Thursday, September 16, 2010

ဆီးချိုရောဂါ

ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါသည်တဦးအတွက် ရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချသက်သာစေ နိုင်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာပညာရှင်များက လေ့လာစမ်းသပ်မှုတခုအပေါ် အခြေခံ၍ ထုတ်ဖော်ပြောဆိုခဲ့ကြပေသည်။

ကမ္ဘာပေါ်ရှိ လူဦးရေ ၁၃၅-သန်းတွင် ဆီးချိုရောဂါ ခံစားနေရကြောင်း WHO ၏ စစ်တမ်းအရ သိရှိကြရပေသည်။ WHO မှ ကျွမ်းကျင်သူများ၏ အဆိုအရ လာမည့်နှစ်ပေါင်း ၂၅-နှစ်တွင် ကမ္ဘာ့လူဦးရေ သန်း ၃၀၀-အထိ ၄င်းရောဂါကို ခံစားကြရမည်ဟု ဆိုသည်။ ရောဂါတိုးတက်ဖြစ်ပွားမှုနှုန်းသည် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍များမည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

လူ၏ ခန္ဓာကိုယ်အတွင်း အင်ဆူလင် ဟော်မုန်းဓာတ်ကို ပြည့်ဝစွာ ရရှိအသုံးပြုနိုင်စွမ်း မရှိလျှင် ခန္ဓာကိုယ်သွေးဓာတ်အတွင်း ဂလူးကို့(စ်)ခေါ် သကြားဓာတ်ပါဝင်မှုနှုန်း မြင့်မားလာပြီး ဆီးချိုရောဂါကို ခံစားရပေမည်။
လူ၏ ခန္ဓာကိုယ်အတွင်းရှိ ပန်ကရိယ(စ်)သည် အင်ဆူလင်ဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးသော အဓိကအစိတ်အပိုင်း ဖြစ်သည်။ ယင်းခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအတွင်းသို့ သကြားဓာတ်ပျော်ဝင်စေနိုင်ရေးအတွက် အင်ဆူလင်က ဆောင်ရွက်ပေးလေသည်။ ထို့ကြောင့် အင်ဆူလင်ဓာတ်မရှိလျှင် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအတွင်းသို့ သကြားများပျော်ဝင်နိုင်ခြင်း မရှိဘဲ သွေးထဲတွင် သကြားဓာတ်များပြားကာ ဆီးချိုရောဂါကို ခံစားကြရမည် ဖြစ်ပေသည်။ ဤရောဂါကြောင့် ခန္ဓာကိုယ်တွင်း သွေးကြောများပျက်စီးခြင်း၊ ကျောက်ကပ်၊ မျက်စိနှင့် နာဗ်ကြောများ ပျက်စီးဆုံးရှုံးသွားနိုင်ပြီး ခြေထောက်နှင့် ခြေချောင်းကလေးများသို့ သွေးစီးဆင်းမှုကိုပါ ရပ်တန့်စေနိုင်ပါသည်။ အထက်ပါ ရောဂါများသာမက နှလုံးရောဂါဖြစ်ပွားနိုင်မှု အလားအလာများကြောင်း လေ့လာစမ်းသပ်ချက်များအရ သိရှိရပေသည်။

ဆီးချိုရောဂါကို ၂-မျိုးခွဲခြား၍ လေ့လာတွေ့ရှိနိုင်သည်။ ပထမအမျိုးအစားမှာ JUVENILE ဆီးချိုရောဂါဟု ခေါ်ဆိုနိုင်ပြီး ကလေးနှင့်လူငယ်ပိုင်း အရွယ်များတွင် ဖြစ်ပွားလေ့ရှိပေသည်။ ဤအမျိုးအစားတွင် ပန်ကရိယ(စ်) အစိတ်အပိုင်းရှိ အင်ဆူလင်ထုတ်လုပ်သော ဆဲလ်များ ပျက်စီးမှုကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်သော အင်ဆူလင်ဓာတ် ထုတ်လုပ်နိုင်မှု မရှိသည်ကို တွေ့ရှိရပေမည်။ ဤရောဂါရှင်များအတွက် နေ့စဉ် သွေးထဲရှိသကြားဓာတ် ပါဝင်မှု နှုန်းကို စမ်းသပ်တိုင်းတာရန် လိုပြီး လိုအပ်သော အင်ဆူလင်ဓာတ်ကို ထိုးဆေးအနေဖြင့် ရယူကာ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပေသည်။

ဒုတိယအမျိုးအစား ဆီးချိုရောဂါမှာ အသက်အရွယ် ၃၀-အထက် လူကြီးများတွင် ဖြစ်ပွားတတ်သော လူကြီးဆီးချိုရောဂါ ဖြစ်ပေသည်။ ဤအမျိုးအစား ဆီးချိုရောဂါကို ကိုယ်လက်လှုပ်ရှား အားကစားဖြင့် လျှော့ချသက်သာစေနိုင်ကြောင်း သုတေသီများက ဆိုလိုကြောင်း ဖြစ်သည်။

ဆေးသိပ္ပံ သုတေသီများက အမျိုးသမီး ခုနစ်သောင်းကျော်အပေါ် လေ့လာစမ်းသပ်မှုများအပေါ်မှ ဤအချက်ကို ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ၄င်းတို့၏ လေ့လာတွေ့ရှိချက်မှာ တနေ့လျှင် တနာရီကျဖြင့် ၅-ကီလိုမီတာနှုန်း လမ်းလျှောက်ပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှု ၅၀-ရာခိုင်နှုန်း လျှော့ချသက်သာစေနိုင်ခြင်းပင် ဖြစ်ပေသည်။ ဤလေ့လာတွေ့ရှိ ချက်တွင် အခြားသော ကိုယ်လက်လှုပ်ရှား အားကစားနည်းများထက် လမ်းလျှောက်အားကစားနည်းက ဆီးချိုရောဂါရှင်များ အတွက် အသင့်တော်ဆုံးဟု သုတေသီများက ဆိုကြသည်။ ထိုကဲ့သို့ လမ်းလျှောက်ခြင်းဖြင့် လူ့ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချစေနိုင်ပြီး တဆက်တည်းမှာပင် ခန္ဓာကိုယ်မှ အင်ဆူလင်ဓာတ် ထုတ်လုပ်မှုကို သမမျှတစေသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ကြပေသည်။

အမေရိကန် သိပ္ပံပညာရှင်များက ခေတ်အမီဆုံး ကွန်ပျူတာများကို အသုံးပြု၍ AIDS ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးတို့၏ ကြီးထွားဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခဲ့ကြသည်။ ၄င်းတို့၏ လေ့လာသုတေသနပြုချက်အရ AIDS ဗိုင်းရပ်စ်သည် ၁၉၃၀-ပြည့်နှစ်များအတွင်း အနောက်အာဖရိက နိုင်ငံ၌ စတင်၍ လူများသို့ ရောဂါကူးစက်မှု စတင်ခဲ့သည်ဟု ဆိုပေသည်။

၎င်းတို့၏ လေ့လာစူးစမ်းတွေ့ရှိချက်ကို ဆန်ဖရန်စစ္စကို၌ ကျင်းပသည့် ဆေးသိပ္ပံကွန်ဖရင့်တွင် ထုတ်ပြန်ကြေညာခဲ့ပေသည်။
AIDS ဗိုင်းရပ်စ် (သို့) HIV ရောဂါပိုးသည် ကမ္ဘာတဝန်းရှိ လူပေါင်း သန်း ၄၀-ကျော်သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ဖြစ်ပေသည်။ အစောဆုံး HIV ရောဂါပိုးကို ရှေးဦး ဘယ်လ်ဂျီယံ ကွန်ဂိုလူမျိုးတဦး၏ ခန္ဓာကိုယ်သွေးအတွင်းမှ စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သုတေသီများက NIRVANA အရွယ်ရှိ စူပါကွန်ပျူတာကို အသုံးပြုလျက် လေ့လာစမ်းသပ်မှုများ ပြုခဲ့ကြသည်။ လေ့လာစမ်းသပ်ရာတွင် HIV ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို အထူးပြုလေ့လာခဲ့ကြသည်။ HIV ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုနှုန်းကို လေ့လာခြင်းဖြင့် ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။ စမ်းသပ်လေ့လာချက်အရ HIV ဗိုင်းရ်စ်ပိုးများ သည် မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများ၌ အဆင့်ဆင့် စနစ်တကျ ပြောင်းလဲမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုကြသည်။

သုတေသနပညာရှင် ခေါင်းဆောင် မစ္စကော်ဗာနှင့် ၄င်း၏အဖွဲ့ ခန့်မှန်းချက်မှာ AIDS ဗိုင်းရပ်စ်သည် ပထမဦးဆုံး လူသားများသို့ ကူးစက်မှုသည် ၁၉၃၀-ပြည့်နှစ်များအတွင်းကဟု ပြောဆိုခဲ့ပြီး သူမ၏ ထပ်လောင်းပြောဆိုချက်တွင် ၁၉၁၀-ပြည့်နှစ် စောစောပိုင်းနှင့် ၁၉၅၀-ပြည့်နှစ်မတိုင်မီနှစ်ကာလများအတွင်း လူသားသို့ ရောဂါပိုးကူးစက်မှု စတင်ဖြစ်နိုင်ခဲ့ချေရှိသည်ဟု ဆိုပြန်သည်။

အဆိုပါ ကျွမ်းကျင်သူများ၏ အဆိုအရ HIV ဗိုင်းရပ်စ်၏ ရှေးဦးအစရောဂါပိုးသည် ချင်ပန်ဇီမျောက်ကြီးမျိုးနွယ်များအတွင်း စတင်ကူးစက်မှု ရှိကြခဲ့သည်ဟု ဆိုသည်။ ထိုမှတဆင့် တနည်းနည်းဖြင့် လူသားများသို့ ကူးစက်ခဲ့ကြခြင်းဖြစ်ပေသည်။
စာရေးဆရာ အက်ဒွပ်ကူးပါးက ၄င်းရေးသားသော The River စာအုပ်တွင် HIV ဗိုင်းရပ်စ်ပိုးသည် လူသားများကြောင့် မတော်တဆ စတင်ခဲ့သည်ဟု ရေးသားခဲ့သည်။ ကူးပါး၏ရေးသားချက်တွင် ပိုလီယိုရောဂါကာကွယ်ဆေးထုတ်လုပ်ရာတွင် လူများက ချင်ပန်ဇီတို့၏ တစ်ရှူးများကို အသုံးပြုထုတ်လုပ်ရာမှ စတင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ သေစေတတ်သော ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်များ၏ တစ်ရှူးများထဲတွင် ရှင်သန်လျက် တည်ရှိနေကြသည်ဟု ကူးပါး ရေးသားချက်တွင် ဖော်ပြထားရှိသည်။ ထိုမှတဆင့် ပိုလီယိုကာကွယ်ဆေးကို ရှေးဦးဘယ်လ်ဂျီယံ ကွန်ဂိုလူမျိုးများတွင် စမ်းသပ်အသုံးပြုရာမှ လူသားများအကြား ရောဂါပိုး ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ရေးသားခဲ့သည်။

အမေရိကန်သုတေသီတို့က ၄င်း၏အဆိုဖြစ်သော အာဖရိကအလယ်ပိုင်း ပိုလီယိုကာကွယ်ဆေး စီမံကိန်းကြောင့် ဆိုသည်ကို ပယ်ဖျက်ခြင်းမရှိသော်လည်း ၄င်း၏ရေးသားချက်ကို ဖြစ်တန်ဖွယ်ရာမရှိဟု ဆိုခဲ့ကြသည်။ မစ္စကော်ဗာ ပညာရှင်၏ အဆိုအရ ထိုစာရေးဆရာ သီအိုရီ အဆိုပြုအတွက် ပိုလီယိုကာကွယ်ဆေး ထုတ်လုပ်မှု ဦးဆုံးအဆင့်တွင် ချင်ပန်ဇီများစွာတို့ထဲမှ ကွဲပြားခြားနားသော မျိုးရိုးဗီဇဖွဲ့စည်းမှုပုံစံ အနည်းဆုံး ၁၀-မျိုးခန့် လိုအပ်သည်ဟု ဆိုခဲ့သည်။ အမေရိကန်မှ ထင်ရှားကျော်ကြားသော AIDS ရောဂါပါရဂူ အန်တိုနီပေါ်ဘီက မစ္စကော်ဗာနှင့် အဖွဲ့ လေ့လာတွေ့ရှိမှုများကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စာရေးဆရာကူးပါး၏အဆိုကို ပယ်ဖျက်ခဲ့ပေသည်။

ဗညား
( ငွေတာရီမဂ္ဂဇင်း ၂၀၀၁-ခု မေလ)

No comments: