Tuesday, September 14, 2010

ကိုယ်တွေ့ အဆီချနည်း

ကျွန်တော့်ဖခင်သည် မော်တော်ကားရောင်းသူနှင့် အခြေအတင်ပြောဆိုနေစဉ် နှလုံးရောဂါ၏ ထိုးနှက်မှုခံရပြီး ရုတ်တရက်လဲကျသွားသည်။ ဆေးရုံသို့တင်ပို့သော်လည်း ဖခင်ကွယ်လွန်ခဲ့သည်။ ဖေဖေ၏အသက်မှာ ၆၇-နှစ်သာ ဖြစ်၏။
ကျွန်တော့်ဖခင်သည် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော့်အသက် ၅၃-ပြည့်ပြီးနောက် ဆရာဝန်ထံပြသရသောအခါ ကျွန်တော့်တွင်လည်း ဖခင်နည်းတူ နှလုံရောဂါဖိစီးမှု ကြုံနိုင်ကြောင်း သိလိုက်ရသည်။ ကျွန်တော်သည် ကျန်းမာရေးကောင်းသည်ဟု မိမိကိုယ်ကို ထင်ထားခဲ့သည်။ ကိုယ်အလေးချိန် ရှစ်ဆယ်ကီလိုခန့်ရှိသည်။ အရပ်အမောင်းက ၁၈၀-စင်တီမီတာခန့် ရှိသောကြောင့် ဤကိုယ်အလေးချိန်မှာ သိပ်မဆိုးလှဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်သည် လေ့ကျင့်ခန်း မှန်မှန်လုပ်သည်။ ဆေးလိပ်မသောက်၊ သို့ရာတွင် အရက်ကိုမူ အတော်များများ သောက်လေ့ရှိသည်။ အသက်ရှည်ရေးအတွက် ပြောဆို ရေးသားနေကြသူများလည်း အရက်သောက်ကြကြောင်း ကျွန်တော်သိပါသည်။ အရက်သောက်ခြင်းသည် စိုးရိမ်စရာမဟုတ်ဟု ကျွန်တော်ထင်သည်။

ကျွန်တော့်ကို သွေးတိုင်းကြည့်သော ဆရာဝန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ၁၆၀-၁၀၅ ရှိသည်ဟု ဆိုသည်။ ဤအတိုင်းအတာသည် ကောင်းသလား ဆိုးသလား ကျွန်တော် မသိပါ။
ရှင်တို့ မျိုးရိုးထဲမှာ နှလုံးရောဂါ ဖိစီးခံရသူ၊ ဒါမှမဟုတ် လေဖြတ်ခံရသူ ရှိဖူးသလား-ဆရာဝန်ကမေးပါသည်။ ကျွန်တော့်ဖခင် သေဆုံးရပုံကို ကျွန်တော် ပြောပြသောအခါ ဆရာဝန်မသည် စိတ်ပူသွားပြီး ကျွန်တော့်သွေးကို စစ်ဆေးရန် ချက်ချင်းစီစဉ်ပါသည်။

ရှင့်သွေးထဲမှာ ကိုလက်စထရော (အဆီဓာတ်တမျိုး) ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်ရမယ်။
ရက်သတ္တပတ် နှစ်ပတ်ရှိသောအခါ ကျွန်တော် ဆရာဝန်ဆီ တခေါက်ပြန်ရောက်လျှင် သွေးစစ်မှုအဖြေက ဆိုးဝါးနေကြောင်း တွေ့ရသည်။ ကျွန်တော့်သွေးထဲရှိ ကိုလက်စထရောမှာ တလီတာတွင် ၉-ဒသမ ၃-မီလီဂရမ်ရှိသည်ဆို၏။ (ပုံမှန်မှာ ၅-ဒသမ ၂-မီလီဂရမ်နှုန်းသာ ဖြစ်ကြောင်း နောက်မှ ကျွန်တော်သိရသည်။) ကိုလက်စထရောက ဤမျှမြင့်မားပြီး ကျွန်တော့်သွေးချိန်ကလည်း တက်နေရာ လေဖြတ်မှာ၊ သို့မဟုတ်-နှလုံးရောဂါဖိစီးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည်။

ဆရာဝန်က ပြောသည်။
ရှင့်သွေးချိန်နှုန်းနဲ့ ကိုလက်စထရော ကျဆင်းအောင် ဆေးဝါးနဲ့ ကုသမယ်ဆိုရင် ကုသနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေက တကြိမ်သောက်ပြီးရင် အမြဲတမ်း ဆက်သောက်နေရလိမ့်မယ်။
တခြားနည်းလမ်း မရှိတော့ဘူးလားဟု ကျွန်တော် စူးစမ်းမိသည်။
အင်း-ရှင့်အနေနဲ့ အစားအသောက် ဆင်ခြင်မယ်ဆိုရင်တော့ ဆေးဝါးမစားသုံးဘဲ ကုသနိုင်ပါတယ်။ ဒါပေမယ့် အတော့်ကို ကြိုးစားပြီး ဆင်ခြင်စားသောက်နေထိုင်မှ ဖြစ်မှာ။

မိမိဘာသာ ထိန်းသိမ်းပြီး ဆင်ဆင်ခြင်ခြင် နေနိုင်ပါ့မလားဟူသော သံသယဖြင့် ဆရာဝန်မက ကျွန်တော့်ကို ရှင်းရှင်းပြတ်ပြတ် ပြောပြပါသည်။ အရက်ကို အခုသောက်နေတာထက် အများကြီးလျှော့သောက်ရမယ်၊ ကိုယ်အလေးချိန် လျော့အောင်လုပ်ရမယ်၊ အသားမစားဘဲ ငါးကိုသာ စားရမယ်။
မိမိ၏ကိုယ်ခန္ဓာကို မိမိဘာသာ ထိန်းထားနိုင်ကြောင်း အစွမ်းအစပြလိုက်မည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။ ဆရာဝန်မ ပေးလိုက်သော အစားအစာ စာရင်းကိုယူပြီး ဆေးခန်းမှထွက်လာခဲ့သည်။ မဖြစ် ဖြစ်အောင်လုပ်မည်ဟုလည်း သန္နိဋ္ဌာန်ချလိုက်မိ ပါသည်။

သို့ရာတွင် အိမ်ပြန်ရောက်၍ အစားအစာ စာရင်းကို ကြည့်လိုက်သောအခါတွင်မူ ကျွန်တော့်ဆုံးဖြတ်ချက်တွေ ပဲ့ကြွေကုန်ရသလို ဖြစ်သွားသည်။ ကျွန်တော့်အနေဖြင့် ဆားကို လုံးဝဖြတ်လိုက်ရပါမည်။ အဆီရွှမ်းသော အစားအစာများကိုလည်း စား၍မဖြစ်ပါ။ ကျွန်တော်ရှောင်ရမည့် အစားအစာစာရင်းမှာ အလွန်ရှည်လျားပါသည်။ အာလူးကင် မစားရပါ။ ညစာမစားမီ အရက်နှင့် မြည်းရလေ့ရှိသော အာလူးကြော် မစားရတော့ပါ။ ညစာမစားမီ အရက် မသောက်ရတော့ပါ။ ဝက်အူချောင်းတို့၊ ထောပတ်တို့လည်း မစားရတော့ပါ။ ထမင်းစားပြီး အချိုတည်းခြင်းလည်း ရှောင်ရပါတော့မည်။ ချောကလက်တို့၊ ဒိန်ခဲတို့ကိုလည်း မစားရတော့ပါ။ နံနက်စောစောအဖြစ် စားလေ့ရှိသော သကြားပါသည့်မှုန့်များကိုလည်း မစားရတော့ပါ။

ဤသို့ အစားရှောင်လိုက်ရ၍ ကျွန်တော့်မျက်နှာမှာ သွေးဆုတ်သကဲ့သို့ အရောင်ဖျော့သွားပါသည်။ ထို့ပြင် အသားလည်း မစားရ၊ ကြက်ဥကိုလည်း မစားရတော့ဘဲ မလိုင်နုတ်ထားသည့် နို့ကိုသာ သောက်ရပါသည်။ ထိုထက်ပို၍ ဆိုးသည်မှာ ရက်သတ္တ တပတ်လျှင် အရက် ယူနစ် ၂၁-ထက်ပိုပြီး မသောက်ရခြင်းဖြစ်သည်။ ထိုနှုန်းအရ တနေ့လျှင် ဝိုင်ပုလင်း တဝက်ထိသာ သောက်ခွင့်ရပါသည်။ ထိုထက် တငုံမျှပို၍ မသောက်ရပါ။ ဖြစ်မှဖြစ်ပါ့မလားဟု မိမိကိုယ်ကို ပြန်မေးမိသည်။ အစားရှောင်မည့်အစား ဆေးသောက်ရတာကမှ ပိုကောင်းလေမလား၊ ထိုသို့စဉ်းစားစဉ် ကျွန်တော့်ဖခင် အသက်တိုရသည့်အကြောင်းက ခေါင်းထဲ ရောက်လာသည်။

မိတ်ဆွေများက အကြံကောင်း၊ ဉာဏ်ကောင်းများ ပေးကြပါသည်။ ကဖိန်းဓာတ် လွန်ကဲလျှင် သွေးတိုးနှုန်းကို ချနိုင်မည်မဟုတ်၍ လက်ဖက်ရည်နှင့် ကော်ဖီကို ဖြတ်လိုက်ပါဟု ဆိုကြသည်။ အားကစားရုံများသို့ သွားရောက်လေ့ကျင့်ပါဟုလည်း အကြံပေးကြသည်။ ကျွန်တော့်အနေဖြင့် အားကစားရုံ၊ အားကစားကွင်းတွင် တကြိမ်တခါမျှ လေ့ကျင့်ခဲ့ဖူးခြင်း မရှိပါ။ မိတ်ဆွေတို့၏ အကြံပေးချက်အတိုင်း လက်ဖက်ရည် ကော်ဖီကိုမူ လုံးဝဖြတ်လိုက်ပါသည်။

ကျွန်တော်တို့မိသားစုသည် တနင်္ဂနွေနေ့တွင် နေ့လယ်စာကို အထူးတလည် စားသောက်လေ့ရှိသော်လည်း ယခု ထိုနေ့လည်စာကိုပင် ကျွန်တော် ဆက်လက်မစားပါ။ စားပုံစားနည်း ပြောင်းလိုက်ရပါသည်။ အမဲသား၊ သိုးသား၊ အသားကင် လုံဝမစားတော့ဘဲ ကြက်သားမျှသာ စားရပါသည်။ ဟင်းသီးဟင်းရွက်နှင့် ရောနှောပြုတ်ထားသော အာလူးပြုတ်ကိုသာစားပြီး သစ်သီး၊ ဘိလပ်ရည်တို့ဖြင့် လက်စသတ်ရပါသည်။

ကျွန်တော်၏ နံနက်စောစောမှာလည်း ကဖိန်းဓာတ်ထုတ်ထားသော ကော်ဖီနှင့် ပင်လယ်ငါးပြုတ်မျှသာ ဖြစ်ပါသည်။ နေ့လယ်စာကို ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့နှင့် သုပ်ထားသော ငါးသောတ္တာသုပ်ကိုသာ စားရပါသည်။ ကျွန်တော့်အနေဖြင့် အပြင်ထွက်ပြီး ဆိုင်က အစားအသောက်တို့ကို စားသောက်ရန် မဖြစ်နိုင်တော့ပါ။ ပီစာခေါ် အီတလီမုန့်ကိုပင် ကျွန်တော် မစားနိုင်တော့ပါ။ ဒိန်ခဲပါနေသောကြောင့် ဖြစ်ပါသည်။

အစားအသောက် ပြောင်းလဲသော်လည်း တဖြည်းဖြည်း နေသားကျလာပါသည်။ ဆူရှီခေါ် ဂျပန်ငါးစိမ်းထမင်းကို ကျွန်တော် ခံတွင်းတွေ့လာပါသည်။ ဂျုံမုန့်ညက်ဖြင့်လုပ်သော အီတလီမုန့်ကိုလည်း အဝအပြဲ စားနိုင်လာပါသည်။ သို့သော် ထိုမုန့်နှင့် ရောနှောစားသည့် ငရုတ်ဆီအမျိုးအစားကိုမူ သတိထားရပါသည်။ ကြက်ဥနှင့် အဆီကို ရှောင်ရသော်လည်း လက်သုပ်များကို ကျွန်တော် ပြောင်းလဲစားသောက်တတ်ပါပြီ။ ကဖိန်းဓာတ် ထုတ်ပယ်ထားသည့် လက်ဖက်ရည်ကိုလည်း နှစ်သက်စွဲလမ်းလာပါပြီ။

အရက်သောက်သည့်အလေ့ကို ပြောင်းလဲရသည်မှာ ပိုမိုခက်ခဲနေပါသည်။ တနေ့လျှင် ဝိုင်နှစ်ခွက်နှင့် ကျေနပ်နိုင်အောင် ကျွန်တော် အပြင်းအထန် ကြိုးစားကြည့်ပါသည်။ သို့ရာတွင် မလွယ်လှပါ။ သောက်မိလျှင် ကျွန်တော်က မရပ်နိုင်တော့ပါ။ ရင်ဘတ်အောင့်သည့်ဒဏ်ကို နှစ်ပတ်လောက်ခံစားရပြီးသောအခါ ကျွန်တော် အဖြေတခုတွေ့လာပါသည်။ နေ့တိုင်းမသောက်ဘဲ တပတ်လျှင် သုံးရက်သာသောက်သည့် နည်းလမ်းဖြစ်ပါသည်။ သောက်ရာ၌လည်း အရက်ပြင်း မသောက်ဘဲ ဝိုင်ကိုသာ သောက်ပါသည်။ အစားအသောက်ဆင်ခြင်ပြီး ခြောက်လအကြာတွင် နောက်တကြိမ် သွေးချိန်ကြည့်ပါသည်။ ၁၆၀-၉၂-ရှိပါသည်။ သိပ်တော့မနှိပ်သေး။ သို့သော် ယခင်ကထက် ပိုမိုကောင်းမွန်လာပါသည်။

ရပ်ကွက်တွင်းရှိ စာကြည့်တိုက်သို့သွားပြီး သွေးတိုးအကြောင်း မိမိဘာသာလေ့လာမိပါသည်။ သွေးချိန်ရာ၌ ဆရာဝန်တို့က နံပါတ်နှစ်ခု ပြောလေ့ရှိသည်။ ပထမနံပါတ်မှာ နှလုံးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ နှလုံးမှ သွေးလွှတ်စဉ် တိုင်းတာသော သွေးချိန်ဖြစ်သည်။ အပေါ်သွေးဟု ခေါ်သည်။
နောက်နံပါတ်မှာ နှလုံး၏ ပင်မအခန်း အနားယူနေစဉ် နှလုံးခုန်မှု တကြိမ်နှင့်တကြိမ်အကြား တိုင်းတာသော သွေးချိန်ဖြစ်သည်။ အောက်သွေးဟု ခေါ်သည်။

ကျန်းမာသော လူကြီးတဦး၏ ပျမ်းမျှ အပေါ်သွေးချိန်မှာ ၁၂၀-ဖြစ်သည်။ အသက်အရွယ်အလျောက် ပိုမိုတက်လာနိုင်သည်။
ပျမ်းမျှ အောက်သွေးချိန်မှာ ၈၀-ဖြစ်သည်။ အပေါ်သွေး ၁၄၀၊ သို့မဟုတ် အောက်သွေး ၉၀-ထက်မနည်း ရှိလျှင် သွေးတိုးသည်ဟု သတ်မှတ်သည်။ သွေးတိုးရှိက သွေးလွှတ်ကြောများ ပျက်စီးနိုင်သည်။ နှလုံး သို့မဟုတ်-ကျောက်ကပ် ပျက်စီးနိုင်သည်။ သို့မဟုတ်- လေဖြတ်နိုင်သည်။ ထို့ကြောင့် ၁၆၀-၉၂ ဟူသော ကျွန်တော်၏သွေးချိန်မှာ ဆိုးဝါးနေဆဲဖြစ်ပါသည်။

နောက်ထပ် ၆-လကြာသောအခါ နောက်တကြိမ် သွေးစစ်ဆေးမှုလုပ်ပါသည်။ ကျွန်တော့်သွေးထဲရှိ ကိုလက်စထရောမှာ ကျသွားပါပြီ။ သို့သော် ၇-ဒသမ ၈-ရှိနေဆဲဖြစ်၍ မြင့်နေဆဲပင်ဖြစ်ပါသည်။ သို့ရာတွင် အစားအသောက် ဆင်ခြင်သည့်နည်းလမ်းကို လက်လွှတ်၍မဖြစ်ပါ။ ကျွန်တော်၏ သွေးချိန်ကမူ ၁၃၀-၈၀-သို့ ကျဆင်းသွားပါပြီ။ ဝမ်းသာစရာ အလွန်ကောင်းပါသည်။

နောက်ထပ် ၆-လကြာသောအခါ နောက်တကြိမ် သွေးစစ်၊ သွေးတိုင်းသောအခါ ကျွန်တော့်သွေးထဲရှိ ကိုလက်စထရောသည် ၇-ဒသမ ၃-ဖြစ်သွားပါသည်။ ထို့ပြင် ကိုလက်စထရောတွင် ပျစ်ခဲမှုလျော့နည်းကာ အားပျော့လာသည်ကိုလည်း တွေ့ရပါသည်။ ကျွန်တော့်အသက် ၅၅-နှစ်ပြည့်သောအခါ (အစားအသောက် စတင်ဆင်ခြင်သည်မှ နှစ်နှစ်အကြာ)တွင်မူ ကျွန်တော့်သွေးထဲရှိ ကိုလက်စထရောသည် ပုံမှန်အနေအထား ဖြစ်သွားပါပြီ။ ကိုယ်အလေးချိန်မှာ ၇၀-ကီလိုသို့ ကျဆင်းသွား၏။ ကျွန်တော်၏ သွေးချိန်ကမူ ၁၃၀-၈၀ ဖြစ်ဆဲပင်။ သူနာပြုဆရာမကို ဖက်ယမ်းနမ်းရှုံ့ချင်စိတ်ပေါက်သည်အထိ ကျွန်တော်ဝမ်းသာသွားမိပါသည်။

ကျွန်တော် ပိုမိုကျန်းမာလာပါသလား။ အို-တကယ်ကို ကျန်းမာလာပါသည်။
အစားအသောက် ဆင်ခြင်ရတာနှင့် ထိုက်တန်ပါသလား။ သိပ်ကို ထိုက်တန်ပါသည်။
စွန့်လွှတ်ရမှုတွေ ရှိပါသလား၊ ရှိပါသည်။ ရာထောင်မက ရှိပါသည်။
ဆော်လမွန် ငါးတေ၊ွ ကြက်ဥကြော်တွေ၊ အငန်ပါသော မုန့်ပဲသရေစာတွေ။ အစားအစာတွေကို ဆက်လက်ဆင်ခြင်သွားနိုင်ပါမည်လောဟု မေးစရာရှိပါသည်။ ဆက်လက်ဆင်ခြင်သွားဖို့ ရည်ရွယ်ထားပါသည်။ ကျွန်တော့်ဖခင်နည်းတူ ငယ်ငယ်ရွယ်ရွယ်နှင့် သင်္ချိုင်းဂူထဲသို့ မရောက်ချင်ပါ။ ကျွန်တော့်အနေဖြင့် ဖခင်ကို နေ့စဉ်လွမ်းဆွတ်နေရပါသည်။ ဖခင်သေဆုံးစဉ်က ကျွန်တော်ခံစားရသည့် ခံစားချက်မျိုးကို ကျွန်တော့်သားနှင့်သမီးတို့အား မခံစားစေချင်ပါ။ ထိုသို့ မခံစားရလျှင် ကျွန်တော် ကြိုးစားရကျိုး နပ်ပါပြီ။

( အဆီချသူတို့ ရှောင်ရန်၊ ဆောင်ရန်)
(ပိုမိုစားပါ)
သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ ထမင်း၊ လက်သုပ်၊ အားလူးပြုတ်၊ အာလူးမီးဖုတ်၊ ငါး၊ ဂျုံမှုန့်ညက်မုန့်၊ ကြက်သား၊ အဆီနည်းသော ယို-စသည်၊ မလိုင်နုတ်ထားသော နို့်။

(ရှောင်ပါ)
အငန်၊ စည်သွပ်အစာများ၊ ကြက်ကြော်၊ အူစုံအသည်းစုံ၊(ဝမ်းတွင်းသား)၊ အုန်းနို့်၊ မြေပဲ၊ အာလူးကြော်၊ အာလူးတောင့်ကြော်၊ ကင်ထားသောအာလူး၊ ဟမ်ဘာဂါ၊ ထောပတ်၊ မခမ်း၊ ကိတ်မုန်များ၊ ချောကလက်၊ အသား၊မလိုင်မနုတ်ရသေးသော နို့်၊ ရေခဲမုန့်။

မောင်နီအောင်
Ref; I Conquener Chollesterol So Can You by Geoffery Wansell. R/D April, 2002.
(မြဝတီမဂ္ဂဇင်း ၂၀၀၃-ခု ဧပြီလ)

No comments: