Friday, October 8, 2010

ရသေ့ကိုယ်တော်ကြီး ဦးခန္တီ (၂)

ဗုဒ္ဓဘာသာဝင်တွေဆီက အလှူငွေ ခံပြီးတော့ သာသနာအဆောက်အဦးတွေကို ရသေ့ကိုယ်တော်ကြီး ဦးခန္တီက ကြီးကြပ်ဆောက်လုပ်ပေးထားတော်မူခဲ့တယ်ဆိုတာက တော်ရုံသဖြင့် အရေအတွက်မျိုး မဟုတ်ပါဘူး။ တဦးချင်း တယောက်ချင်း အနေနဲ့ဖြစ်ဖြစ်၊ တပါးချင်းအနေနဲ့ဖြစ်ဖြစ် မလုပ်နိုင်စွမ်းတဲ့ များပြားလှတဲ့ ရွက်ဆောင်ချက်တွေမို့ ခု ရသေ့ကိုယ်တော်ကြီးဟာ အာဇာနည်ပုဂ္ဂိုလ်ကြီးလို့ ရေးရတာပါ။

ရသေ့ကိုယ်တော်ကြီးက သာသနာပြုသွားတဲ့ နှစ်ပေါင်း ၄၀-အတွင်းမှာ မြို့ပေါင်း (၂၀)မှာ သာသနာ့ အဆောက်အဦး ဌာနပေါင်း (၄၇) ခု ဆောက်လုပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီ အဆောက်အဦးတွေဟာ အားလုံးအုတ်အင်္ဂတေနဲ့ ဖြစ်စေ၊ ကျောက်နဲ့ဖြစ်စေ၊ သံထည်တွေနဲ့ဖြစ်စေ ဆောက်လုပ်ခဲ့တာက အများစုကြီးမို့ ရသေ့ကိုယ်တော်ကြီးဘဝ ဇာတ်သိမ်းချုပ်ငြိမ်းတော်မူသွားတာ ခုဆိုရင် နှစ်(၅၀) ရှိတော့မည်။ ရာစုနှစ် တဝက်ကျိုးတဲ့အချိန်အထိ အားလုံးနီးပါးကို ပကတိ အကောင်းအတိုင်း မြင်တွေ့နေရတာလည်း ကျေးဇူးတင် ဝမ်းသာစရာ ကောင်းလှပါတယ်။ ကျွန်မတို့နိုင်ငံက ပူအိုက်စွတ်စိုတဲ့ နိုင်ငံမဟုတ်လား။ အဲဒီတော့ ဆွေးမြည့်လွယ်တဲ့ဘေးနဲ့ မီးဘေး သိပ်ကြောက်ရတဲ့နို်င်ငံပါ။ မန္တလေး ရတနာပုံ ရွှေမြို့တော်ကို တည်ထောင် ဖန်ဆင်းတော်မူခဲ့တဲ့ ပဉ္စမ သင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်တော်တွေဆိုရင် မီးဘေးသင့်လို့ တမျိုး၊ ဆွေးမြည့်ပျက်စီးလို့တမျိုး ကျန်ကောင်း ကျန်ရာမှ ကျန်သေးရဲ့လားလို့ ပြောရခမန်း ဖြစ်ကုန်ပြီ မဟုတ်ပါလား။

ရသေ့ကိုယ်တော်ကြီး အသက်နှင့် ထင်ရှားရှိစဉ်အခါတုန်းကတော့ မျိုးချစ်တွေက ရသေ့ကြီးဟာ ကာဝီကုမ္ပဏီတို့လို နယ်ချဲ့ အရင်းရှင်တွေကို လုပ်ကျွေးနေတယ်လို့ ဝေဖန်သမှုပြုတာများ ရှိပါတယ်။ နို့ပေမယ့် ကျွန်မတို့မှာ မလွှဲမရှောင်သာလို့ ဖြစ်ရတာလို့ပဲ လက်ခံရတော့မှာပါ။ ရသေ့ကိုယ်တော်ကြီးက ချက်(စ်)အာကာဝီကုမ္ပဏဏီက၊ ဂီလန်ဒါ(စ်)အာဘော့(သ်)နော့ ကုမ္ပဏီက၊ ဂျွန်ဒစ်ကင်ဆန်ကုမ္ပဏီက စသဖြင့် သံထည်တွေကို ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကုမ္ပဏီတွေဆီက မှာယူဝယ်ခြမ်းဆောက်လုပ်ရတာ ကိုး။

ရသေ့ကိုယ်တော်ကြီး သာသနာ့အဆောက်အဦးတွေ ဆောက်လုပ်တဲ့မြို့ပေါင်း (၂၀) က ဘယ်မြို့တွေလဲ ဆိုတော့-
(၁) မန္တလေး။
(၂) ပြင်ဦးလွင် (မေမြို့)
(၃) နမ္မတူ။
(၄) သီပေါ။
(၅) စစ်ကိုင်း။
(၆) မိုးကောင်း။
(၇) တောင်ကြီး။
(၈) ပင်းတယ။
(၉) ရမည်းသင်း။
(၁၀) ပျဉ်းမနား။
(၁၁) လယ်ဝေး။
(၁၂) ပဲခူး။
(၁၃) သထုံ။
(၁၄) မော်လမြိုင်။
(၁၅) ဘီလူးကျွန်း (ချောင်းဆုံ)။
(၁၆) ပုပ္ပား။
(၁၇) ကျောက်ဆည်။
(၁၈) မိုးကုတ်။
(၁၉) အင်းဝ။
(၂၀) မင်းဘူးမြို့တို့မှာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာချည်း (၁၃) နေရာမှာ ရသေ့ကိုယ်တော်ကြီး ဆောက်လုပ်ပေးသွားခဲ့ပါတယ်။
(၁) မန္တလေးတောင်။
(၂) တောင်ခြေက ကျောက်တော်ကြီးဘုရား။
(၃) စန္ဒာမုနိဘုရား။
(၄) ကုသိုလ်တော်ဘုရား။
(၅) သုဓမ္မာသိမ်တော်ကြီး။
(၆) ရန်ကင်းတောင်။
(၇) မယ်ဥတောင်။
(၈) ဘုရားကြီး အာနန္ဒာဘုရား။
(၉) နန်းတွင်းတောရဘုရား။
(၁၀) ရွှေစာရံ။
(၁၁) တောင်ပြုန်းကြီး ဆုတောင်း။
(၁၂) တောင်ပြုန်း။
(၁၃) သကျသီဟ မဟာရံတံတိုင်းတို့မှာ ရသေ့ကိုယ်တော်ကြီး ဆောက်လုပ်ပေးတာတွေ ရှိပါတယ်။ ဒီကုသိုလ်တွေကို တခုစီတခုစီ ရေးနေမယ်ဆိုရင် ဒီဆောင်းပါး တော်တော်နဲ့ ဆုံးမှာမဟုတ်တော့ပါဘူး။ ဟိုတုန်းကတော့ ကျွန်မတို့မန္တလေးတောင်ကို သွားကြတယ်ဆိုရင် ဘယ်ဘုရားဖူးမဆို ကျောက်တော်ကြီး၊ စန္ဒာမုနိ၊ ကုသိုလ်တော်နဲ့ ရွှေနန်းတော်ကျောင်းကို မဝင်ဘဲ မပြန်ဘူး။ ခုဆိုရင် အတုမရှိ ကျောင်းတော်ကြီးနဲ့ ဗုဒ္ဓသာသနာ့ ပရိယတ္တိတက္ကသိုလ်ကြီးကိုပါ ဝင်ကြတော့မည်။

အဝေးဧည့်ပဲဖြစ်စ်ဖြစ်၊ မြို့ပေါ်က သွားနေကျ ဘုရားဖူးပဲဖြစ်ဖြစ် မန္တလေးတောင်ပေါ်က ဆင်းလာရင် ကျောက်တော်ကြီးဘုရားဟာ အဆင်းစောင်းတန်းနှစ်သွယ်နဲ့ အနီးဆုံးဘုရား။ ဒီဆင်းတုတော်ကြီးဟာ မန္တလေးမြို့ မြောက်ဘက်က စကျင်တောင်က သလင်း ကျောက်ဖြူလို့ ကျွန်မတို့က ခေါ်ပြီး နိုင်ငံခြားသားက ကျောက်စိမ်းဖြစ်နိုင်တဲ့ Jade အမျိုးအစားကျောက်လို့ ခေါ်တဲ့ ကျောက်သားနဲ့ ထုလုပ်ထားတာ။ ဘယ်သူမှ တူးဖော်လို့ မရရှိဘူးတဲ့ အကြီးဆုံးတလုံးတည်း တဖဲ့တည်းကျောက်တုံးကြီးကို ထွင်းထုထားတာ။ မင်းတုန်းမင်းကြီး ကိုယ်တော်တိုင် မျက်နှာတော် ဖွင့်ထားတဲ့ စမ္မခဏ်မှ ရောင်လျှံတော်အထိ အမြင့် (၁၇)တောင် ကျော်တဲ့ ကျောက်သားဆင်းတုတော်ကြီးမို့ ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်ကြီး-ဆိုပြီး စာအုပ်ငယ် တအုပ် ကျွန်မရေးသားထုတ်ဝေ ထားပါတယ်။ အဲဒီဘုရားကြီးမှာ ဦးခန္တီက ဘုရားဖူးတွေ တည်းခိုနေထိုင်ဖို့ တဲ့၊ ဘုရားမြောက်ဘက်မှာ (၅၆)ခန်းရှိတဲ့ စောင်းတန်း ဇရပ်ကြီး ဆောက်လုပ်ပေးထားပါတယ်။

ကြုံလို့ ရေးပါဦးမယ်။ ကျွန်မတို့ ငယ်ငယ် မန္တလေးတောင်ကို အခေါက်ခေါက်သွားနေတဲ့ အရွယ်တုန်းကတော့ ဒီစောင်းတန်း ဇရပ်ကြီးတွေမှာ မန္တလေးမုန့်မျိုးစုံရောင်းတဲ့ဆိုင်တွေ ရှိတယ်လေ။ အအေးဆိုင်တွေကလည်း ဘိလပ်ရည်ပုလင်းတွေ အဖျော်ရည် ပုလင်းတွေ အရောင်စုံနဲ့ပေါ့။ ပြီးတော့မှ မန္တလေးမုန့်တွေဖြစ်တဲ့ မုန့်တီဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ မြီးရှည်ဆိုင်၊ ထမင်းဆိုင်၊ အသုပ်စုံဆိုင်၊ အကြော်ဆိုင်တွေကလည်း စားမကုန်ဘူး။ လက်ဖက်ရည်ဆိုင်တွေလည်း တဆိုင်မက ရှိသေးရဲ့။

ရသေ့ကိုယ်တော်ကြီးက ရဟန်းဘဝကနေပြီး ရသေ့အသွင်ကို ရဟန်း (၁၂) ဝါ အရမှာ ကူးပြောင်းတော့ ရသေ့ဘဝနဲ့ ပထမဆုံး သူနေခဲ့တဲ့ ရမည်းသင်းမြို့နယ်တဝိုက်မှာ ရသေ့ကြီး ပြုလုပ်သွားတဲ့ သာသနာ့ အဆောက်အဦးတွေက မန္တလေးနဲ့ ပတ်ဝန်းကျင် ပြီးလျှင် ဒုတိယအများဆုံးပါ။ အဲဒီမှာချည်း (၈) ဌာန ရှိပါတယ်။
(၁) ရွှေမြင်တင်တောင်ဘုရား။
(၂) မင်းသမီးဘုရား။
(၃) တောင်ပခြုပ်။
(၄) ရွှေရင်မျှော်။
(၅) ရွှေရင်မိ။
(၆) ရွှေရင်ပုန်း။
(၇) မျှောရွာပိတောက်ကုန်း။
(၈) ညောင်လွန့်မဟာမြတ်မုနိတို့ ဖြစ်ပါတယ်။

ဒီဒေသတဝိုက်မှာ ရသေ့ကိုယ်တော်ကြီး မန္တလေးတောင်ကို ကြွမလာခင် ပထမဆုံး စတင်ပြီး ဘုရားကျောင်းကန် ဇရပ်တန်ဆောင်းတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ရသေ့ကြီး ဦးခန္တီရယ်လို့ မကျော်ကြားမီက ရွှေမြင်တင် ရသေ့-လို့ လူတွေက အမည်စတင်ပေး ခဲ့ကြပါတယ်။ အဲဒါ ၁၂၆၁-ခုနှစ် နောက်ပိုင်း ရသေ့အသွင် ကူးပြောင်းစကပေါ့။ ရသေ့ကြီး အဲဒီမှာ (၈)နှစ်ကြာ ပြုပြင်တည်ဆောက်ခဲ့တာ ဖြစ်ပါသတဲ့။

အဲဒီကပြီးတော့ ရသေ့ကိုယ်တော်ကြီးက ပျဉ်းမနားအရှေ့ဘက် (၈)မိုင်ခန့်အကွာ ပေါင်းလောင်းမြစ် အရှေ့ဘက်ကမ်းက ဆင်ဖြူတောင်မှာလည်း ရုပ်ပွား၊ တန်ဆောင်း၊ စောင်းတန်း၊ လှေကား၊ ပြာသာဒ်တွေနဲ့တကွ ပျဉ်မနားက သူဌေးဦးလန်း ကောင်းမှု ကိုးခန်းတဆောင်းကြီးကိုပါ ဆောက်လုပ်ပေးသွားပါသတဲ့။
အဲဒီကပြီးတော့ လယ်ဝေးမြို့နားမှာ ရန်အောင်မြင် ရွှေလက်လှဘုရားကြီးကို ပြုပြင်မွမ်းမံပြီး မဟာမုနိရုပ်ပွားတော်မြတ် တန်ဆောင်းပြာသာဒ်ကို ဆောက်လုပ်ပါတယ်။

အဲဒီရမည်းသင်းနယ်က ဘုရားတွေအနက် ရွှေမြင်တင်ဘုရားက နှစ်စဉ် တပေါင်းလပြည့်ကျော်(၄)ရက်ကနေပြီး (၉)ရက်နေ့အထိ နှစ်တိုင်း ဘုရားပွဲ ကျင်းပတယ်။ ဒီဘုရားပွဲကို ရသေ့ကိုယ်တော်ကြီးက နှစ်တိုင်း ကြွရောက်ပါတယ်။
ရသေ့ကိုယ်တော်ကြီး ၁၂၆၉-ခုနှစ် တပေါင်းလဆန်း (၁)ရက်နေ့မှာ မန္တလေးတောင်ကို ရောက်လာပြီး မန္တလေးတောင်က ဘုရား တွေကို စတင်ပြုပြင်တာပဲ။

ဒီလို ကြွရောက်လာတာနဲ့ ပတ်သက်လို့ ရသေ့ကိုယ်တော်ကြီးရဲ့ အမှတ်အသားက ရသေ့ကြီး ရမည်းသင်းက ရွှေမြင်တင်တောင်မှာ နေတုန်း ၁၂၆၆-ခုနှစ်မှာ ကင်းဝန်မင်းကြီးက မန္တလေးကိုလာပြီး သာသနာ့အဆောက် အဦးတွေ ရွှေမြင်တင်မှာလိုပဲ ရွက်ဆောင် ပေးပါလို့ ပင့်ဖူးပါသတဲ့။
၁၂၆၉-ခုနှစ်တုန်းက ရသေ့ကြီး လယ်ဝေး ရန်အောင်မြင် ရွှေလက်လှဘုရားကို ပြုစုနေတုန်း မန္တလေးက တောင်ခွင်သာသနာပိုင် ဆရာတော်ကြီးက စာရေးပြီး ပင့်ပါသတဲ့။ အဲဒီအခါတော့ ရသေ့ကြီးက ရမည်းသင်းက နေပြီး မန္တလေးကို ကြွလာတယ်လေ။ ရသေ့ကြီးက တောင်ခွင်သာသနာပိုင် သူ့အပေါ် သံယောဇဉ်ရှိလာပုံ ကိုလည်း ဒီလို မိန့်ဖူးပါသေးတယ်။ မန္တလေးတောင်မှာ ကုသိုလ်ကောင်းမှုတွေ စတင်လုပ်ဆောင်မိတဲ့အချိန်မှာ တောင်ခွင်သာသနာပိုင် ဆရာတော် မန္တလေးတောင်ကို ကြွတော်မူလာတယ်။ ပြီးတော့ ရသေ့ကြီးကို စိပ်ပုတီးနဲ့ တောင်ဝှေးတချောင်း ပေးတော်မူသွားပါသတဲ့။

အဲဒီနောက်မှာ သာသနာပိုင်ဆရာတော်က ရသေ့ကြီး ရွက်ဆောင်နေတာတွေကို ကျေနပ်တော်မူတဲ့ လက္ခဏာနဲ့ အကြောင်းအားလျော်စွာ တောင်ခွင်သာသနာပိုင် ကြွရောက်ရာ အခမ်းအနားတွေမှာ ရသေ့ကြီးနဲ့ ဆုံရကြုံရရင် ဆရာတော်က ရသေ့ကြီးကို သူ့အနီးအပါးမှာ လာထိုင်ဖို့ခေါ်ယူတယ်။ စကားစမြည်ပြောဆိုသတဲ့။ ပရိသတ်ထဲမှာ ရသေ့ကြီးကို ဆရာတော်ကြီးက အသိအမှတ် ပြုပေးတယ်ဆိုတဲ့ သဘောပေါ့။
နောက်ပြီးတော့ တောင်ခွင်သာသနာပိုင်က ရသေ့ကြီးကို သာသနဟိတဓဇနာယက-ဘွဲ့ ပေးတော်မူပါတယ်။

သာသနာ့အဆောက်အဦးတွေ ရသေ့ကြီး ကြပ်မတ်တည်ဆောက်ခဲ့တာတွေကတော့ မန္တလေးနဲ့ ရမည်းသင်း ဒေသအပြင်
(၁) ပြင်ဦးလွင်မှာ ညံတော မဟာမြတ်မုနိနဲ့ ရေဝင်တောင်။
(၂) နမ္မတူမှာ ရွှေမြင်သာတောင်။
(၃) သီပေါမှာ ဘော်ကြိုဘုရား။
(၄) စစ်ကိုင်းမှာ ဆင်များရှင်ဘုရားနဲ့ ရှင်ဖြူရှင်လှဘုရား။
(၅) မိုးကောင်းမှာ မန်းဦးတောင်ဘုရား။
(၆) တောင်ကြီးမှာ ရပ်တော်မူဘုရားကြီး။
(၇) ပင်းတယမှာ ရွှေဥမင်ဘုရား။
(၈) ပဲခူးမှာ ရွှေဟင်္သာကုန်းနဲ့ နောင်တော်ကြီးဘုရား။
(၉) သထုံမှာ မဟာမြတ်မုနိ၊ ရဟန္တာကျောင်း၊ ဓာတ်တော်စေတီနဲ့ ရွှေစာရံကျောက်စာ။
(၁၀) မော်လမြိုင်မှာ အလံတင်တောင် (ဦးခန္တီ) ဘုရား။
(၁၁) ချောင်းဆုံမှာ မြင်းမိုရ်တောင်။
(၁၂) ပုပ္ပားမှာ ရွှေသာလျောင်း။
(၁၃) ကျောက်ဆည်မှာ ရွှေဆပ်သွား။
(၁၄) မိုးကုတ်မှာ ဘီးတောင်။
(၁၅) အင်းဝ တံတားဦးမှာ မင်္ဂလာစေတီ။
(၁၆) မင်းဘူးမှာ မန်းစက်တော်၊ ကျောင်းတော်ရာ၊(ဆည်တော်) မဟာမြတ်မုနိတို့ ဖြစ်ပါတယ်။

ရသေ့ကြီးဦးခန္တီဟာ ဒီလောက်များပြားတဲ့ သာသနာ့အဆောက်အဦးတွေကို ဘာကြောင့် ကြီးကြပ် လုပ်ဆောင်နိုင်ခဲ့ပါသလဲ ဆိုတာနဲ့ ပတ်သက်လို့ ရသေ့ကြီးက"ရွှေဖြစ်လို့ ငွေဖြစ်လို့"ဆိုတဲ့ စကားကတော့ လူပြိန်းစကားပါ။ တကယ်တော့ ရသေ့ကြီးက အင်မတန် လှူချင်တန်းချင်တတ်တဲ့ လူမျိုးဆီက အလှူငွေကို နည်းများမဟူ ရယူနိုင်နိုင်စွမ်းရှိလို့ လူထုအားကို ယုံတဲ့ပုဂ္ဂိုလ်မို့ ဒီလို အောင်မြင်တာပါ။

ကျွန်မတို့လူမျိုး ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့ တရားတော်များအနက်က အလှူဒါနဆိုတဲ့ ပေးကမ်းစွန့်ကြဲမှုမှာ ရက်ရောတဲ့စိတ် ရှိတဲ့လူမျိုး ဖြစ်ပါတယ်။ တခြားအဆုံးအမကို မကျင့်သုံးနိုင်ရင်ရှိစေ၊ လှူတယ်၊ စွန့်တယ် ဆိုတဲ့ ဒါနအမှုကို တတ်နိုင်ရင် တတ်နိုင်သလောက် ပြုချင်တဲ့လူမျိုး၊ မရှိလို့ မလှူရဘူး၊ မလှူလို့ မရှိရတာ-ဆိုတာကို ရင်ထဲ စွဲနေတဲ့လူမျိုး။ ဒီလူမျိုးဆီက အလှူငွေများ ရရှိအောင် ရသေ့ကြီးဦးခန္တီက အလှူခံတတ်လှပါတယ်။ ဒါဟာ ရသေ့ကြီးရဲ့ အထူးခြားဆုံး ပါရမီတရပ်လို့ ထင်ပါတယ်။

မန္တလေးတောင်နဲ့ တခြာေးတာင်တွေပေါ်မှာ ဘုရားဖူးဖို့အတွက် ကျောက်လှေကားတွေနဲ့ အမိုးက သွပ်ပြားမိုးတဲ့ သံစောင်းတန်းတွေ ဆောက်ပေးပါတယ်။ အဲဒီစောင်းတန်းတခန်းကို ငွေ (၁၀၀)ကျပ် လှူရပါတယ်။ လှူပြီးရင် ရသေ့ကြီးက သံပြားကိုဖောက်ပြီး အလှူရှင်ကို ကမ္ပည်းထိုးပေးပါတယ်။ ကျွန်မငယ်ငယ်က စောင်းတန်းက စာကို လှေကားတက်ရင်း မော့မော့ဖတ်ရတာ ကလေးအနေနဲ့ အင်မတန် ဗဟုသုတကြီး တခုပါ။ ၀ါးနက်ချောင်းက ဦးဖြူနဲ့ ဒေါ်လှရင်၊ သား ကိုအေး၊ သမီး မချမ်းမြ-ကောင်းမှု၊ တော်ပသီက ဦးလှဖေ+ဒေါ်အေးမြ ကောင်းမှု၊ ပုသိမ်ကြီးက ကိုပဒတ်+မချမ်းသာ၊ ပိန်းဇလုပ်မြို့က ဘုရားဒကာ ဦးရွှေသီး ကောင်းမှု၊ တွံတေးတောကြီးတန်းက ဒွေးအောင်တို့ မိသားစု ကောင်းမှု၊ မန္တလေးမြို့ အရှေ့ပြင် ဒေါနဘွား အဒေါ်စံမှီနဲ့ မြေးများ ကောင်းမှု၊ စတာတွေက ကိုယ်မသိတဲ့ မြို့တွေ ရွာတွေအမည်ကလည်း စိတ်ဝင်စားဖို့ကောင်းတာပဲ။ နာမည်တွေကလည်း ရိုးတာရော၊ ဆန်းတာရော စိတ်ဝင်စားတာပဲ။ ငယ်သေးတဲ့အရွယ်မှာ မောရမှန်းမသိ၊ ပန်းရမှန်း မသိ၊ ဒီကမ္ဗည်းတွေကိုဖတ်ပြီး တက်တာပါပဲ။ ကျွန်မတို့သာ မဟုတ်ပါဘူး။ ဒီမှာ လှူဒါန်းထားဖူးတဲ့ အလှူ့ရှင်များ ကလည်း ကို့ကမ္ဗည်းကလေးကို ပြန်ရှာပြီး ပီတိနဲ့ ပြန်ဖတ်ပါတယ်။ ပါလာတဲ့ မိတ်ဆွေသင်္ဂဟကိုလည်း ကမ္ဗည်းကလေး လက်နဲ့တို့ပြီး ပြတတ်ပါသေးတယ်။

အဲဒီစောင်းတန်းတခန်း ငွေ(၁၀၀) ကျပ်ကို ရသေ့ကိုယ်တော်ကြီးက တကြိမ်တည်းနဲ့ အပြီးလှူနိုင်မှ လှူခဲ့၊ မလှူနိုင်ရင် ငွေ(၁၀၀)ကျပ်ကို ၄-လမှတခါ သုံးကြိမ်ခွဲပြီး တနှစ်အတွင်း လှူလှည့်။ ၃-ကြိမ်မတတ်နိုင်ရင် တလ ငွေ (၁၀)ကျပ်၊ (၁၀)လ လာလှူလှည့်။ ပြည့်စုံတဲ့အခါ ကမ္ဗည်းထိုးပေးမယလို့ အလှူခံတာပါ။ အဲဒီလို စောင့်စားစောင့်နေ ဘယ်နိဗ္ဗာန်ဆော်က အလှူခံဖူးလို့လဲ။ ဦးခန္တီကသာ ငွေ(၁၀၀)ကျပ်ကို အကြိမ် (၂၀)၊ (၁)နှစ်နဲ့ (၈)လ စောင့်ပြီး စိတ်ရှည်လက်ရှည် အလှူခံတာမှုတ်လား၊ အဲဒီတော့လည်း တလငွေ (၅)ကျပ် လှူနိုင်အောင် စုဘူးကလေးနဲ့ တနေ့တမူး ထည့်လိုက်၊ သုံးပဲထည့်လိုက်၊ တမတ်ထည့်လိုက်နဲ့ တလနေတော့ ငွေ(၅)ကျပ်က ပြည့်နေရော။ ပြည့်တော့ လာလှူတယ်လေ။

ရသေ့ကြီး ဦးခန္တီက ရှေးခေတ်တန်ဖိုး ငါးမူးသား ရွှေဒင်္ဂါးတပြားကို (၁၅)ကျပ်၊ (၂၀)ကျပ်တန်တဲ့ခေတ်၊ ရွှေတကျပ်သားကို (၃၀)ကျပ်၊ (၄၀)ကျပ် တန်တဲ့ခေတ်က တန်ဖိုး သိန်းပေါင်းများစွာ ကောက်ခံလှူဒါန်းသွား ရာမှာ ရသေ့ကြီးရဲ့ အတ္ထုပ္ပတ္တိကို ရေးဖူးတဲ့ ရဟန်းပျို ဆရာတော် အရှင်ဇောတိကာဘိဝံသ-က ဘယ်လိုရေးသလဲဆိုတော့-

ရသေ့ကြီးသည် ဤမျှလောက် ရငွေ သုံးငွေများကို စာရင်းထားခြင်းလည်း မပြုစေ၊ ဘယ်သူ့ကိုမျှလည်း မိကိုင်စေဘဲ၊ ကိုယ်တိုင် တဦးတည်းသာ သိမ်းဆည်းလျက် စီမံခန့်ခွဲပေသည်။ ငွေ အများအပြား တွေ့မြင် သိမ်းပိုက်ရပါက လောဘသားများမှာ လိုချင်ခြင်း ဖြစ်ကြမည်-ဟု ပြောဆိုကာ ငွေနှင့်စပ်၍ မည်သူ့ကိုမျှ အသိပေးခြင်း မရှိခဲ့ပေ။ တပည့်ရင်း (ကိုယ်စားလှယ်တော် ဦးကျော်သိန်း) ပင် မည်မျှလောက် ငွေရှိကြောင်း ငွေရကြောင်း မသိခဲ့ရဟု ဆို၏။-လို့ မန္တလေးတောင်သမိုင်းသစ်-စာအုပ်မှာ ရေးပါသည်။

ဦးခန္တီဟာ ငွေကိုင်ရာမှာမို့ ရဟန်းဘ၀က ရသေ့ဘ၀ကို ကူးပြောင်းတာဆိုတဲ့ စကားကလည်း တော်တော်ခိုင်လုံပါတယ်။ ရသေ့ကြီး ဦးခန္တီမှာ မွေးချင်း ၃-ယောက်ရှိပါတယ်။ အကိုကြီးတယောက်နဲ့ အမတယောက်ပါ။ အကိုက ရဟန်းဘောင်ကို ၀င်ပါတယ်။ သိမ်ကုန်းရွာမှာနေပြီး ပြာသာဒ်ကျောင်း ဆရာတော် ဦးတေဇော-လို့ တနယ်လုံးက သိပါတယ်။
ဒီနောင်တော် ဦးတေဇောက ညီတော် ဦးခန္တီ ရဟန်းဘ၀ကနေပြီး ရသေ့ဘ၀ကို ပြောင်းလဲလိုက်တဲ့အခါ ၀မ်းမြောက်ခြင်းမရှိလို့ ညီကို စကားမပြောဘဲ နေပါသတဲ့။ ညီရသေ့ကတော့ နောင်တော်ကို ကြုံတဲ့အခါ စားဖွယ်ပစ္စည်းလေးများနဲ့ ကန်တော့တတ်တယ်လို့ ပြောစမှတ် ရှိပါတယ်။

လူထုဒေါ်အမာ

No comments: