Sunday, September 19, 2010

ဗုဒ္ဓ၏ ကမ္မဝါဒ

ဗုဒ္ဓ၏ဒဿနတွင် ကမ္မဝါဒ-အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ၏။ ကောင်းမှုကံသည် ကောင်းကျိုးကို ပေး၍ မကောင်းမှုကံသည် မကောင်းကျိုးကို ပေးသည်-ဟူသော အယူအဆသည် ကမ္မဝါဒ၏ အခြေခံကျသော ဒဿနပင်ဖြစ်သည်။ ဗီဇနိယာမသဘောအရ သစ်ပင်မျိုးစေ့တို့၏ သဘာဝနှင့် နှိုင်းယှဉ်ဖော်ပြရလျှင် ချိုသောမျိုးစေ့သည် ချိုသောအသီးအပွင့်ကို သီးပွင့်စေ၍ ချဉ်သောမျိုးစေ့သည် ချဉ်သောအသီးအပွင့်ကို သီးပွင့်စေတတ်သည်။

ထို့အတူပင် ကောင်းသောကံသည် ကျောင်းကျိုးကို ဖန်တီး၍ မကောင်းသောကံသည် မကောင်းကျိုးကို ဖန်တီးပေးတတ်သည်။ ဗီဇသဘာဝ ဗီဇနိယာမဟု ခေါ်နိုင်သလို ကမ္မသဘာဝကိုလည်း ကမ္မနိယာမဟု ခေါ်ဆိုနိုင်သည်။ ဤသို့ဖြင့် ကောင်းသောအကျိုး မကောင်းသောအကျိုးကို ဖော်ဆောင်ရာတွင် မျိုးစေ့နှင့်ကံတို့သည် အတူတူပင် ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်က အကြင်သို့သဘာဝရှိသော မျိုးစေ့ကို စိုက်ပျိုးပါက ထိုသဘာဝရှိသော အသီးကို ရရှိသကဲ့သို့ ကောင်းမှုပြုသူသည် ကောင်းကျိုးကို ရရှိပြီး မကောင်းမှုပြုသူသည် မကောင်းကျိုးကို ရရှိသည်-ဟု ဟောကြားရှင်းပြ တော်မူခဲ့သည်။

ကမ္မ-ဆိုသည်မှာ သာမန်အားဖြင့် လုပ်ကိုင်ခြင်း၊ ပြုမူခြင်း၊-ဟူ၍ အဓိပ္ပါယ်ရ၏။ ကမ္မဝါဒ ကမ္မနိယာမ၊ သို့မဟုတ် ကံ-ဟုဆိုရာ၌ လုပ်ကိုင်ခြင်း၊ ပြုမူခြင်း စသည်တို့ ဖြစ်ပေါ်အောင် လှုံ့ဆော်တိုက်တွန်းသည့် စေတနာကိုပင် ဆိုလိုခြင်းဖြစ်သည်။ ပေးကမ်းလှူဒါန်းခြင်း၊ သီလစောင့်ထိန်းခြင်း၊ သူတပါး၏ ကောင်းကျိုးအတွက် ကူညီဆောင်ရွက်ပေးခြင်း စသော အပြုအမူကောင်းတို့၌ ကောင်းသောစေတနာ အမြဲပါရှိ၏။ ကောင်းမှုကံ (ဝါ) ကုသိုလ်ကံဆိုသည်မှာ ယင်းကောင်းသော စေတနာပင်ဖြစ်သည်။

ထို့အတူပင် သူတပါးကို နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သူတပါး၏ ကောင်းကျိုးကို နှောင့်ယှက်ဖျက်ဆီးခြင်း စသည့် မကောင်းသော အမူအကျင့်တို့၌ မကောင်းသော စေတနာ အမြဲပါရှိတတ်သည်။ ထိုစေတနာဆိုးက မကောင်းသောအပြုအမူများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တိုက်တွန်းလေ့ရှိရာ မကောင်းသောအပြုအမူများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တိုက်တွန်းလေ့ရှိရာ ထိုမကောင်းသော စေတနာဆိုးကို မကောင်းမှုကံ (ဝါ) အကုသိုလ်ကံ-ဟု ခေါ်ဆိုသည်။

သို့ဖြစ်၍ လူအပါအဝင် သတ္တဝါမှန်သမျှသည် မိမိ၏ ကောင်းကျိုး ဆိုးကျိုးကို မိမိကိုယ်တိုင်ကသာ ဖန်တီးပေးနိုင်သည်။ ကမ္မဝါဒ-အရ မိမိ၏ ကုသိုလ်ကံ အကုသိုလ်ကံကသာ မိမိ၏ ချမ်းသာခြင်း၊ ဆင်းရဲခြင်း စသည့် ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးပေးနိုင်သည်ဟု ဆိုလိုသည်။ တဦးတယောက်၏ ချမ်းသာမှု ဆင်းရဲမှုကို အခြားတဦးတယောက်က ဖန်တီးနိုင်စွမ်း မရှိ။ ဗုဒ္ဓဒဿနက သတ္တဝါများကို၎င်း၊ ၄င်းတို့၏ ကောင်းကျိုး ဆိုကျိုးကို၎င်း၊ တစုံတယောက်သော မဟာတန်ခိုးရှင်က ဖန်ဆင်းပေးနေသည်ဟူသော ဣဿရနိမ္မာနဝါဒ (ဖန်ဆင်းရှင်းဝါဒ) ကို လုံးဝလက်မခံပေ။ ထို့ကြောင့် ဗုဒ္ဓက အတ္တာဟိ အတ္တနော နာထော-သတ္တဝါတိုင်းသည် မိမိဘဝကို ဖန်တီးသူဖြစ်သည်။ မိမိကိုယ်ကိုသာ အားထားရာဖြစ်သည်ဟူ၍ ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။

၃၁-ဘုံ၌ ကျင်လည်နေကြကုန်သော သတ္တဝါအသီးသီးသည် မိမိ၏ ကုသိုလ်ကံ အကိုသုလ်ကံအလျောက် ကောင်းကျိုး ဆိုးကျိုးကို ခံစား စံစားရသည်ဖြစ်ရာ တဦးနှင့်တဦး ကံ၏အကျိုးပေးပုံခြင်း မတူညီတတ်ကြပေ။
အခါတပါးတွင် သုဘလင်လင်က ဘုရားရှင်ကို အရှင်ဘုရား-လူတို့၏ အသက်ရှည်ခြင်း၊ အသက်တိုခြင်း၊ အနာရောဂါ ထူခြင်း၊ အနာရောဂါ ကင်းခြင်း စသည်အားဖြင့် တဦးနှင့်တဦး မတူညီခြင်းမှာ အဘယ်ကြောင့်ပါနည်း-ဟု လျှောက်ထားမေးမြန်းခဲ့သည်။

ထိုအခါ ဘုရားရှင်က-သတ္တဝါအားလုံးသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။
အသက်ရှည်ခြင်း၊ အသက်တိုခြင်း၊ စသည်အားဖြင့် ကွဲပြားခြားနားမှုကို ကံကသာလျှင် စီမံဖန်တီးသည်-ဟု အကျဉ်းအားဖြင့် ဖြေကြားတော်မူခဲ့၏။ ဤသို့ ကောင်းကျိုး ဆိုးကျိုးကို ကံကသာ ဖန်တီးသည်ဟုဆိုရာ၌ အတိတ်ကံ တခုတည်းကိုသာ ဆိုလိုသည် မဟုတ်ဘဲ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံးကို ဆိုလိုပေသည်။
ထိုနှစ်မျိုးအနက် အတိတ်ကံဟူသည် လွန်ခဲ့သည့် အတိတ်ဘဝများစွာတို့၌ ပြုလုပ်ခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံများပင် ဖြစ်ပြီး ပစ္စုပ္ပန်ကံ ဆိုသည်မှာ လက်ရှိ မျက်မှောက်ကာလ၌ ပြုလုပ်နေသော ကုသိုလ်ကံ အကုသိုလ်ကံများပင် ဖြစ်ကြသည်။

အနှီကံ နှစ်မျိုးစလုံးသည် ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုး နှစ်ခုလုံးကို ပေးစွမ်းနိုင်သော သတ္တိရှိကြ၏။ သို့ရာတွင် အတိတ်ကံသည် ယခုမျက်မှောက်ဘဝ၏ ပဋိသန္ဓေအကျိုးကို ပေးနိုင်၍ အနာဂတ်ဘဝ၏ ပဋိသန္ဓေအကျိုးကိုမူ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ တခုခုက ပေးစွမ်းနိုင်ပေသည်။ ပဝတ္တိအကျိုးကိုလည်း အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကပင် အကျိုး ပေးနိုင်ပေသည်။

သို့ဖြစ်၍ မျက်မှောက်ဘဝတွင် ဆင်းရဲသော မိဘ၊ ချမ်းသာသော မိဘမျိုးတို့၌ မွေးဖွားခြင်း၊ အဆင်းလှခြင်း၊ အရုပ်ဆိုးခြင်း စသည့် ပဋိသန္ဓေပါအကျိုးသည် အတိတ်ကံ သက်သက်၏အကျိုးဖြစ်၏။ သို့သော် မွေးဖွားပြီးနောက် သေဆုံးသည့်အထိဖြစ်သော ဘဝတာအတွင်း တွေ့ကြုံခံစားရသည့် ကောင်းကျိုး ဆိုးကျိုးတို့မှာမူ အတိတ်ကံတခုတည်းကြောင့်သာ မဟုတ်တော့ပေ။ မျက်မှောက်ကာလ၌ ပြုမူသော ကံ၊ ဉာဏ်၊ ဝိရီယတို့၏ စွမ်းအားသည် ယခုလက်ရှိဘဝတွင် ကောင်းကျိုး ဆိုးကျိုးများ ဖြစ်ပေါ်ရေးကို များစွာအထောက်အကူ ပြုနေသည်။

သို့သော် မျက်မှောက်ဘဝ၌ ကံ၊ ဉာစ်၊ ဝီရိယတို့၏ အထောက်အကူ လုံးဝမပါဘဲ ကောင်းကျိုး ဆိုးကျိုးတို့ ဖြစ်ပေါ်လာရခြင်းကား ရှေးအတိတ်ကံသက်သက်ကြောင့်သာ ဖြစ်ပေသည်။ သို့သော် အတိတ်ကံကိုချည်း လုံးဝအားကိုးအားထား ပြုနေခြင်းကိုမူ ဗုဒ္ဓဝါဒက လက်ခံအားပေးခြင်း မရှိပေ။ ကျားရဲရာ ကြမ္မာမရိုးသာ၊ ကံကိုယုံ ဆူးပုံမနင်းရာ-စသော စကားတို့မှာ အမှန်အားဖြင့် အတိတ်ကံတခုတည်းကိုသာ အားကိုး မပြုသင့်ကြောင်း ဖော်ပြသည့် အဆိုအမိန့်များဖြစ်ကြ၏။ အလားတူပင် အတိတ်ကံ ကောင်းလျှင် ချမ်းသာရမည်ဟူသော အားကိုးဖြင့် အလုပ်မလုပ်ဘဲ ထိုင်နေပါက မည်သို့မျှ ကြီးပွားချမ်းသာလိမ့်မည်မဟုတ်။ ချမ်းသာကြွယ်ဝသော မိဘမျိုးရိုး၌ မွေးဖွားလာပြီး အတိတ်ကံကောင်းခဲ့ပါလျက် မျက်မှောက်ဘဝ၌ ဆင်းရဲနေသူတွေ များစွာရှိကြ၏။ ထို့အတူပင် ပဋိသန္ဓေအကျိုးပေး ညံ့ဖျင်းသော်လည်း လက်ရှိဘဝ၌ ကံ ဉာဏ် ဝီရိယဖြင့် ကြိုးအားထုတ်မှုကြောင့် ချမ်းသာကြီးပွားနေသူတွေလည်း များစွာရှိနေကြသည်။

သို့ဖြစ်၍ အတိတ် ကုသိုလ်ကံ အားကောင်းစေကာမူ ပစ္စုပ္ပန်ဘဝ၌ ကံ ဉာဏ် ဝီရိယတို့၏ အထောက်အကူရမှသာ ကောင်းကျိုး ချမ်းသာကို ဖန်တီးပေးနိုင်မည်။ မျက်မှောက်ဘဝ၌ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းခြင်း၊ ဆိုးခြင်း၊ ဥစ္စာပစ္စည်း ပြည့်စုံခြင်း၊ ချို့တဲ့ခြင်း စသည်တို့သည် ပစ္စုပ္ပန်ဘဝ၏ အပြုအမူ (ဝါ) ပစ္စုပ္ပန်ကံနှင့်သာ များစွာသက်ဆိုင်၏။ ဝသလသုတ်၊ ဝါသေဋ္ဌသုတ်-များ၌ ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော။ ( ကံကြောင့် လူယုတ်မာ ဖြစ်သည်၊ ကံကြောင့် မြင်ြ့မတ်သူ ဖြစ်သည်)ဟူသော ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်မှာ အမှန်အားဖြင့် ဤပစ္စုပ္ပန်ကံကို ရည်ညွှန်းတော်မူ ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် အတိတ်ကံကိုသာ အကြောင်းရင်း ဖြစ်သည်-ဟူသော ပုဗ္ဗေ ကတ ဟေတု-ဝါဒနှင့် ဆန့်ကျင်သည်။ ထို့အတူ ဘဝပြတ်ခြင်း၊ ကံနှင့် ကံ၏အကျိုးတရား မရှိခြင်း-ကို လက်ခံသော ဥစ္ဆေဒဝါဒ (ရုပ်ကြမ်းဝါဒ)နှင့် ကံမပါဘဲ ကောင်းကျိုး ဆိုးကျိုး ခံစားရမည်-ဟူသော အဟေတုက-ဝါဒတို့ကိုလည်း ဆန့်ကျင်ခဲ့ပေသည်။

ထိုသို့ ကံကသာ ကောင်းကျိုး ဆိုးကျိုး-ကို ဖန်တီးနိုင်သည် ဆိုရာ၌ အချို့သောကံတို့သည် မျက်မှောက်ဘဝမှာပင် အကျိုးပေး၍ အချို့သော ကံတို့သည် သေဆုံးပြီးနောက် တမလွန်ဘဝဟုခေါ်သော ဒုတိယဘဝ၌ အကျိုးပေးတတ်၏-ဟု မဟာကမ္မဝိဘင်္ဂသုတ်- တွင် ဘုရားရှင်ဟောကြားတော်မူခဲ့သည်။ မျက်မှောက်ဘဝ၌ အကျိုးပေးသောကံကို ဒိဋ္ဌဓမ္မဝေဒနီယကံ-ဟူ၍၄င်း၊ ဒုတိယဘဝ၌ အကျိုးပေးသော ကံကို ဥပပဇ္ဇဝေဒနီယကံ-ဟူ၍၄င်း။ တတိယဘဝစသည့် အခွင့်သာသည့် ဘဝတခုခု၌ အကျိုးပေးသောကံကို အပရာပရိယဝေဒနီယကံ-ဟူ၍ ၄င်း ခေါ်ဆိုထားသည်။

ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝ၌ အကျိုးပေးခွင့် မရသော် မည်သည့်အခါမျှ အကျိုးမပေးတော့ဘဲ မြုံ-သည့်သဘောသို့ ဆိုက်ရောက်သွားလေတော့သည်။
ထို့အတူ ဥပပဇ္ဇဝေဒနီယ နှင့် အပရာပရိယ ဝေဒနီယ-ကံတို့သည်လည်း မိမိတို့ အကျိုးပေးခွင့်ရှိသော အချိန်တွင် အကျိုးမပေးနိုင် ခဲ့သော် မြုံ-သည့်သဘောသို့ပင် ဆိုက်ရောက်သွားကြလေသည်။ ယင်းသို့ အကျိုးမပေးနိုင်တော့သည့် ကံကို အဟောသိကံ (ကံဖြစ်၍မျှ ဟူသော သဘောမျှသာ ရှိသောကံ)ဟု ခေါ်ဆိုကြသည်။

ဤသို့ဖြင့် ဗုဒ္ဓ၏ ကမ္မနိယာမ-သဘောသည် ဗီဇနိယာမ သဘောနှင့် များစွာ တူညီနေသည်။ အပြစ်အနာကင်း၍ အောင်မြင်သော မျိုးစေ့မှန်သမျှသည် အပင်ပေါက်စေနိုင်သော စွမ်းအင်ရှိ၏။ သို့ရာတွင် ယင်းမျိုးစေ့တို့သည် သင့်လျော်သော ရေ၊ မြေ၊ ဥတု စသည့် အခြေအနေကို ရမှသာလျှင် အပင်ပေါက်စေနိုင်သည်။ ဤသို့မဟုတ်က မျိုးစေ့မှ အပင် ဖြစ်မလာနိုင်တော့ပေ။ အောင်မြင်သောမျိုးစေ့ဖြစ်စေကာမူ ရေပူ၊ မီးပူ စသည့် ဆန့်ကျင်ဘက် တခုခု၏ ဖျက်ဆီးခြင်းကို ခံရပါက ယင်းမျိုးစေ့တို့သည် အပင်ပေါက်နိုင်စွမ်း မရှိကြတော့ပေ။

ထို့ကြောင့် မျိုးစေ့ဟူသမျှတိုင်းမှ အပင်ဖြစ်မလာနိုင်ပေ။ အလားတူပင် ကုသိုလ်ကံ အကုသိုလ်ကံတို့ ပေးစွမ်းနိုင်သော စွမ်းအင်သတ္တိ ရှိစေကာမူ ကံအားလုံးမှ အကျိုးတရား ပေါ်မလာနိုင်ပေ။ အချို့သောကံတို့သည် အကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေကို မရသောကြောင့်၎င်း၊ အချို့သောကံတို့သည် အားကြီးသောဆန့်ကျင်ဘက်ကံတို့၏ တားဆီးခြင်းခံရသော ကြောင့်၎င်း၊ အကျိုးပေးခွင့်မရှိတော့ဘဲ အဟောသိကံ-ဖြစ်သွားကြတော့သည်။

ဥပမာ-အင်္ဂုလိမာလသည် လူပေါင်းများစွာကို သတ်ဖြတ်ခြင်းဖြင့် အကုသိုလ်ကံကို ကျူးလွန်ထားခဲ့၏။ သို့သော် ဗုဒ္ဓမြတ်စွာနဲ့ တွေ့ဆုံရပြီး ဗုဒ္ဓ၏ အဆုံးအမ၌တည်ကာ တရားအားထုတ်သောအခါ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအခါ ကျူးလွန်ထားသော အကုသိုလ်ကံတို့သည် တမလွန်ဘဝများစွာ၌ မကောင်းကျိုးကို ပေးခွင့်မရှိတော့ပေ။ အကြောင်းမူကား အားကြီးသော ကုသိုလ်ကံက အကုသိုလ်ကံကို တားဆီးနိုင်ခဲ့သောကြောင့် ဖြစ်သည်။

အချို့သောသူတို့သည် ထက်မြက်သော ဉာဏ်စွမ်းဉာဏ်စရှိ၍ လုံ့လနှင့်လည်း ပြည့်စုံကြ၏။ သို့ရာတွင် ပညာကို ထွန်းထွန်းပေါက်ပေါက် သင်နိုင်သည့်နေရာဒေသ၌ မနေရ၊ မနေနိုင်ကြသဖြင့် ပညာရှင်များ မဖြစ်နိုင်ပေ။ ပညာရှင်အဖြစ်မှ တဖန် ကြီးပွားတိုးတက်သော အခြေအနေသို့လည်း ရောက်မလာတော့ပေ။ အချို့သောသူတို့မှာမူ ခရီးလမ်းပန်း အဆက်အသွယ် ခက်ခဲနေသည့်နေရာ၌ မွေးဖွားခဲ့စေကာမူ အတတ်ပညာ သို့မဟုတ် စီးပွားဥစ္စာ ရှာမှီးနိုင်သည့် နေရာဒေသသို့ရောက်အောင် ကူညီပို့ဆောင်ပေးမည့်သူများ ရှိသဖြင့် ပညာသင်ယူခွင့်၊ ဥစ္စာရှာယူခွင့် ရရှိကာ ကြီးပွားနေကြသည်။ ဤသည်မှာ အကျိုးပေးနိုင်သည့် အခြေအနေကို ရခြင်း၊ မရခြင်းတို့ကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကုသိုလ်ကံ အကုသိုလ်ကံတို့သည် မျိုးစေ့များကဲ့သို့ အချို့သောအကျိုးပေးခွင့် ရရှိပြီး အချို့မှာ အကျိုးပေးခွင့် မရရှိဘဲ အဟောသိကံ-အဖြစ်သို့ ရောက်သွားကြလေ တော့သည်။

ဤသို့ဖြင့် ကမ္မဝါဒ၏ အခြေခံဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ သဘောကို နားလည်လက်ခံခြင်း၊ မိမိပြုလုပ်သော ကုသိုလ်ကံနှင့်အကုသိုလ်ကံတို့သည်သာ မိမိ၏ ချမ်းသာခြင်း၊ ဆင်းရဲခြင်းကို ဖန်တီးပေးနိုင်သည်ဟု သိမြင် နားလည်ခြင်းကို ကမ္မဿကတာဉာဏ် (ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်သည်ဟူသော အသိ) ဟုခေါ်သည်။ ကမ္မဿကတာဉာဏ်သည် သမ္မာဒိဋ္ဌိ (မှန်ကန်သော အယူ)၏ အခြေခံဖြစ်သည်။ ထို့ကြောင့်ယင်းကို ပိုင်နိုင်စွာ သိမြင် လက်ခံထားသူတို့သည် နတ်ကိုးကွယ်ခြင်း၊ ဖန်ဆင်းရှင် ဣဿရကို ယုံကြည်အားထားခြင်း စသည်တို့ကို မပြုတော့ဘဲ မိမိကိုယ်ကိုသာ အားကိုးလေ့ရှိကြ သည်။ လက်ရှိဘဝ၌ အသိပညာ တိုးတက်မှု၊ ကြီးပွားချမ်းသာမှု၊ ကျန်းမာမှု စသည်တို့ကို ရရှိအောင် ကြိုးပမ်းအားထုတ်ကြသကဲ့သို့ အများ၏အကျိုးကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်တတ်ကြသည်။

ထို့ကြောင့် လူတိုင်း ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုတို့ကို ကြိုးစားလုပ်ဆောင်ကြပြီး မကောင်းမှုမှန်သမျှကိုလည်း ရှောင်သင့်ကြ ပေသည်။ တပါးသူကို ပျက်စီးစေလိုမှု (ဗျာပါဒ)၊ သူတပါး၏ပစ္စည်းကို မတရားလိုချင် တပ်မက်မှု (အဘိဇ္ဈာ)၊ အခြားသူ ကြီးပွားတိုးတက်နေသည်ကို မနာလိုမှု (ဣဿာ) စသည်တို့ကို မမွေးမြူဘဲ သတ္တဝါအားလုံးအပေါ်၌ ဗြဟ္မဝိဟာရတရား(၄)ပါးကို အစဉ်ပွားများသင့်ကြပေသည်။ ဤသို့ကောင်းသောစိတ်ဖြင့် ကောင်းသောအလုပ်ကို လုပ်ကြမည်ဆိုလျှင် ကောင်းသောအကျိုးကို ရရှိခံစားနိုင်သည်ဟူသော အချက်မှာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ကမ္မဝါဒ-၏ အဓိကအခြေခံဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပေသတည်း။

ထွန်းညို (စကု)
(မြဝတီမဂ္ဂဇင်း ၁၉၉၉-ခုနှစ် ဧပြီလ)

No comments: