးတိုက်ရသည်။

သို့သော် ဖေဖေသည် အနည်းငယ် နေသာထိုင်သာရှိသည်နှင့် ဆေးကိုမသောက်တော့၊ တရုတ်တိုင်းရင်းဆေးကိုလည်း အ၀င်ဆိုး၍ မသောက်ချင်။ သွေးတိုးရောဂါသည် တိုးတက်လာ၍ နှလုံးရောဂါ ဖြစ်လာနိုင်သည်။ ဦးနှောက်သွေးကြော ပေါက်သွားနိုင်သည်။

သို့ဖြင့် ဖေဖေ့အတွက် စားလို့လည်းလွယ်၊ အ၀င်လည်း ကောင်းသောဆေး ရှာပေးရသည်။ ဤတွင် ဆေးမြီးတိုတမျိုး ရွေးချယ်သတ်မှတ်လိုက်သည်။ အမြှေးခွံပါးပါသော မြေပဲဆံ ၁၀၀-ဂရမ်ကို ဗီနီဂါ (ရှာလကာရည်) ၅၀၀-မီလီမီတာတွင် ၇-ရက်ကြာ စိမ်ထားရသည်။
ထို့နောက် နေ့စဉ် နံနက် ဘာမှမစားမီ ထိုမြေပဲချဉ် ၁၀-လုံးကို စားရသည်။ ဖေဖေသည် နံနက်စာ မစားမီ ဤမြေပဲချဉ် ၁၀-လုံးကို စားသည်မှာ အကျင့်ရလာသည်။ ၂-လကြာသောအခါ သွေးပေါင်ချိန်သည် မူလထက် များစွာကျသွားလေသည်။

ဤဆေးမြီးတိုတွင် မြေပဲနှင့် ဗီနီဂါသာပါသည်။ မြေပဲသည် သွေးတိုးကို လျှော့ချနိုင်ရာတွင် ဗီနီဂါသည် အဓိကဖြစ်သည်။ ဗီနီဂါသည် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ အစာချေခြင်းကို အားပေးသည်။ ပိုးသတ်၍ အဆိပ်ဖြေသည်။ ရောင်ရမ်းသည်ကို ရော့စေပြီး မာသည့်အရာကို ပျော့စေနိုင်သည်။ ထို့ကြောင့် ဗီနီဂါသည် နှလုံးသွေးကြောကျဉ်းရောဂါများအတွက်ပါ ကုသမှုတွင် အာနိသင်ရှိသည်။

အချို့သူများသည် မြေပဲအစားများလျှင် ၀မ်းဗိုက်လေပွ၍ ၀မ်းသွားလျှင် အရည်ကြဲသွားတတ်သည်။ ဤသို့ ၀မ်းမီးမကောင်းသူဖြစ်လျှင် နေ့စဉ်မြေပဲချဉ် ၃-လုံး၊ ၄-လုံးခန့်သာ စားသင့်သည်။
(တရုတ်ဘာသာဖြင့် ထုတ်ဝေသော Popular Medicine, 2002. A 10)

ပါမောက္ခ ဒေါ်ခင်ဖြူ
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: