Sunday, September 12, 2010

ဝက်ခြံ

( ၀က်ခြံ ဘာကြောင့်ပေါက်သလဲ)
အသက် ၂၀-ကျော်ကနေ ၄၀-ကျော်အထိဟာ ၀က်ခြံပေါက်တတ်ဆုံးအရွယ်တွေပေါ့။ ၀က်ခြံဆိုရင် မျက်နှာပေါ်မှာ ဖြစ်တာကိုပဲ အထင်ကရ မြင်ရပေမယ့် လည်ပင်း၊ ကျော၊ ရင်ဘတ်နဲ့ ပခုံးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ၀က်ခြံပေါက်ရတဲ့အကြောင်းတွေက ဟော်မုန်း မညီမျှမှု၊ စိတ်ဖိစီးမှု၊ ကြောက်စိတ်များမှု၊ အဆီများတဲ့ အစားအစာတွေစားမှု၊ စသဖြင့် မျိုးစုံပါပဲ။ ဆေးကုသခံမှ ပျောက်တတ်တဲ့ အရာမဟုတ် ပေမယ့်လည်း ဂရုတစိုက် မကုသရင် အမာရွတ်တွေ ကျန်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အစားအသောက် စားတဲ့ ပုံစံမှားယွင်းလို့ ခန္ဓာကိုယ်က အညစ်အကြေးအားလုံး မစွန့်ထုတ် နိုင်ချိန်မှာ သွေးကို အဆိပ်တက်စေပြီး ၀က်ခြံဖြစ်စေပါတယ်။ စားသောက်မှု ပုံစံမှန်ခြင်းဟာ လှပတဲ့ အသားအရေကို ရစေပါတယ်။

(၀က်ခြံပျောက်အောင် ကုသနေစဉ်မှာ ဘာတွေ ဂရုစိုက်ရမလဲ)
အိမ်မှာတင် ကိုယ်တိုင်လုပ်လို့ရတဲ့ ၀က်ခြံသက်သာပျောက်ကင်းစေနည်းတွေက တပုံကြီးပါပဲ။ ဒါပေမယ့် ဘယ်နည်းကိုသုံးသုံး ကိုယ့်ရဲ့အစားအသောက် ပုံစံက ကျန်းမာရေးကို အထောက်အပံ့ ဖြစ်-မဖြစ် သုံးသပ်ပြင်ဆင်ပြီးမှကုပါ။ မဟုတ်ရင် မေတို့ရဲ့ ကုသနည်းက အောင်မြင်မှာ မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ ဟင်းရွက်နဲ့ သစ်သီးတွေ စားသုံးမှု၊ သန့်ရှင်းတဲ့ရေကို အလုံအလောက် သောက်သုံးမှုတွေ လုပ်ပေးရမှာ ဖြစ်သလို ၀က်ခြံလျော့နည်းစေဖို့ အားပေးတဲ့ ဆာလဖာဓာတ်ကြွယ်ဝတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတွေ စားပေးပါ။

ညအိပ်ရာမ၀င်ခင် မိတ်ကပ်တွေကို ဖျက်ပစ်ပါ။ အဆီပါတဲ့ မိတ်ကပ်တွေကို မသုံးပါနဲ့။ သံပရာသီးကို ရေနွေးဖြောပြီး ရေထဲညှစ်သောက်ပါ။ ဆီကြော်၊ ချောကလက်နဲ့ သကြားပါတဲ့ မုန့်တွေ လျှော့စားပါ။ နောက်ပြီး အောင်မြင်ထိရောက်တဲ့ ၀က်ခြံကုသနည်းတချို့ကို ဖော်ပြပေးပါမယ်။ ဒါပေမယ့် ညတွင်းချင်း ပျောက်သွားမှာ မဟုတ်လို့ စိတ်ကြိုက်နည်းကိုရွေးပြီး စိတ်ရှည်ရှည်နဲ့ ပုံမှန်ကုသဖို့ အကြံပေးလိုပါတယ်။

(၀က်ခြံကုသနည်း မျိုးစုံ)
* အိပ်ရာမ၀င်ခင် ၀က်ခြံများပေါ် ရေခဲကပ်ပေးပါ။
* ထောပတ်သီး မှုန့်အနှစ်ကို ၁၅-မိနစ်ကပ်ပြီး ရေဆေးပါ။
* ကြက်သွန်ဖြူအဆီနဲ့ ပွတ်ပေးပါ။
* နွားနို့အစိမ်းနဲ့ ဂျုံ ရောထားတဲ့ အရည်ပျစ်ပျစ်ကို မျက်နှာမှာကပ်ပြီး ပေါင်းတင်ပေးပါ။ နေ့စဉ်လုပ်ပါ။
* Gel မဟုတ်တဲ့ သွားတိုက်ဆေးကို ၀က်ခြံပေါ် တို့ပေးပါ။
* တနေ့ ၁-နာရီကြာအောင် သခွားသီး ကပ်ပါ။
* ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ၀က်ခြံပေါ် ၁-နာရီကြာအောင် ကပ်ပေးပါ။
* ဗက်တီးရီးယားဘေးက ကင်းအောင် ရေနွေးနွေးနဲ့ ဆပ်ပြာတို့ သုံးပြီး တနေ့ နှစ်ကြိမ် မျက်နှာသစ်ပါ။
* အယ်လ်ကာလိုင်းပါတဲ့ စတော်ဘယ်ရီရွက်ကို ထုချေကပ်ပေးပါ။
* ဥသျှစ်ရွက်အရည်ပျစ်ပျစ်ကို Turmeric အမှုန့်ရောပြီး ၀က်ခြံပေါ် လိမ်းပါ။
* လိမ္မော်ခွံခြောက် သွေးလိမ်းပေးပါ။

(အိပ်ရေးဝခြင်းရဲ့ အလှ)
အိပ်မောကျအောင် အိပ်နိုင်ခြင်းဟာ ပျိုမေတို့ လှပကျန်းမာရေးအတွက် သိပ်အရေးကြီးတဲ့ သဘာဝတရားကပေးတဲ့ ကျန်းမာခြင်းလက်ဆောင်ပါ။ ဘာ Treatment မှ မလုပ်ဘဲ လှပ စေတဲ့ နည်းလည်း ဖြစ်ပါတယ်။ ဘယ်အလှပြင် ပစ္စည်း၊ အလှဆီ၊ မိတ်ကပ်ကမှ မပေးနိုင်တဲ့ လန်းဆန်းမှုနဲ့ ခွန်အားကို အိပ်ရေးဝတဲ့သူရဲ့ အလှမှာသာ ရှာတွေ့နိုင်မှာပါ။

(အိပ်ချိန် ဘယ်လောက်ပေးမလဲ)
အိပ်ပျော်ချိန်မှာ ခန္ဓာကိုယ်သိစိတ်ရဲ့ အလုပ်လုပ်ခြင်းတွေ ရပ်သွားပြီး နဗ်ကြောစနစ်တွေ အလုပ်လုပ်ရ သက်သာသွားပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်က အနားရပြီး ပျက်စီး၊ နွမ်းလျသွားသမျှကို သူ့ဘာသာပြုပြင် တည်ဆောက် ကောင်းမွန်စေပါတယ်။ ဒါကြောင့်လည်း အသားအရေ အာဟာရပေးတဲ့ကရင်မ်ကို ညအိပ်ရာဝင်ချိန် လူးခိုင်းကြတာပါ။ အလှအပ ကျွမ်းကျင်သူတွေက တနေ့ ၈-နာရီ အိပ်ခိုင်းပါတယ်။ လူတယောက်နဲ့ တယောက် အိပ်ချိန်လိုအပ်မှုတွေကတော့ မတူညီပါဘူး။ ကိုယ့်အိပ်ချိန်ကို ကိုယ်တိုင် သတ်မှတ်ပြီး ပုံမှန်အိပ်ဖို့လိုပါတယ်။

အိပ်ရေးဝအောင် အိပ်တဲ့ နောက်အကြောင်းရင်းတခုက အိပ်ပျော်ရင် Cortisol ဆိုတဲ့ စိတ်ဖိစီးမှု ဟော်မုန်းပမာဏကို လျှော့ချနိုင်သလို၊ ဆာလောင်ခြင်းကို ထိန်းပေးပါတယ်။ အိပ်ရေးမ၀ရင်တော့ အင်ဆူလင်နဲ့ သွေးထဲက သကြားဓာတ် မြင့်မားပြီး ဆာလောင်လွယ်စေပါတယ်။ ဒါကြောင့် တချို့ အိပ်လေ ပိန်လေ ဖြစ်တာပါ။ နောက်ပြီး ခန္ဓာကိုယ်အလေးချိန် လျော့စေပါတယ်။ ဒါဟာ အိပ်ရေးဝခြင်းကြောင့် ရလာတဲ့ ကျန်းမာလှပစေမယ့် ကောင်းခြင်းတွေပါပဲ။

( အိပ်ရေးဘာကြောင့် မ၀ကြလဲ)
စိတ်ဖိစီးမှု၊ ပူပန်ရမှု၊ ဘ၀အပြောင်းအလဲများ ကြုံရမှု၊ ညဥ့်နက်သည်ထိ တီဗီ ကွန်ပျူတာ ကြည့်မှု၊ အလုပ်လုပ်မှု၊ ကော်ဖီ လက်ဖက်ရည်အသောက်များမှု၊ ညဘက် နိုးထတတ်သော ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ ရှိမှုတွေက အိပ်ရေးမ၀တဲ့ အကြောင်းရင်းတွေပေါ့။

( အိပ်ရေးမ၀မှုကို လျှော့ချပေးမယ့် နည်းအဖုံဖုံ)
* တရားထိုင်ပါ။ အချိန်မှန်မှန် အိပ်ပါ။ ထပါ။
* ချည်ထည်များ ၀တ်အိပ်ပါ။ တနေ့တာ ဖြစ်ပျက်သမျှထဲက ကြည်နူးစရာများ ပြန်ရှာတွေးပါ။
* ငြိမ့်ညောင်းတဲ့ သီးချင်းရဲ့ တေးသွားတွေ နားထောင်ပါ။
* ညစာမစားခင် လမ်းလျှောက်ပါ။ တတ်နိုင်ရင် ညစာမစားခင် သီးချင်းဆိုပြီး ရေချိုးပါ။
* အရက်နဲ့ဆေးလိပ်ကို ရှောင်ပြီး အများသူငါကြည့်တဲ့ တီဗီကို ကိုယ့်အိပ်ရာ အိပ်ခန်းမှာ မထားပါနဲ့။
* နွားနို့သောက်၊ မျက်နှာသစ်၊ သွားတိုက် အိပ်ပါ။
*အိပ်ခါနီး ဒေါသထွက်စရာ ဖုန်းတွေ မပြောမိပါစေနဲ့။
ဒါဆိုရင် လှပတဲ့ မျက်နှာအသားအရေနဲ့ ကျန်းမာမှုတို့ကို ပိုင်ဆိုင်တဲ့ ၀က်ခြံပျောက်ပြီး အိပ်ရေးဝကာ လန်းဆန်းမြူးကြွတဲ့ ပျိုမေတွေဖြစ်ပြီပေါ့၊ ရတီချစ်တဲ့ပျိုမေတိုင်း လှပစိုပြေကြပါစေ။

မာဦး
(ရတီ ၂၀၀၉-ခု ဇူလိုင်လ)

No comments: