Thursday, October 7, 2010

ဆောင်းတွင်းတွင် အနေဆိုးလာသည့် ပန်းနာသည် ဒေါ်ချမ်းသာ

နာမည်ကသာ ဒေါ်ချမ်းသာ၊ သူ့ခမျာ ပန်းနာဝေဒနာ ခံစားနေရသည်မှာ အနှစ် (၄၀)ကျော်လေပြီ။ သူသည် (Amino) အမိုင်နိုခေတ်၊ (Asmagon) အက်စ်မဂွန်ခေတ်တို့ကို ကျော်လွှားဖြတ်သန်းခဲ့လေပြီ။ သူ့ခေတ်နှင့်သူ ပေါ်သော ဆေးဖြစ်၍ ဆရာဝန်များက ခေတ်အလိုက် ညွှန်ကြားသောဆေးများကို တိကျစွာ လိုက်နာသောက် သုံးခဲ့သည်။ ဆောင်းကုန်၍ နွေဦးရောက်လျှင် သူ၏ ရင်ကျပ်ရောဂါမှာ ယူပစ်သလို ပျောက်သွား တတ်သည်။

နွေရာသီတလျှောက်လုံး နေကောင်း၊ ထိုင်ကောင်း၊ စားလို့သောက်လို့ ကောင်းနေသည်။ ထိုအချိန်မျိုးတွင် သူ့အား မသုံးရန် တားမြစ်ထားသော ကွမ်းသီးဖက် ဆေးပေါ့လိပ်ကြီးကို လူသူမမြင်နိုင်သောနေရာတွင် အားရပါးရ သောက်နေသည်။ အိမ်အပေါ်ထပ် ဘုရားခန်းတွင် ဘုရားရှိခိုး အမျှအတန်းဝေပြီး အားနေလျှင် ညောင်ရေအိုးနောက်တွင် ဖွက်ထားသော သူ၏ဆေးပေါ့လိပ်ကြီးကို မီးညှိကာ ခပ်သုတ်သုတ်ကလေး သောက်နေသည်။ တခါတရံ အိမ်ပေါ်သို့ အမှတ်တမဲ့ တက်လာသော သူ၏သား ကိုဖြိုးတို့၊ သူ၏သမီး မစိုးတို့နှင့် တွေ့လျှင် သူသည် ကပျာကယာ သူ၏ဆေးပေါ့လိပ်ကြီးကို ဖွက်ရှာသည်။ သို့သော် မျက်စိလျင်ကြသော ကိုဖြိုးတို့၊ မစိုးတို့က "အမေ-ဘာလုပ်နေတာတုံး-"ဟု မေးလိုက်လျှင် ဒေါ်ချမ်းသာက "အမေ-ဘာမှမလုပ်ပါဘူး။ သမီးတို့ သားတို့ရယ်။ ဘုရားရှိခိုးရင်း ညောင်ရေအိုးထဲက ဘုရားပန်းတွေ စောင်းနေလို့ ပြန်ပြင်နေတာပါ-"ဟု ဖြေသည်။ သို့သော် အစီခံဖက်က ထွက်နေသော သူ၏ ဆေးပေါ့လိပ်ကြီးကို သားဖြစ်သူ ကိုဖြိုးက ထုတ်၍ပြလိုက်လျှင် ဒေါ်ချမ်းသာသည် သားသမီးတွေကို ကြောက်လည်းကြောက်၊ ရှက်လည်းရှက်သဖြင့် "အမေ-နောက်မသောက်တော့ပါဘူး၊ သားတို့ သမီးတို့ရယ်-"ဟု ပြောကာ သူ၏သောက်လက်စ ဆေးပေါ့လိပ်တိုကြီးကို စဥ့်ထွေးခံအိုးထဲသို့ ပစ်ထည့်လိုက်သည်။

"အမေ နေကောင်းနေရင် ဒီလိုချည်းပဲ-"ဟု သားဖြစ်သူ ကိုဖြိုးက ပြောကာ အိမ်အောက်သို့ ပြန်ဆင်းသွားသည်။ သမီးဖြစ်သူ မစိုးကတော့ "အမေရယ် ဒီဆေးလိပ်ကြီးကို ဖြတ်စမ်းပါ။ ဘာကောင်းကျိုးမှ ပေးတာ မဟုတ်တဲ့အပြင် အမေ့အင်္ကျီ လုံချည်တွေလည်း မီးလောင်ပေါက်ချည့် ဖြစ်ကုန်ပြီ--နောက်ပြီး အမေ မောလာပြီ ရင်ကျပ်လာပြီဆိုရင် သေကောင်ပေါင်းလဲ ခံရတာ-"ဟု ချော့မော့ကာ ပြောသည်။ ယခုကဲ့သို့ သားသမီးများက ပြောတော့လည်း အမေဖြစ်သူ ဒေါ်ချမ်းသာက တကယ်ပါ သမီးရယ် နောက်ဆို အမေ မသောက်တော့ပါဘူး-ဟု ကတိပေးလိုက်သည်။

သို့သော် ဤသို့ ကွမ်းသီးဖက် ဆေးပေါ့လိပ်ကြီးကို ခိုး၍သောက်လေ့ရှိသော ဒေါ်ချမ်းသာအား ရောဂါက ချမ်းသာမပေးရှာပေ၊ ယခင်အခါများက ဆောင်းတွင်းတွင်သာ ပေါ်လေ့ရှိသော ရောဂါသည် ယခု အနွေးဓာတ်ရှိန် ကောင်းသည့် နွေရာသီတွင်ပင် ပေါ်လာလေသည်။ ဒီတချီတော့ ဒေါ်ချမ်းသာတယောက် မသက်သာလှပေ။ ရင်ကျပ်ပြီး အမောဖောက်လာသည့်အပြင် ခြေဖမိုးနဲ့ ခြေထောက်တို့တွင် လေဖြန်းလာ သည်။ သူ၏ခြေသလုံးရိုး (ညိုသကြီးရိုး)ပေါ်သို့ လက်ဖြင့် ဖိလိုက်လျှင် ချိုင့်သွားလောက်အောင် ရေများ စုလာသည်။ တနည်းအားဖြင့် ဖောလာသည်။ လက်ဖျားခြေဖျားများလည်း အေးစက်လာပြီး အပြာရောင် သန်းလာသည်။ (Cyanosis) ခေါ် ခန္ဓာအတွက် အရေးအကြီးဆုံးဖြစ်သည့် အောက်စီဂျင်ဓာတ် ရရှိမှု နည်းနေသည်။

နှစ်ရှည်လများ သူခံစားခဲ့ရသော ရင်ကျပ်ပန်းနာ အဆုတ်ရောဂါသည် သူ၏ နှလုံးကိုပါ ၀င်ရောက်ဖိစီးလေပြီ။ နှလုံး၏ကြွက်သားများသည် အောက်စီဂျင်ဓာတ် မရ၍ ပိုမိုလှုပ်ရှားရသည်။ ပိုမိုလှုပ်ရှားမှုကြောင့် တဖြည်းဖြည်း အားလျော့လာသည်။ သန်မာစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့။ နှလုံး၏ ၀ဲဘက်ခန်းမှ ခန္ဓာကိုယ်အနှံ့အပြားသို့ ထုတ်လွှတ်လိုက်သော သွေးများကို နှလုံး၏ ညာဘက်ခန်းက ကုန်စင်အောင် ပြန်လည် ဆွဲယူနိုင်ခြင်း မရှိတော့။ သို့ဖြင့် သွေးဟောင်းများ၊ အောက်စီဂျင်ဓာတ်နည်းပြီး ဆိုးဝါးသော ကာဘွန်ဒိုင်အောက်ဆိုက်ပါသော သွေးများသာ နှလုံးနှင့် ဝေးလံသော ခြေထောက်ပိုင်းတွင် ကျန်နေပြီး ခြေထောက်နှင့် ခြေဖမိုးတို့အား ဖောရောင်စေသည်။ ယခု ဒေါ်ချမ်းသာသည် ရိုးရိုး ပန်းနာရင်ကျပ်သာမက နှလုံးရောဂါကိုပါ ခံစားနေရသည်။ ဆေးကျမ်းများက (Cor Pulmopale) ဟု ဖွင့်ဆိုထားသည်။

ကျွန်တော်တို့ ဆေးရုံသို့ ရောက်ရှိလာသော သူ့အား အောက်စီဂျင် နာရီပေါင်းများစွာ ရှူခိုင်းရသည်။ ထိုသို့ အောက်စီဂျင် များများရှူလိုက်မှ အမောသက်သာလာသည်။ ဆီးဆေးလေးတိုက်လိုက်မှ သူ၏ ခြေထောက်မှ အဖောများကျပြီး အသက်ရှူကောင်းလာသည်။
အခြေအနေကောင်းလာပြီး စားစရာ သောက်စရာများ တောင်းစားလာနိုင်သော အမေဖြစ်သူအား ကြည်နူးစွာကြည့်ရင်း အမေ-ဒီတခါတော့ ဆေးလိပ် လုံးဝ ဖြတ်တော့နော်-ဟု ချော့မော့ပြောရင်း ဒေါ်ချမ်းသာ နှစ်ခြိုက်သော ဟောလစ်တခွက်ကို ဖြည်းဆေးစွာ တိုက်ကျွေးကြသည်။ ဒေါ်ချမ်းသာ၏ ချောင်းဆိုးပန်းနာ ရင်ကျပ်ရောဂါမျိုးက ရာသီဥတုကောင်းပြီး ဆေးမှန်မှန်သောက်နေသောအခါများတွင်သာ သက်သာရာ ရသည်။ ရာသီဥတု ဆိုးရွားသော မိုးရာသီတို့၊ ဆောင်းရာသီတို့တွင်မူ အချိန်မရွေး ကောက်ကာငင်ကာ ပေါ်လာတတ်သည်။

သို့ဖြင့် ဆရာဝန် ဆရာမများက ဒေါ်ချမ်းသာ အခြေအနေ ပို၍ ဆိုးရွားမလာစေရန် ဆေးများမှန်မှန်သောက်ဖို့၊ အအေးမိမခံဖို့၊ ဆေးပေါ့လိပ်ကို ဝေးဝေးက ရှောင်ဖို့ မှာပြီး အိမ်သို့ ပြန်ခွင့်ပြုလိုက်သည်။ အမှန်တော့ ချောင်းဆိုး ရင်ကျပ် ပန်းနာဆိုသည်မှာ အဆုတ်အတွင်းသို့ ၀င်သွားသည့် လေပြွန်ငယ် လေပြွန်သေး ကလေးများ ကျဉ်းမြောင်းသွားပြီး ချွဲများ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်သည်။ ရှူလိုက်သော လေများ အဆုတ်တွင်းသို့ ရှောရှောရှူရှူ မ၀င်နိုင်တော့သည့်အပြင် အဆုတ်တွင်းဝယ် ပိတ်ဆို့ခြင်း ခံနေရသည့် လေဟောင်းများကိုလည်း ရှူထုတ်ပစ်နိုင်စွမ်း မရှိခြင်းကြောင့်ဖြစ်သည်။ လည်ပင်းရှိ ကြွက်သားကြီးများ ထောင်လာအောင်၊ ရင်ဘတ်ကြီး ချိုင့်ဝင်သွားအောင်၊ ဖောင်းကားလာအောင် ရှူရှိုက်လိုက်မှ အသက်လေး ရှူရလာသည်။ ပင်ပန်းကြီးလှသည်။ ဒုက္ခကြီးလှသည်။ စိတ်ဆင်းရဲရသည်။ လူနာ ခံစားနေရသလို သူ့အား ၀ိုင်းဝန်းပြုစုပေးရသည့် ဆွေမျိုးဉာတိများခမျာလည်း စိတ်မချမ်းမသာ ဖြစ်ကြရသည်။

ဤရောဂါမျိုးသည် လုံးဝ ကင်းကင်းရှင်းရှင်း ပျောက်ကင်းနိုင်သော ရောဂါမျိုး မဟုတ်ပါ။ အစားအသောက် အနေအထိုင် အ၀တ်အစား နွေးနွေးထွေးထွေး ၀တ်ထားနိုင်မှ တော်ကာကျသည်။ ထိုသို့မဟုတ်ပါက အထက်ဖော်ပြပါ လူနာ ဒေါ်ချမ်းသာကဲ့သို့ ပန်းနာရင်ကျပ်ရောဂါမှသည် နှလုံးရောဂါပါ ၀င်လာနိုင်ကြောင်း ဆေးလိပ်ဆိုလျှင် မည်သည့်ဆေးလိပ်ကိုမှ မသောက်သုံးသင့်ကြောင်း အကြံပြုလိုက်ပါသည်။

ကမ္ဘောဇ ခင်လှိုင်
(ကလျာမဂ္ဂဇင်း-၂၀၀၇-ခု မတ်လ)

No comments: