Tuesday, October 5, 2010

ကလေးများနှင့် ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တယ်ဆိုတာ လူကြီးတွေမှာပဲ အဖြစ်များခြင်းမဟုတ်ပါ။ ကလေးများမှာလည်း ဖြစ်တတ်ပါတယ်။ အသက်ငယ်ငယ်လေးတွေမှာ အဖြစ်နည်းပေမယ့် ကျောင်းနေရွယ်ကလေးတွေ၊ ဆယ်ကျော်သက်အရွယ်လေး တွေမှာ ခေါင်းကိုက်တတ်ပါတယ်။ မိန်းကလေးအရွယ်မှာ ပိုဖြစ်တတ်ပါ ခေါင်းကိုက်စေတတ်တဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ ဖျားခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ နှာခေါင်းအမြှေးပါးများ ရောင်ရမ်းခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း၊ ဦးနှောက်တွင်း သွေးယိုခြင်း၊ ဦးနှောက်တွင်း ဖိအားများခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။ မိန်းကလေးများ ရာသီလာတဲ့အချိန်မှာလည်း မအီမသာဖြစ်ကာ ခေါင်းကိုက်တတ် ပါတယ်။

ရိုးရိုးဗိုက်နာခြင်း၊ လူမှုရေးပြဿနာများဖြစ်ခြင်း၊ ရာသီလာခြင်း၊ ဖျားခြင်း စသည်တို့နှင့် ဆက်စပ်၍ဖြစ်သော ခေါင်းကိုက်ခြင်းသည် တခေါင်းလုံးကိုက်တတ်ပြီး ဦးခေါင်းတခုလုံး တင်ကျပ်ခြင်းဖြစ်ကာ ဖိထားသလိုဖြစ်တတ်ပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်း (Migraine) ဟာ မျက်လုံးနဲ့ ၀မ်းဗိုက်ဆိုင်ရာ ပြဿနာများကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းနှင့်အတူ မျက်လုံးအမြင်အာရုံ လျော့နည်းခြင်း၊ မျက်လုံး၌ မှုန်မှုန်မွှားမွှားမြင်ရခြင်း၊ ခေါင်းမူးခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း စသည်တို့ကို တွေ့ရတတ်ပါတယ်။

ခေါင်းတခြမ်းကိုက်ခြင်းဟာ နာရီအနည်းငယ်ကြာတတ်ပြီး တချို့က အိပ်လိုက်ရင် ပျောက်သွားတတ်ပါတယ်။ ကလေးများမှာ မကြာခဏဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေဖြစ်ခြင်း၊ အိမ်တွင်းအဆင်မပြေဖြစ်ခြင်း၊ ကျောင်းစာမလိုက်နိုင်ခြင်း စတဲ့အခြေအနေတွေက ပိုပြီး ခေါင်းကိုက်စေပါတယ်။ ဦးနှောက်တွင်း ဖိအားများခြင်းကြောင့်လည်း ခေါင်းကိုက်စေပါတယ်။

ဦးနှောက်တွင်း အကျိတ်တည်ခြင်းကြောင့် ဦးနှောက်တွင်း ဖိအားများစေတဲ့အတွက် သတိထားသင့်ပါတယ်။ ဦးနှောက်တွင်း ဖိအားများတဲ့ကလေးများဟာ မနက်ပိုင်း အန်ခြင်း၊ လှဲအိပ်လျှင် ပိုဆိုးခြင်း စတဲ့ လက္ခဏာများ အပြင် ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း ကျောင်းစာမလိုက်နိုင်ခြင်းစသည်တို့ပါ တွေ့နိုင်ပါတယ်။

ဒါကြောင့် ခေါင်းကိုက်ပြီးအန်လျှင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် နှာခေါင်းအမြှေးပါးများ ရောင်ယမ်းခြင်း ကြောင့်လည်း ခေါင်းကိုက်တတ်ကာ နှာစေးခြင်းနှင့်တွဲဖြစ်တတ်ပါသည်။
သွားကိုက်ခြင်း၊ သွားပိုးစားခြင်းတို့ကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ မျက်စိမှုန်ခြင်း၊ အာရုံေ၀၀ါး ခြင်းကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ ကလေးများ သွေးတိုးခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း ခေါင်းကိုက်တတ်တဲ့ ကလေးတိုင်းကို သွေးချိန်ပေးသင့်ပါတယ်။ ကလေးဟာ ခေါင်းခဏခဏ ကိုက်နေရင် မိဘများအနေနဲ့ ဆရာဝန်ဆီသွားပြီ ပြသင့်ပါတယ်။ အဓိကကတော့ ကလေးများမှာ ခံစားနေရတဲ့ စိတ်ဖိစီးမှုများ (ဥပမာ-စိတ်တိုတတ်ခြင်း၊ စာမေးပွဲအပေါ် အာရုံစိုက်လွန်းခြင်း၊ မိသားစုတွင်း ပြဿနာများ ရှိခြင်း) ကို လျှော့ချပေးသင့်ပါတယ်။ စိတ်ဖြေလျှော့ခြင်း၊ စိတ်ပျော်ရွှင်စရာ အလုပ်များ ပြောင်းလဲလုပ်ပေးခြင်း ဖြင့် ကုသနိုင်ပါတယ်။ အားပျော့သော အကိုက်အခဲပျောက်ဆေးပြားများကို သောက်သုံးနိုင်ပါတယ်။ ဥပမာ Paracetamol ပေါ့။

ခေါင်းတခြမ်းကိုက်တတ်တဲ့သူတွေကတော့ ဆေးသောက်ရုံနဲ့ မပျောက်နိုင်ပါ။ ဒါကြောင့် ခေါင်းကိုက်လျှင် အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းတို့ဖြင့် မပျောက်ကင်းလျှင် ဆရာဝန်နှင့် သေချပြသသင့်ပါတယ်။

ဒေါက်တာသပြေမွန်
(ယဉ်ကျေးလိမ္မာ-၅-၂၉-၀၇)

No comments: