Saturday, October 2, 2010

လယ်သမားရဲ့ သောက

ဗုဒ္ဓမြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းမှာ သီတင်းသုံးစဉ်အချိန်အခါက မဟာဒတ္တ-ဆိုတဲ့ ပုဏ္ဏားကြီးတဦးဟာ လယ်သမားဘဝမှာ ရှိသတဲ့။ မဟာဒတ္တပုဏ္ဏားကြီးဟာ အလုပ်ကြိုးစားသူဖြစ်ပြီး မိုးလင်းမိုးချုပ် သူ့လယ်ယာလုပ်ငန်းခွင်မှာ အချိန်ကုန်နေတတ်သတဲ့ ကွယ်။ မဟာဒတ္တရဲ့ လယ်ကွင်းဟာ ဘုရားရှင် ဆွမ်းခံကြွတဲ့လမ်းကြောင်းမှာ ရှိသတဲ့။ ဒီတော့လည်း ဘုရားရှင် ဆွမ်းခံကြွတဲ့အချိန် အသွား၊ အပြန်တိုင်းမှာ မဟာဒတ္တနဲ့ ကြုံဆုံမြင်တွေ့နေရတာပေါ့။ မဟာဒတ္တဟာ ဘုရားရှင်ကို ကိုးကွယ်သူ မဟုတ်ပေမယ့် လူယဉ်ကျေးတယောက်ဖြစ်လေတော့ ဘုရားရှင်နဲ့ ကြုံဆုံတိုင်းမှာ ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်တတ်တယ်။ ဘုရားရှင်ကလည်း မဟာဒတ္တနဲ့ နှုတ်ဆက်မှုကို အသိအမှတ်ပြု တုံ့ပြန်တတ်သတဲ့။

တနေ့မှာတော့ မဟာဒတ္တဟာ သူ့လယ်ကွင်းထဲက ရိုးပြတ်တွေကို ရှင်းလင်းနေခိုက်-
ဘုရားရှင်-။ ။ မဟာဒတ္တ ဘာတွေလုပ်နေသလဲ။
မဟာဒတ္တ-။ ။ စပါးစိုက်ဖို့ အချိန်ရောက်ပြီလေ ရှင်ဂေါတမ၊ ဒါကြောင့် ရိုးပြတ်တွေကို ရှင်းလင်းနေတာပေါ့။
ဘုရားရှင်-။ ။ ကောင်းတယ် မဟာဒတ္တ၊ ကောင်းတယ်။ ဘုရားရှင်ဟာ ဒီလိုပဲ မိန့်ဆိုပြီး သူ့လမ်းကြောင်းအတိုင်း ဆက်လက်ကြွသွား ခဲ့တယ်။

ရိုးပြတ်တွေရှင်းလင်းပြီးတဲ့ နောက်တနေ့မှာ အလုပ်ကြိုးစားတဲ့ မဟာဒတ္တဟာ လယ်ကွင်းထဲမှာ ထွန်ယက်ခြင်းအမှုကို သူ့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေခဲ့ပြန်တယ်။ ဒီအခါမှာ ဘုရားရှင်ကလည်း ထုံးစံအတိုင်း နှုတ်ဆက်ပြန်တယ်။
ဘုရားရှင်-။ ။ မဟာဒတ္တ လယ်ထွန်နေပြီလား။
မဟာဒတ္တ-။ ။ ဟုတ်တယ် ရှင်ဂေါတမရေ၊ တလုပ်ပြီးတော့ နောက်တလုပ်ပေါ့။ ခုချိန် လယ်ထွန်မှ စပါးစိုက်ဖို့ အဆင်ပြေမှာပေါ့။
ဘုရားရှင်-။ ။ ကောင်းတယ် မဟာဒတ္တ၊ ကောင်းတယ်။ ဘုရားရှင်ဟာ ဒီလောက်ပဲ မိန့်ကြားပြီး ဆက်ကြွသွားပြန်တယ်။

တနေ့မှာတော့ မဟာဒတ္တဟာ သူ့လယ်ကွင်းထဲက ရိုးပြတ်တွေကို ရှင်းလင်းနေခိုက်-
ဘုရားရှင်-။ ။ မဟာဒတ္တ ဘာတွေလုပ်နေသလဲ။
မဟာဒတ္တ-။ ။ စပါးစိုက်ဖို့အချိန်ရောက်ပြီလေ ရှင်ဂေါတမ။ ဒါကြောင့် ရိုးပြတ်တွေကို ရှင်းလင်းနေတာပေါ့။
ဘုရားရှင်-။ ။ ကောင်းတယ် မဟာဒတ္တ၊ ကောင်းတယ်။

ဘုရားရှင်ဟာ ဒီလိုပဲ မိန့်ဆိုပြီး သူ့လမ်းကြောင်းအတိုင်း ဆက်လက်ကြွသွားခဲ့တယ်။
နောက်နေ့ နောက်နေ့များမှာလည်း မဟာဒတ္တဟာ သူ့အချိန်အတိုင်း ပျိုးကြဲလိုက်၊ ကောက်စိုက်လိုက်နဲ့ အားသွန်ခွန်စိုက် ကြိုးစားနေတာပေါ့။ ဘုရားရှင်ကလည်း ဆွမ်းခံ အသွားအပြန်မှာ မဟာဒတ္တကို နှုတ်ဆက်မြဲ နှုတ်ဆက်နေခဲ့တယ်။ ကြာတော့လည်း မဟာဒတ္တစိတ်ထဲမှာ ဘုရားရှင်ကို သူ့မိတ်ဆွေရင်းချာလို ခံစားမိတဲ့ အထိ ဖြစ်လာသတဲ့။ မဟာဒတ္တရဲ့ လယ်ကွင်းကြီးဟာလည်း သူကြိုးစားသလောက်ကို အောင်မြင် ဖြစ်ထွန်းခဲ့ပါတယ်။ မိုးဦးလေဦးကလည်း ကောင်းတော့၊ စပါးခင်းကလည်း သူများအားကျရတဲ့အထိ စိမ်းလန်းစိုပြည်နေတာပေါ့။ မဟာဒတ္တဟာ တနေ့တနေ့ သူ့လယ်ကွင်းကြီးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်လို့ မဆုံးဘူးတဲ့။

မဟာဒတ္တရဲ့ စပါးနှံတွေဟာ ဘယ်လောက်တောင်များ အောင်မြင်လိုက်သလိုဆိုရင် စပါးနှံတွေဟာ အစီအရီ ညွတ်တွဲကျနေပြီး ရွှေဝါရောင်သမ်းနေလိုက်တာဟာ လယ်ကွင်းကြီးတကွင်းလုံး ရွှေတုံးရွှေခဲတွေ ဖြန့်ကြဲထား သလို လှပသတဲ့။ ဘုရားရှင်ကိုယ်တော်တိုင်တောင်မှ-
ဘုရားရှင်-။ ။ မဟာဒတ္တ သင့်လယ်ကွင်းက အောင်မြင်လှချည်လား။
မဟာဒတ္တ-။ ။ ဟုတ်တယ် ရှင်ဂေါတမရေ၊ ကျွန်ုပ်လည်း ဒါပဲ ပီတိဖြစ်နေတာ။ ဒီတခါ စပါးသိမ်းပြီးရင်တော့ သင့်ကို ကျွန်ုပ် အမှတ်တရ လက်ဆောင်ပေးဦးမယ်။
လှူဒါန်းမယ်ဆိုတဲ့ စကားကို မသုံးတတ်တဲ့ မဟာဒတ္တဟာ သူ့ခံစားချက်အတိုင်း ဘုရားရှင်ကိုပြောပြီး နှုတ်ကတိစကားတောင် ပေးလိုက်သတဲ့။

ဒီလိုနဲ့ စပါးရိတ်သိမ်းဖို့အချိန်ဟာ တရက်နှစ်ရက်လောက်ပဲ လိုတော့တဲ့အနေအထားဖြစ်လာတယ်။ ဒါပေမယ့် ကံကြမ္မာဟာ မှန်းထားသလို ဖြစ်ချင်မှဖြစ်တာလေ။ အဲဒီရက်အတွင်းမှာ အချိန်အခါမဟုတ်တဲ့ မိုးကြီးလေကြီး ကျလာလိုက်တာဟာ မဟာဒတ္တကို ရူးမတတ်ဖြစ်စေတော့တာပေါ့။ မဟာဒတ္တ ကြိုးစားစိုက်ပျိုးခဲ့တဲ့ လယ်ကွင်းကြီးဟာ မိုးဖျက်လို့ ပျက်ရတဲ့ဘ၀ကို ရောက်ခဲ့တော့တာပေါ့။ မိုးလေသည်းပြီးတော့ မနက်မိုးစင်စင် လင်းချိန်မှာ စိုးရိမ်သောကတွေနဲ့ သူ့လယ်ကွင်းကို အပြေးအလွှားလာကြည့်တဲ့ မဟာဒတ္တဟာ ဘာတခုမျှ မကျန်အောင် ပျက်စီးသွားတဲ့လယ်ကွင်းကို မြင်ရတဲ့အချိန်၊ ယူကျုံးမရ ထိုင်ငိုမိခဲ့သတဲ့။ အိမ်ကိုပြန်ရောက် တော့လည်း ဘယ်သူနဲ့မျှ စကားမပြော၊ ဘယ်သူတွေကျွေးလို့မျှ မစားတော့ဘူး၊ အခန်းအောင်းနေ လိုက်တာဟာ အိမ်သားတွေ စိုးရိမ်ကုန်ကြတော့တာပေါ့။

ဒီအကြောင်းကို ဘုရားရှင် ကြားသိတဲ့အချိန်၊ မဟာဒတ္တရဲ့ အိမ်ကို ကြွလာတော်မူတယ်။ အိမ်သားတွေ ကလည်း ဧည့်သည်လာတဲ့သဘောနဲ့ မဟာဒတ္တကို အခန်းတံခါးခေါက်ပြီး သတင်းပို့တာပေါ့။
မဟာဒတ္တရဲ့ ဇနီး-။ ။ ပုဏ္ဏားကြီး-အိမ်ရှေ့မှာ ရှင့်ဧည်သည်ရောက်နေတယ်။ ရှင်ဂေါတမတဲ့ ထွက်တွေ့မှာလား။
မဟာဒတ္တ-။ ။ ရှင်ဂေါတမ...ဟုတ်လား၊ အဲဒါ ငါ့မိတ်ဆွေပဲ၊ ဧည့်ခံထားလိုက်ကြပါ၊ ငါ အခုထွက်လာခဲ့မယ်။
အိမ်သားတွေလည်း မဟာဒတ္တက ထွက်တွေ့မယ်ဆိုတော့ ၀မ်းသာသွားတာပေါ့။ လယ်ကွင်းတွေ ပျက်စီးပြီးကတည်းက မဟာဒတ္တက ဘယ်သူ့ကိုမျှ စကားကောင်းကောင်း မပြောတော့တာဆိုတော့ အခု အခြေအနေထူးတယ်ဆိုပြီး အနားမှာဝိုင်းပြီး အရိပ်အကဲကြည့်နေကြသတဲ့။

ဘုရားရှင်-။ ။ ပုဏ္ဏား-သင် ဘာဖြစ်နေလဲ။
မဟာဒတ္တ-။ ။ ကျွန်ုပ် ကြိုးစားခဲ့သမျှ အချည်းနှီးပဲ ရှင်ဂေါတမ၊ ကျွန်ုပ် လယ်ကွင်းတွေ မိုးဖျက်လို့ အကုန်ပျက် သွားပြီ၊ ကျွန်ုပ် အခု လွန်စွာပဲ စိတ်ဆင်းရဲနေတယ်။ ရင်ထဲက ပူလောင်သောကဟာ မီးပုံကြီးတခုအလားပဲ။

ဘုရားရှင်-။ ။ မဟာဒတ္တ၊ သင့်ရဲ့ပူပန်မှုဟာ ဘာကိုအကြောင်းပြုပြီး ဖြစ်လာတယ်လို့ သင်ထင်လဲ။
မဟာဒတ္တ-။ ။ သင် ဘာပြောချင်တာလဲ ရှင်ဂေါတမ။
ဘုရားရှင်-။ ။ သင့်ရဲ့ ပူပန်မှု၊ စိုးရိမ်မှုတွေဟာ လိုချင်မှုတဏှာကြောင့် ဖြစ်ရတာပဲ မဟာဒတ္တ။ သင့်ရဲ့ လိုချင်မှုကြောင့် သင်ကြိုးစားတယ်၊ လိုချင်တာတွေ ဖြစ်မလာတော့ ပူလောင်တယ်၊ လိုချင်မှုတွေက ကင်းအောင် သင် ကြိုးစားပါလား၊ ဒါဆို ဘာပူပန်မှုမျှ ရှိစရာမလိုတော့ဘူးပေါ့ မဟာဒတ္တ။

မဟာဒတ္တပုဏ္ဏားကြီးဟာ ဘုရားရှင်ရဲ့ တရားတော်ကို နာကြားပြီး အသိဉာဏ်တွေ ၀င်းလင်းသွားတယ်။ ဘုရားရှင်ရဲ့ တရားအဆုံးမှာ သောတာပန်တည်သွားခဲ့သတဲ့။ ကလေးတို့လည်း ဒီဇာတ်တော်ကို ဖတ်ပြီးတဲ့အချိန်မှာ ဘယ်အရာကိုမျှ တမ်းတမ်းစွဲ လိုချင်လှချည်ရဲ့လို့ သဘောမထားမိစေနဲ့၊ အရာတိုင်းဟာ မမြဲဘူးလို့သိထားရင်ပဲ လိုချင်တာမရတဲ့အခါ ဖြေသာတဲ့စိတ် ထားနိုင်ပါလိမ့်မယ်။

မိုးမိုးစောဝင်း

No comments: