Friday, September 17, 2010

ဗုဒ္ဓသာသနာနှင့် ရှင်ဥပဂုတ္တ မဟာထေရ်

( မြန်မာနိုင်ငံနှင့် ရှင်ဥပဂုတ် ကိုးကွယ်ပူဇော်မှုဓလေ့ )

သီတင်းဝါလကျွတ်၍ မိုးလေဝသရှင်းသော ကာလများတွင် ဧရာဝတီ၊ စစ်တောင်း၊ စသည့် မြစ်ရိုးတလျှောက် အခြားချောင်းများ မြစ်လက်တက်များတွင် ညဘက်၌ မီးကလေးတလက်လက်ဖြင့် စုန်မျောလာကြသော ရှင်ဥပဂုတ်ဖောင်တော်များကို မကြာခဏ တွေ့ဖူးကြပါလိမ့်မည်။ ထိုဖောင်တော်များကို မြစ်ရိုးတလျှောက် မြို့များ၊ ရွာများမှ ဆယ်ယူပူဇော်ပြီး ပွဲလမ်းသဘင်များဖြင့် ခမ်းခမ်းနားနား ပူဇော်ကြသည်ကိုလည်း တွေ့ဖူးကြပါလိမ့်မည်။ ဧရာဝတီမြစ်၏ အထက်အညာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ကျောက်မြောင်း၊ စစ်ကိုင်း စသော မြို့ကြီး၊ မြို့ငယ်များသည် ရှင်ဥပဂုတ်ပွဲတော်ကို တခမ်းတနား ပြုလုပ်လေ့ ရှိကြပြီး စစ်တောင်းမြစ်တွင် ရွှေကျင်မြို့၏ မီးမျှောပွဲသည် မြန်မာပြည်တွင် ကျော်ကြားလှပါသည်။

အချို့ မြစ်ချောင်းမရှိသော မြို့-ရွာများကလည်း ရေကန်ငယ်တွင် လှပဆန်းကြယ်သော ရှင်ဥပဂုတ် ဖောင်တော်-ကို ပြုလျက် အထူးထူးသော ပူဇော်မှုတို့ဖြင့် ပူဇော်လေ့ရှိကြပါသည်။ ဘုရားဝင်း ကျောင်းဝင်းများတွင်လည်း ရှင်ဥဂုတ် ရဟန္တာအရှင်သူမြတ်၏ ရေကန်ငယ်ဖြင့် တည်ထားအပ်သော ဖော်တော်ကို တွေ့မြင်နိုင်ကြပါသည်။ အချို့ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ် ဘုရားစင် များတွင်လည်း ကြေးလင်ပန်းအောက်ခံ ရေဖြည့်လျက် ကြေးပြာသာဒ်ဖြင့် အရှင်မြတ်၏ရုပ်တုတော် ကိုးကွယ်မှု ရှိကြပါသည်။

ဤဓလေ့များတွင် မှန်ကန်ချက်များမှာ စံနေတော်မူသည့် ကြေးပြာသာဒ်-နှင့် အရှင်သူမြတ်၏ နေကိုမော့ကြည့်-ဟန်များပင် ဖြစ်ပါသည်။ ဤသည်မှာ စာပေကျမ်းဂန်များမှ သိရှိရသော ရှင်ဥပဂုတ်ရဟန္တာ အရှင်သူမြတ်၏ အတ္ထုပ္ပတ္တိဖြစ်စဉ်များအရ တည်ထားကြခြင်းဖြစ်ပေရာ ရှင်ဥပဂုတ္တမထေရ်မြတ်သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်ဖြင့် တပါးတည်း သီတင်းသုံး နေတော်မူသော အသက်ထင်ရှား ရဟန္တာမြတ်ကြီး ဖြစ်သည်-ဟူသော ယုံကြည်မှုပင် ဖြစ်ပါသည်။

(အရှင်သူမြတ်၏ သာသနာဆိုင်ရာ စွမ်းဆောင်ချက်များ)
ဘုရားသားတော်၊ ရဟန်းတော်များသည် တပါးတည်းစံနေခြင်း။ ရဟန်းများနှင့်အတူ ဥပုသ်ပြုခြင်းမှ ပျက်ကွက်ခြင်းရှိလျှင် အပြစ်အာပတ်သင့်၏။ ရှင်ဥပဂုတ်သည်လည်း ဤအပြစ်အာပတ်၏ဒဏ်ကို ထမ်းဆောင်သောအားဖြင့် ထေရ်ကြီးဝါကြီး၊ ရဟန်းတော်ကြီးများမှပေးသော တာဝန်တရပ်ကို ထမ်းဆောင်ရပေရာ ထိုအဖြစ်အပျက်သည် သာသနာ့သမိုင်းတွင် ထင်ရှားစွာ တွင်ရစ်ခဲ့ပေသည်။

(မာရ်နတ်အား အရှင်သူမြတ် ဆုံးမတော်မူခြင်း)
သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ အလှူတော်တို့မှာလည်း သာသနာ့သမိုင်းတွင် ထင်ရှားလှပေရာ မြန်မာနိုင်ငံအတွင်း၌လည်း ထိုစေတီ၊ ရေတွင်း၊ ရေကန်တို့ ယခုထိ အထင်အရှား ရှိပေသေးသည်။ မင်းတရားကြီး၏ သာသနာပြုလုပ်ငန်းများ၊ ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်ခြင်းများသည် မျက်မှောက်ကာလသို့ သာသနာတော်ကို ထိန်းသိမ်းသယ်ပိုးလာကြခြင်းပင် ဖြစ်ပါသည်။ မင်းကြီး၏ အသောကာရာမ ကျောင်းတော်ကြီးနှင့် မဟာစေတီမှာလည်း ကျော်ကြားထင်ရှားလှပါသည်။ ထိုအစုစုသော ကောင်းမှုတို့အား အနုမောဒနာပွဲကြီးတွင် မာရ်နတ်၏ အဖျက်အဆီးလုပ်ရပ် အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် ရှင်ဥပဂုတ် မဟာထေရ်အား တားဆီးပေးပါရန် တာဝန်ပေးခြင်း ခံရပါသည်။

အနုမောဒနာပွဲမှ ဆီမီးတသိန်းပူဇော်ရာ မာရ်နတ်မင်းက လေပြင်းတိုက်၍၄င်း၊ သဲမိုး၊ ကျောက်စစ်မိုး၊ ကျောက်ဖျာမိုး၊ မီးကျီးမိုး စသည်တို့ဖြင့် အဖျက်အန္တရာယ်ပြုရာ ရှင်ဥပဂုတ်အရှင်မြတ်က အဓိဋ္ဌာန်တန်ခိုးဖြင့် အနုမောဒနာပွဲကြီးကို စိုးစဉ်းမျှ အထိအခိုက်မရှိစေဘဲ စကြဝဠာတံတိုင်းအပသို့ စွန့်ပစ်လေသည်။

ထိုအခါ မာရ်နတ်သည် မိမိလုပ်ရပ်များ မအောင်မြင်ခြင်းကို အမျက်မာန်ပွားလျက် နွားလားဥသဘဟန်၊ ဦးခေါင်းခုနစ်လုံးပါ နဂါးကြီးဟန်၊ ဘီလူးဟန် စသည်စသည် ဖန်ဆင်းလျက် ရန်ပြုပြန်ရာ ရှင်ဥပဂုတ်မထေရ်မြတ်ကြီးက ကျားအသွင်၊ ဂဠုန်အသွင်၊ နှစ်ဆမျှကြီးသော ဘီလူးကြီးအသွင်တို့ဖြင့် မာရ်နတ်အား ကြီးစွာသောလက်နက်တို့ဖြင့် ဆုံးမလေ၏။

မာရ်နတ်လည်း ကြောက်ရွံ့လှသဖြင့် တင့်တယ်သော လူအသွင်ဖြင့် ရှင်ဥပဂုတ်အရှင်မြတ်ရှေ့တွင် ရပ်လာလေသည်။ အရှင်သူမြတ်လည်း ဤမာရ်နတ် နောင်ကြဉ်စေအံ့-ဟု ပိုးလောက်တို့အတိပြီးသော ခွေးသေကောင်ပုပ်တကောင်ကို မာရ်နတ်၏ လည်တွင် ဆွဲပေးလိုက်တော့သည်။

အခံခက်လှသော မာရ်နတ်လည်း တွေ့မြင်သမျှ နတ်ဗြဟ္မာတို့အား ဖယ်ချွတ်ပေးပါမည့်အကြောင်း တောင်းပန်းတိုးလျှိုး ပေတော့၏။ မည်သူတစုံတယောက်မှ ဖယ်ချွတ်ပေးခြင်း မတတ်နိုင်ရှိသောအခါမှ ရှင်ဥပဂုတ် အရှင်သူမြတ်ကိုယ်တိုင်အား တိုးလျှိုးရလေတော့၏။ အရှင်သူမြတ်ကလည်း သီရိဓမ္မာသောကမင်းကြီး၏ ကုသိုလ်တော် အနုမောဒနာပွဲအား မနှောင့်ယှက်ရန် ဆိုဆုံးမလျက် ခွေးသေကောင်ပုပ်ကို တန်ခိုးတော်ဖြင့် ဖယ်ချွတ်ပေးပြီး တောင်ခါးပန်းတခုတွင် ခါးပန်းကြိုးဖြင့် ချည်နှောင်၍ ကုသိုလ်တော်ပွဲ အခိုက်အတန့်ကို ငြိမ်းအေးစေခြင်းငှါ ဒဏ်ခတ်ထိန်းသိမ်းထားလိုက်ရပေသည်။ အနုမောဒနာပွဲကြီးပြီးမှသာ ချမ်းသာခွင့်ပေးလိုက်ပါတော့သည်။

ယခုမျက်မှောက်ကာလအထိ အလှူအတန်းတွင် တခုခုဖြစ်လျှင် မိုးလေဒဏ်မှ ကင်းစေခြင်းငှါ ဘုရားပွဲတွင် အုန်း၊ ငှက်ပျော၊ တံခွန်၊ ကုက္ကား၊ မုလေးပွား-စသည့် ပန်းမန်အမွှေးတိုင်တို့ဖြင့် ရှင်ဥပဂုတ်ပွဲပြုလျက် အရှင်မြတ်အား ပူဇော်ပြီး မာရ်နတ်၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးပါရန် ဆုတောင်းကြသည့် အစဉ်အလာ ရှင်သန်လျက်ရှိပါသည်။

(ဂေါတမဗုဒ္ဓ၏ ဗျာဒိတ်)
ဘုရားရှင်လက်ထက်တော်က ဆွမ်းခံကြွလာသော ဘုရားရှင်အား ပီယဒဿီ-အမည်ရှိ သူဌေးသားသူငယ်က ကြည်ညိုသဒ္ဓါ လှသဖြင့် (မိမိတို့ကစားနေသော နေရာတွင် အခြားလှူဖွယ်ပစ္စည်းလည်း တစုံတရာ မရှိသဖြင့်) ကစားနေသော မြေမှုန့်များကိုသာ အမွန်အမြတ်ပြုကာ ရိုရိုသေသေ လောင်းလှူလိုက်လေ၏။ ထိုသဒ္ဓါတရား အလှူကုသိုလ်အဟုန်၏ အကျိုးပေးကို သိမြင်တော်မူသော ဘုရားရှင်က သာသနာနှစ် ဤရွေ့ဤမျှအချိန်တွင် အသောကမင်းကြီး၏ အနုမောဒနာပွဲ၌ မာရ်နတ်၏ အန္တရာယ်ခပ်သိမ်းမှ တားဆီးကာ အသောကမင်းကြီး၏ သာသနာပြုခြင်းကို ကူညီထောက်ပံ့မည့် ဥပဂုတ္တမည်သော ရဟန္တာဖြစ်လတံ့-ဟု မိန့်ခဲ့ပါသည်။ ဤဗျာဒိတ်အရ မာရ်နတ်အား ဆုံးမနိုင်ခဲ့သော သာဓကသည် ယခုတိုင်ပင် ကုသိုလ်ပွဲများ၌ အရှင်မြတ်အား အားကိုးအားထားပြုလျက် ပူဇော်ကြခြင်း ဓလေ့များဖြင့် ထွန်းကားနေပေတော့သည်။

(ပူဇော်နည်းများ)
ရှင်ဥပဂုတ်ဖောင်တော် စတင် မျှောလွှတ်မည့်သူများက ရုပ်တုကို (လက်ယာလက်ဖြင့် ဆွမ်းသပိတ်ကိုနှိုက်လျက် မွမ်းယိန်း၊ မယိမ်း သိစိမ့်သောငှါ နေကို မော့ကြည့်ဟန်) ထုလုပ်ကြပါသည်။ သစ်သားဖြင့် ထုလုပ်သည်မှာ အစဉ်သဖြင့် ကိုးကွယ်ရန်ဖြစ်ပြီး မြစ်၊ ချောင်း၊ တလျှောက် မျှောလွှတ်ရာတွင် ရေ-မိုးကြောင့် အပျက်အစီး ကုန်ကျစရိတ် သက်သာရန် ရွှံ့ဖြင့်လည်း ထုလုပ်ကြပါသည်။ ရုပ်တုကို ပီပြင်စွာ ခြယ်မှုန်းခြင်း၊ သင်္ကန်း၊ သပိတ် အစစ်များဖြင့် ပူဇော်ခြင်းများအပြင် ပန်းမန်၊ ဆီမီး အမွှေးတိုင်၊ ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်စိုက်ကာ ဝါးဖောင် ခိုင်ခံ့စွာဖြင့် ဝါဆိုဖယောင်းတိုင်ကြီးများ ထွန်းညှိကာ အချို့မှာ ကြာရှည်ခံရန် ရေနံဆီ ဆယ်ဝင်ပုံးကို မီးစာတပ် ထွန်းညှိပြီး ဆွမ်း၊ ရေချမ်း၊ သစ်သီးဆွမ်းများဖြင့် မျှောလွှတ်ပါသည်။ ရှင်ဥပဂုတ် မျှောခြင်းကိုပြုလျှင် အနေကဇာတင်ခြင်း၊ တရားပွဲများ ကျင်းပခြင်း၊ သံဃာတော်တို့အား ဆွမ်းကပ်ခြင်း၊ အချို့ ပွဲလမ်းသဘင်၊ အဆို အက၊ ဆိုင်း၊ စာဟော စသည်ဖြင့် ၃-၄ ရက်မျှ ပျော်ရွှင်စွာဖြင့် ဒါန၊ သီလ၊ ဘာဝနာမှုတို့ကို ပြုကြပါသည်။

မျှောလွှတ်သောအခါ နေ့ခင်းတွင် လှေပြိုင်ပွဲများဖြင့်၎င်း၊ တက်ခုတ်ယိမ်းများဖြင့်၎င်း၊ အိုးစည်ဒိုးပတ်၊ သံချပ်မြိုင်မြိုင်ဖြင့် အပြိုင်ဆင်နွှဲကြပြီး မိုးချုပ်စအခါတွင် ကြိုတင်ပြင်ဆင်ထားသော ဆီမီးတထောင်၊ ပန်းတထောင် စသည်တို့ကို ရေတွင်မျှောချကြပြီး နောက်ဆုံးတွင်မှ ရှင်ဥပဂုတ် ဖောင်တော်ကို မျှောလွှတ်ကြလေသည်။ တွေ့ရှိသော နောက်ရွာများ မြို့များက ဆယ်ယူပြီး ထပ်မံပူဇော်၍ ဆက်လက်မျှောချပြန်ပါသည်။ ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားတို့သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ် ဖြင့် စံတော်မူသော ရှင်ဥပဂုတ် ရဟန္တာအရှင်သူမြတ်ကြီးအား ပူဇော်လိုက်သည့် ဖောင်တော်သည် မြစ်များ၊ ချောင်းများ ခရီးအဆုံး သမုဒ္ဒရာသို့ ရောက်ရှိမည်ဟု မျှော်မှန်းသကဲ့သို့ စေတနာသဒ္ဓါတရား ကုသိုလ်ပြုမှု၏ ရည်မှန်းချက်မှာလည်း ဝဋ်ဆင်းရဲအပေါင်းမှ ကင်းလွတ်ရာ အမတခေါ် နိဗ္ဗာန်ရွှေပြည်သို့သာ ဖြစ်ပါကြောင်း စုဆောင်း တင်ပြအပ်ပါသည်။

ရွှေကူနန်းနွဲ့နွဲ့

ကိုးကားချက်များ
၁။ ရှင်ဥပဂုတ္တ ရဟန္တာပူဇော်နည်း။ ဓမ္မာစရိယ ဦးခင်မောင်လင်း (၁၉၇၇-ဇူလိုင်လ)
၂။ သာသနာ ၂၅၀၀-ခရီး။ (မောင်အံ့)
၃။ အသောကကျောက်စာ (ပါရဂူ)

(ငွေတာရီမဂ္ဂဇင်း ၂၀၀၀-ပြည့်နှစ် အောက်တိုဘာလ)

No comments: