Monday, October 11, 2010

ကလေးများ၏ အရေပြားတွင် ဖြစ်တတ်သော ရောဂါ

မိခင်များသည် ကလေးမွေးကင်းစအရွယ်တွင် (Erythema Toxicum) မိတ်ဖုသေးသေးကလေးများ မျက်နှာပေါ်၊ ဦးရေပြားပေါ်၊ ခြေလက်နှင့် ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လာတတ်သည်ကို အစိုးရိမ်လွန်ကြပြီး နိုင်ငံခြား အရေပြား လိမ်းဆေးများဖြင့် ၀ယ်လိမ်းတတ်ကြသည်။
ဒေါက်တာ-ကျွန်မကလေး မွေးစ အကောင်းပဲ၊ အခုတပတ် နှစ်ပတ်အတွင်း မျက်နှာမှာရော၊ နားရွက်၊ ခေါင်း၊ ဗိုက်တွေမှာရော မိတ်ဖုအသေးလေးတွေ ထွက်လာတယ်၊ ပျောက်လည်း မပျောက်နိုင်လို့ စိတ်ပူလို့ လာပြတာပါ။
-ဘာဆေးမှလိမ်းဖို့ သောက်ဖို့ မလိုဘူး၊ ဒါဟာ မွေးစကလေးတိုင်း ပေါက်နေကျ၊ ထွက်နေကျ အဖုလေးတွေပဲ အမေရဲ့၊ ဒီအဖုကလေးတွေက သူ့ဟာသူ အလိုလို (၂)ပတ်၊ (၃)ပတ် တလလောက်မှာ အနာရွတ်မကျန်ဘဲ ပျောက်သွားလိမ့်မယ် မစိုးရိမ်နဲ့။

ကျွန်မက မိခင်အား ပြောရင်း အားပေးရင်း ကလေးတွေကို ဓာတ်ပုံရိုက်ထားသော ပုံကလေးများကို ထုတ်ပြလိုက်သည်။
မိခင်များသည် မိမိ၏ ရင်သွေးငယ်များအတွက် မွေးစအမှတ်များအကြောင်းလည်း သိထားဖို့ လိုသေးသည်။ အရေပြားပေါ်တွင် အနက်ရောင်၊ နီညိုရောင် အကွက်ပြားပြားများ တွေ့ရတတ်သည်။ Port-Wine Stain ခေါ် အရေပြားပေါ်မှ အနီစက်၊ အနီကွက်တို့သည် ၄င်းတို့ပေါ်ရာနေရာ၏ အောက်ဘက်ဦးနှောက်၊ မျက်စိတို့နှင့် ပတ်သက်နေတတ်သည်။ ၄င်းအမှတ်များ ခြေလက်တို့တွင် ရှိနေလျှင် အမှတ်ရှိသည့် ခြေလက်များ အနည်းငယ်ကြီးထွားနေတတ်သည်ကို သတိပြုရပေလိမ့်မည်။

အရေပြားနှင့် တသားတည်းမနေဘဲ အနည်းငယ် ကြွနေသော အမှတ်များကိုလည်း တွေ့ရတတ်သေးသည်။ Hamangiomas ခေါ် အမှတ်တို့သည် (၆)လ၊ (၉)လအရွယ်တွင် ကြီးထွားလာတတ်သည်။ များသောအားဖြင့် ၄င်းအရေပြားတွင် ခပ်ကြွကြွပေါ်နေသော အနီရောင်အမှတ်များမှာ အသက် (၁၀)နှစ်ရောက်သည်အထိ ရှိနေတတ်ရာ၊ လည်ပင်းပေါ်တွင်ရှိလျှင် အင်္ကျီကော်လာနှင့် ထိတွေ့ပွန်းပဲ့ခြင်း၊ မျက်ခွံပေါ်တွင်ရှိလျှင် မျက်စိကြည့်ရာ အနှောင့်အယှက်ဖြစ်ခြင်း စသည်တို့ကြောင့် အမှတ်ကို စတွေ့ကတည်းက ဆရာဝန်များကို ပြသထားသင့်ပေသည်။

ဒေါက်တာ ကျွန်မ ကလေး အမြဲသေးစိုလို့ အနှီးလည်း မကြာခဏ လဲပေးတာပါ၊ ဒါပေမယ့် ပေါင်ခြံမှာ သေးစိုပြီး ရဲနေပြီ၊ အခုတော့ ကလေးက နာလွန်းလို့ ငိုတော့တာပဲ။
ဤကိစ္စလည်း အရေးကြီးပေသေးသည်၊ အနှီးမလောက်မငှ သုံးပြီး ကလေးသေးစိုတိုင်း အနှီးကို မလျှော်ဘဲ နေပူထဲ လှန်းလိုက်၊ ကလေးကို ပြန်ထုပ်ပေးလိုက်၊ အနှီးကြမ်းကြီးနှင့် ကလေး၏ပေါင်ခြံ တင်ပါးတို့ကို သုတ်လိုက်နဲ့ လုပ်တတ်သော မိခင်များ၏ မွေးကင်းစတွင် ဆီးလောင်၍ရသော အနာများကို တွေ့ရတတ်ပေ သည်။

ထို့နောက် ဆရာဝန်မပြဘဲ သူများအပြောနှင့် (Cream) ကရင်(မ်)များ၊ ဆေးရည်များထည့်ရင်း အခြားရောဂါ ပိုးများ အထူးသဖြင့် မှိုပိုးများ၊ ဘက်တီးရီးယား ပိုးမွှားများ ၀င်ရောက်လာတတ်ပေသည်။ အရေးအကြီးဆုံးမှာ တကိုယ်ရည် သန့်ရှင်းရေးပင် ဖြစ်ပေသည်။ အနှီးပါးစ ပေါင်ခြံတ၀ိုက်နီလာလျှင် ဇင့်အောက်ဆိုက် (Zinc Oxide) ပါသော လူးဆေး၊ ကရင်(မ်)လူးဆေးတို့ လိမ်းပေးရမည် ဖြစ်၏။

ဆရာဝန်ကိုပြလျှင် အရေပြားအခြေအနေကို ကြည့်၍ နင့်(စ်)တင် Nystatin) ၁% ဟိုင်ဒရိုကော်တီစုံး စသည့် လူးဆေးများ လိုအပ်လျှင် ညွှန်ကြားမည် ဖြစ်ပေသည်။ ထို့ကြောင့် ကလေးများ ဆီးပူမလောင်ရန် ဆက်လက်ပြီး ကရင်(မ်) လူးဆေးတို့ကို အနှီးတခါလဲတိုင်း ပေါင်ခြံတ၀ိုက်၊ တင်ပါးတ၀ိုက်တွင် သန့်ရှင်းအောင် ပြုလုပ်ပြီး ဆေးလိမ်းပေးသင့်ပေသည်။

ထိုနောက် ဦးရေပြားပေါ်တွင်ကြပ်ခဲကြီးဖြစ်ကာ၊ အနာများပေါက်ပြီး အရည်ကြည်များ၊ ပြည်များတည်လာ တတ်သေးသည်ကို တွေ့ရတတ်သည်။ တခါတရံ ခေါင်းပေါ်တွင် အနာကြီးများ တလုံးပြီးတလုံးပေါက်ပြီး တင်ပါးတွင်၎င်း၊ ခန္ဓာကိုယ်တွင်၎င်း အနာများ ပေါက်တတ်သေးရာ မိခင်များက အပူတွေထွက်လာတာပဲဟု ဆေးမီးတိုနှင့် ကုကြသည်။

အမေတယောက် တခါက ၄-၅ နှစ်အရွယ် ကလေးကို ချီပြီး ခေါင်းကို လာပြသည်။ ခေါင်းတခေါင်းလုံး အနာတွေပွလျက်။
ဒေါက်တာ ကျွန်မကလေးခေါင်းမှာ အပူတွေ ထွက်လို့၊ အိမ်နားနီးချင်းက ငပိသုတ်ပေးရင် ခေါင်းအေးတယ်ဆိုလို့ ငပိတွေ လိမ်းပေးမိတာ အခုလိုဖြစ်လာတော့တာပဲ။

ကျွန်မသည် ငိုအားထက် ရယ်အားသန်ချင်သည်။ သို့ရာတွင် မိခင်ကို သနား၍ ရင်ထဲမှာ ဆို့သွားသည်။
ထိုအနာများမှာ ဘက်တီးရီးယားပိုးများဖြစ်ကြသော ဖလိုကော့ကတ်(စ်)နှင့် စထရက်တိုကော့ကပ်(စ) ပိုးတို့ကြောင့် အင်ပတိုင်းဂိုး (Impetigo) ခေါ် အနာစက်ရောဂါဖြစ်ရာ၊ ၄င်းအနာကို သန့်ရှင်းစွာဆေးကြော၍ သင့်တော်သော လူးဆေးလိမ်းပေးရခြင်းနှင့် ပဋိဇီဝသောက်ဆေးများဖြင့် ပိုးများကို အမြစ်ဖြတ်ရမည် ဖြစ်ပေသည်။

ကလေးများတွင် မအိပ်နိုင်၊ မစားနိုင်ဖြစ်အောင် တကိုယ်လုံး ယားယံပြီး ၀ဲပေါက်တတ်သေးသည်။ ၀ဲမပေါက်ရန် အရေးအကြီးဆုံးမှာ တကိုယ်ရေသန့်ရှင်းရေးနှင့် တအိမ်လုံး သန့်ရှင်းရေးပင် ဖြစ်သည်။ ၀ဲကောင်ကလေးများသည် လိပ်ငယ်ငယ်ကလေးများ ပုံသဏ္ဍာန်နှင့် ခြေထောက်ရှစ်ချောင်း ရှိပေသည်။

ဝဲကောင်ပေါက်တို့သည် ကလေးငယ်လေးတို့၏ ခြေချောင်း၊ လက်ချောင်းကလေးများကြား အရေပြား ပျော့ပျော့တွင် ဥမင်လိုဏ်ခေါင်းတူး၍ ၀င်သွားကြပြီး ဥ,ဥလေ့ရှိသည်။ ထိုဝဲကောင် အရေပြားအောက်တွင် လမ်းဖောက်ဝင်သွားရာတ၀ိုက်တွင် အနာများ၊ ၀ဲဖုများပေါက်ရာ ယားယံသည့်ဒဏ်ကို မခံနိုင်၍ လက်သည်းနှင့် ခြစ်ကုတ်လေ အနာများ ပိုပွားလေ၊ အနာများပိုပွားလေ ပိုယားလေ ဝေဒနာများ ပိုပြီး ခံစားရလေ ဖြစ်မည် ဖြစ်သည်။

တအိပ်ရာထဲအိပ်ကြသော မိသားစုများသည် ၀ဲနာဖဲ့ကုတ်သော အနာဖေးများ၊ အနာမှ ထွက်ကျသည့် အရည်များဖြင့် တမိသားစုလုံး ကူးစက်ကြရလေသည်။ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သော (ဘတ်စကေးဘီး) လိမ်းဆေးကို ညတိုင်း လည်ပင်းအောက်မှစ၍ ၀ဲနာများရှိရာတကိုယ်လုံး လိမ်းပေးပြီး နံနက်မိုးလင်းလျှင် ရေချိုးပေးရမည်ဖြစ်၏။ ဦးခေါင်းတွင် ၀ဲပေါက်နေလျှင်လည်း ဆေးလိမ်းရမည်။ သို့ရာတွင် မျက်စိထဲ မ၀င်အောင် သတိထားရမည် ဖြစ်ပေသည်။ ပျောက်သည်အထိ ရက်ကြာကြာ ဆေးလူးပေးပြီး စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ ခြင်ထောင်များအားလုံး လျှော်ဖွပ်ရမည်။ အ၀တ်များ နေလှန်းရမည် ဖြစ်ပေသည်။

အရေးအကြီးဆုံးမှာ တယောက်ကစပြီး တစ်ရာမကူးအောင် ကလေးများ ဖုံ၊ သလဲများ၊ ဆော့ကစားပြီးလျှင် ခြေလက်များ မှန်မှန်ဆေးပေးရန်၊ ၀ဲတလုံးပေါက်၍ ယားယံပြီး ကလေးက အရေပြားကို ကုတ်ဖဲ့နေကတည်းက ဆေးလူး၊ ဆေးလိမ်းပေးရန် လိုပေသည်။ တကိုယ်ရေသန့်ရှင်းရေး၊ မိသားစုသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုစိုက်ပါလျှင် အနာရောဂါ အန္တရာယ်တို့မှ လွတ်ကင်းနိုင်မည်ဟု မိခင်များကို သတိပေးလို ပါသည်။

ယုဝတီ-ခင်ဦး
(ကလျာ ၂၀၀၀-ပြည့် ဇူလိုင်လ)

No comments: