Sunday, September 5, 2010

တူသောအကျိုး

ထမင်းတနပ်စားထားလျှင် ခုနစ်ရက်ခန့်နေနိုင်သည်ဟု အဆိုရှိသော်ငြားလည်း ရေကား တမနက်မျှပင် မနေနိုင်ပါ။ လူပုဂ္ဂိုလ်သတ္တ၀ါအားလုံး မိမိတို့ တနေ့တာစားသုံးထားသည့် အစာအာဟာရများကို ချေဖျက်နိုင်ရန် အတွက် ရေသည် မရှိမဖြစ် လိုအပ်ပါသည်။ အစာအဆိပ်များ ချေဖျက်နိုင်ရန်နှင့် ခန္ဓာကိုယ်တွင် ရေဓာတ်များ မခန်းခြောင်စေရန် ရေကို နေ့စဉ်ပုံမှန်သောက်သုံးပေးဖို့ လိုအပ်ပါသည်။

ရှေးရှေးသော အဘိုးအဘွားများ၊ စေတနာရှင်ပုဂ္ဂိုလ်များတို့သည် လူအများသောက်သုံးနိုင်ရန် လူသွားလူလာ များသော နေရာများတွင် ရေချမ်းစင်လေးများပြုလုပ်၍ သောက်သုံးရေ ပေးလှူကြသည့် အကြောင်းကိုလည်း သိရှိမှတ်သားခဲ့ရပါသည်။ ယနေ့ မျက်မှောက်ခေတ်တွင်လည်း အချို့သောစေတနာရှင် များသည် အရိပ်အာဝါသ ကောင်းမွန်သော နေရာများ၊ လူအသွားအလာများသော နေရာများတွင် အများသောက်သုံးနိုင်ရန် ရေချမ်းစင် လေးများပြုလုပ်၍ ရေလှူဒါန်းနေကြသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရှိရလေသည်။ အထူးသဖြင့် မိုးခေါင်ရေရှားသော အညာကျေးလက်ဒေသများတွင် စက်ရေတွင်းများ တူးဖော်၍ စေတနာရှင်များက ရေလှူဒါန်းကြသည်များကိုလည်း မျက်မြင်ကြုံတွေ့ ကြားသိရပါသည်။

လွန်ခဲ့သော ၁၅-နှစ်ခန့်က ဖြစ်မည်ဟု ထင်ပါသည်။ စာရေးသူနှင့် သူငယ်ချင်းနှစ်ယောက်တို့ ကျိုက်ထီးရိုး ဘုရားသို့ ဘုရားဖူးသွားရောက်ခဲ့ပါသည်။ ကျိုက်ထီးရိုးတောင်သည် တောင်တက်တောင်ဆင်း အလွန်များ၍ ဘုရားရင်ပြင်သို့ ရောက်ရန် ခြေကျင်ခရီးဖြင့် ၅-နာရီခန့် တက်ရသည်။

ယနေ့အချိန်အခါကဲ့သို့ တောင်တက်ကားလမ်း မပေါ်ပေါက်သေးသဖြင့် ခြေကျင်အတက်အဆင်းသာ ပြုလုပ်ကြရသည်။ တောင်တက်တောင်ဆင်း ပြုလုပ်ရခြင်း၊ အချိန်ကြာမြင့်စွာ သွားလာရခြင်းတို့ကြောင့် ဘုရားဖူးများ ခရီးပန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။ ထိုအချိန်တွင် လမ်းဘေးဝဲယာ၌ စေတနာရှင်များ ပြုလုပ်ပေးထားသော ရေချမ်းစင်လေးများကို သတိပြုမိသည်။ ရေချမ်းစင်နေရာလေးသည် အရိပ်အာဝါသကောင်းမွန်ခြင်း၊ ခရီးသွားများ နားနေရန် ထိုင်ခုံလေးများ ပြုလုပ် ထားခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသန့်ပြန့်ခြင်းတို့ကြောင့် မြင်ရရုံနှင့်ပင် စိတ်ချမ်းသာမှု ဖြစ်ကြရပါသည်။ သောက်ရေအိုးလေးများသည် ပြည်တွင်းဖြစ် မြေအိုးလေးများနှင့် ပြုလုပ်ထားခြင်းကြောင့် အမြဲအေးမြနေသည်။ ကြည်လင်အေးမြသည့်ရေကို သောက်သုံးရသောကြောင့် မောပန်းနွမ်းနယ်မှုများ ပြေပျောက်ခြင်း၊ စိတ်ကြည်လင် လန်းဆန်းခြင်းနှင့် အားအင်ဗလ တိုးပွားခြင်းတို့ကို ကိုယ်တွေ့ခံစားခဲ့ရပါသည်။

ထိုအချိန်မှစ၍ ငါလည်း သီတဂူဆရာတော်ကဲ့သို့ ကြီးမားသည့်ရေအလှူကို မပြုလုပ်နိုင်သော်လည်း အများပြည်သူ သောက်သုံးရန် ရေချမ်းစင်လေး ပြုလုပ်၍ နေ့စဉ် ရေလှူဒါန်းမည်ဟူသော စိတ်ကူးများ အစပျိုး သန္ဓေတည်ခဲ့ပါသည်။ စာရေးသူ ပြုလုပ်လှူဒါန်းထားသော ရေချမ်းစင်နေရာလေးသည် လူအသွားအလာ များခြင်း၊ ကျောင်းဆင်းကျောင်းပြန် လမ်းဆုံနေရာတွင် တည်ရှိခြင်းတို့ကြောင့် သောက်သုံးသူ အထူး များပြား ပါသည်။ တနေ့ ၂-ကြိမ် ရေလဲပေးခြင်း၊ ရေဖြည့်ခြင်း ပုံမှန်ပြုလုပ်ပေးပါသည်။ ကျောင်းတက် ကျောင်းဆင်းချိန် များတွင် ကျောင်းသူ ကျောင်းသားများ စီတန်း၍ သောက်သုံးနေခြင်း၊ ကျောင်းသားငယ်လေးများ သူဦးငါဦး အလုအယက် သောက်သုံးနေကြသည်ကို မြင်တွေ့ရလျှင် အထူးပင် ၀မ်းသာပီတိ ဖြစ်ရပါသည်။

တခါတရံ ရေခွက်ပျောက်ခြင်း၊ ရေအိုးကွဲခြင်းများ ကြုံတွေ့ရသော်လည်း ဒေါသဖြစ်ခြင်း၊ စိတ်ကွက်ခြင်း လုံးဝမရှိဘဲ အသစ်အသစ် အစားထိုး၍ လှူဒါန်းထားပေးပါသည်။ ရေသောက်သုံးသူများအားလုံး စိတ်တိုင်းကျ လွယ်ကူစွာသောက်သုံးနိုင်ရန် သောက်ရေခွက်များကိုလည်း ကြိုးတပ်ချည်နှောင်ထားခြင်း လုံးဝမရှိပါ။

မိမိနေ့စဉ် ရေအလှူပေးသည့် အကျိုးဆက်ဟု ထင်ပါသည်။ ၂၀၀၉-ခုနှစ် မတ်လတွင် မိခင်၏ ကျန်းမာရေး ပြုစုပေးနိုင်ရန် ရန်ကုန်မြို့သို့ ဟားခါးသင်္ဘောဖြင့် သွားရောက်ခဲ့သည်။
သင်္ဘောခရီးသည် ၂-ညအိပ်၊ ၃-ရက်ခန့် စီးရခြင်း၊ ခရီးသည်များပြားခြင်းတို့ကြောင့် တခါတရံ ရေအခက်အခဲ ကြုံရတတ်ပါသည်။ ထူးခြားသည်မှာ မိမိအား ရေလှူဒါန်းသူများ ပေါများနေသည်ကို အံ့သြဖွယ် ကြုံတွေ့ခဲ့ရ ပါသည်။ ရေချိုးချိန်ရောက်လျှင်လည်း သင်္ဘောဝန်ထမ်းများက ရေပေါများသည့်နေရာများကို ညွှန်ပြပေးခြင်း၊ ကူညီပေးခြင်းတို့ကြောင့် ရေကို အလွယ်တကူ သုံးဆောင်ခဲ့ရပါသည်။ သင်္ဘောပေါ်တွင် အခြားသော သံဃာများနှင့် လူပုဂ္ဂိုလ်များထက် ရေကို အဆင်ပြေစွာ သုံးဆောင်မှီဝဲခဲ့ရပါသည်။ မိမိအနေဖြင့် တူသောအကျိုးပေးသည်ဟု ယုံကြည်မိပါသည်။ ဤသို့ဖြစ်ခြင်းသည် ငွေကုန်ကြေးကျမရှိဘဲ သောက်သုံးရေကို စိတ်စေတနာဖြူစင်စွာဖြင့် လှူဒါန်းနေသောကြောင့် တူညီသော အကျိုးကို ဘ၀မခြား ခံစားရသည်ဟု ယုံကြည်မိပါတော့သည်။

ဆရာငယ် (မြိတ်-သဇင်)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

No comments: