Sunday, September 5, 2010

ပရိတ်စွမ်းအင်

၂၀၀၃-ခုနှစ်က ဖြစ်ပါသည်။ ကျွန်မသည် ညီမ၀မ်းကွဲတော်သူအား မုံရွာ စီးပွားရေးတက္ကသိုလ်သို့ ကျောင်းတက်ရန် လိုက်ပို့ရပါသည်။ တက္ကသိုလ်သို့ မြစ်ကြီးနား-မန္တလေးအထူးအမြန် ရထားစီးပြီး ရွှေဘိုဘူတာ၌ ဆင်းရပါသည်။ ရထားဆိုက်ချိန် နောက်ကျပြီး မနက်ပိုင်း မှန်လုံကားများ မမီတော့သဖြင့် နေ့ပိုင်း ဒိုင်နာကားဖြင့် ရွှေဘိုကားလေးဝင်းမှ မုံရွာသို့ လိုက်ပါသွားရပါသည်။

ကျွန်မသည် ခရီးသွားလေရာသို့ ပရိတ်ကြီး စာအုပ်ကို မိမိလွယ်အိတ်ထဲ၌ ထည့်သွားတတ်ပါသည်။ ရွှေဘို-မုံရွာ ကားလမ်းသည် လမ်းကောင်းသဖြင့် ကားဒရိုင်ဘာသည် ကားကို အရှိန်ပြင်းစွာ မောင်းနှင်လာပါသည်။ ကျွန်မသည် ကားပေါ်တက်သည်နှင့်ပင် ပရိတ်ကြီးစာအုပ်ကို ဖွင့်ပြီး လမ်းတလျှောက်လုံး ရွတ်ဖတ်လာပါသည်။

ကျွန်မတို့စီးသောကားသည် စက်ချို့ယွင်းဟန်တူပါ၏။ မောင်းနေရင်းပင် ဒရိုင်ဘာသည် ခဏခဏရပ်ပြီး ဆင်းကြည့်၏။ မောင်း၍ရသဖြင့် ဆက်ပြီး အရှိန်ပြင်းစွာ မောင်းနှင်လာပါသည်။ ကျွန်မသည်လည်း ကားအခြေအနေကိုကြည့်ပြီး စိတ်မချမ်းမြေ့ဖြစ်နေ၍ ပရိတ်ကိုသာ ရွတ်ဖတ်နေတော့၏။ ရွှေဘိုမြို့နှင့် ၅-မိုင်ခန့်အကွာတွင် ကျွန်မတို့စီးသောကားသည် လမ်းဘေး ဘောစကိုင်းပင်များရှိရာသို့ ၀င်ပြီး ထိုးရပ်သွား၏။

ဒရိုင်ဘာသည် ခရီးသည်များကို ဆင်းခိုင်းပြီး ကားကို ပြင်ပြန်၏။ အချိန်တော်တော်ကြာကြာ ပြင်ပြီးသည်နှင့် ခရီးသည်များကို ပြန်တက်ကြရန်ပြောသည်။ ထိုအခါ ခရီးသည်များ ပြန်တက်ကြသည်။ ကားစီးရင်းပင် ကျွန်မ စာအုပ်ကြည့်ရွတ်ဖတ်ပြီးသည်နှင့် ကျွန်မညီမကိုပါ စာအုပ်ပေး၍ ရွတ်ဆိုခိုင်း၏။ ကားသည် ယခင်ထိုးရပ် သွားသည့် နေရာနှင့် ၂-ဖာလုံခန့်အကွာတွင် တခါ ညာဘက်လမ်းဘေးသို့ ထိုးချသွားပြန်သည်။ ကားခေါင်မိုးနှင့် သစ်ပင်များငြိပြီး ထိုးရပ်သွားခြင်းဖြစ်သည်။

ထိုသို့ဖြစ်သော်လည်း ကားပေါ်ပါသည့် ခရီးသည်အားလုံး သက်သာရာရကြပါသည်။ ခရီးသည်တယောက်သာ ခြေမ၌ ဒဏ်ရာအနည်းငယ် ရသွားသည်။ ကျွန်မညီမလည်း ပရိတ်စာအုပ်ကိုကိုင်ပြီး ရွတ်ဖတ်နေသဖြင့် သက်သာရာရခဲ့သည်။ ဤကဲ့သို့ ကျွန်မတို့ညီမနှစ်ဦး အသက်ဘေးမှ ကင်းဝေးခဲ့ခြင်းသည် ကျွန်မတို့ရွတ်ဆိုသော ပရိတ်စွမ်းအင်ကြောင့်ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။

မွှေးမွှေး (အင်းတော်)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

No comments: