Thursday, October 14, 2010

သစ္စာဖောက် ခန္ဓာ (သို့) ကင်ဆာ

အခုတလော အသိတွေကြားထဲမှာ ကင်ဆာ ခေါ် မြစ်ပွားနာ ဖြစ်ကြတယ် ဆိုတဲ့ သတင်းတွေ မကြာခဏကြားနေရပါတယ်။ ဆေးပညာတိုးတက်လာလို့ လူတွေ အသက်ရှည်လာတာနဲ့ အမျှ ကင်ဆာ ဖြစ်တဲ့နှုန်းဟာလည်း တက်လာပါတယ်။ အသက်ကြီးတဲ့ လူတွေမှ ကင်ဆာရောဂါဖြစ်ရတယ်ရယ်လို့ မဟုတ်ပါဘူး။ ကလေးဘ၀မှာ ဖြစ်တဲ့ ကင်ဆာတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓာကြီးက ယိုယွင်းပျက်စီးလာတော့ ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းပိုများလာတာပါပဲ။ ဒီတခေါက်တော့ ကင်ဆာ ဖြစ်ရခြင်းရဲ့ အကြောင်းအချို့ကို သိသလောက်လေး ဝေမျှချင်ပါတယ်။

အကြမ်းဖျင်းအားဖြင့် ပြောရရင်တော့ ကင်ဆာ ဆိုတာ ကလာပ်စည်းတွေ ထိန်းမနိုင် သိမ်းမရ ပွားများလာရာကနေ ကြီးမားတဲ့ အကျိတ်အဖု ဖြစ်လာတယ်။ အဲဒီကနေ တဆင့်မှ ဆက်ပွားရင် အခြား အင်္ဂါအစိတ်အပိုင်းတစ်ခုကို ပျံ့တဲ့ အဆင့် (metastasis) ကိုရောက်လာပါတယ်။ များသောအားဖြင့် အဲဒီအဆင့်ကြောင့် ခံစားနေရတဲ့ သူဟာ အသက်ဆုံးရှုံးရတာပါ။ ဘာကြောင့် အသက်ဆုံးရှုံးရတာလဲလို့ ဆိုရင် အင်္ဂါအစိတ်အပိုင်းရဲ့ သာမန်လုပ်ဆောင်ချက်တွေကို ကလာပ်စည်းဆိုးတွေ (malignant cells) ကနှောင့်ယှက်ဖျက်ဆီးလို့ပါပဲလို့ အရှင်းဆုံး ဆိုရမှာပါပဲ။ ဒါပေမယ့် ဒီကလာပ်စည်းဆိုးတွေက ဘယ်ကနေ ရောက်လာရပါသလဲ၊ ဘယ်လိုဖြစ်ပေါ်လာရပါသလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီကလာပ်စည်းဆိုးတွေဟာလည်း လူ့ကိုယ်ခန္ဓာရဲ့ ကလာပ်စည်းတွေပါပဲ။ ဘယ်ကမှ ရောက်လာတာ မဟုတ်ပါဘူး။ Star Wars စကားနဲ့ပြောရရင် bright side ကနေ dark side ကိုပြောင်းသွားတယ်လို့ ဆိုရမလားပဲ။

အကြီးကြီးတွေက သေးသေးလေးကနေ စတဲ့ ထုံးစံအတိုင်းပဲ ကင်ဆာ ဖြစ်လာဖို့ဆိုတာ molecule အဆင့်ကနေ စတာပါပဲ။ များသောအားဖြင့် DNA မှာ အမှားအယွင်းတွေ (mutation) ရှိတာကြောင့်လို့ ဆိုနိုင်ပါတယ်။ mutation ဆိုတာလည်း မွေးရာပါ ဖြစ်နိုင်သလို၊ အရွယ်ရောက်မှလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ mutation ဆိုတာကို နည်းနည်းလေး ရှင်းချင်ပါတယ်။ mutation ဆိုတာ DNA မှာဖြစ်ပေါ်လာတဲ့ အမှားပါပဲ။ DNA ဟာ သက်ရှိများရဲ့ လုပ်ငန်းဆောင်တာကို ၀န်ဆောင်ပေးမယ့် ပရိုတိန်းများရဲ့ မြစ်ဖျားခံရာပါပဲ။ အလွယ်ဆုံး ဥပမာပေးရရင် စာတစ်ပုဒ်ရေးတဲ့ အခါမှာ စာလုံးပေါင်းမှားရင် အဲဒီစာရဲ့ ဆိုလိုရင်းကို မရောက်တော့ သလိုပါပဲ DNA code မှားတဲ့ အခါမှာလည်း ပရိုတိန်းတွေဟာ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ mutation ကြောင့် ပရိုတိန်းတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်များကို မလုပ်ကြတော့ပဲ ‘အ’ သွားကြတာ ဖြစ်နိုင်သလို၊ လုပ်သင့်လုပ်ထိုက်တာထက် ပိုပြီး အလုပ်လုပ်တဲ့ မဟာ ပရိုတိန်းများလဲ ဖြစ်လာနိုင်ပါတယ်။ ပထမ mutation အမျိုးအစားကိုတော့ loss-of-function mutation လို့ ခေါ်ပြီး၊ ဒုတိယအမျိုးအစားကတော့ gain-of-function mutation ပါတဲ့။

အဆုတ်ကင်ဆာ ကလာပ်စည်း (source: http://www.sanger.ac.uk/about/press/2009/091216a.html)

ကင်ဆာ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းအချို့

မျိုးရိုးဗီကြောင့် ဖြစ်ရတဲ့ mutation ကတော့ မိဘဆွေမျိုးတွေ ဆီကနေတဆင့် မွေးကတည်းက ရလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရင်သားကင်ဆာ ရှိတဲ့ မျိုးရိုးရှိတယ် ဆိုရင်ကိုယ်အလှည့်မှာလည်း သတိထားရပါမယ် ဆိုတဲ့ ပညာပေးမျိုး ပေါ်လာတာပါ။ တချို့ gene တွေဟာ မွေးကတည်းက mutated ဖြစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ germline mutation လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီ mutation နဲ့မွေးလာတဲ့လူတိုင်းဟာ ကင်ဆာ ဖြစ်ရောလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ကင်ဆာသုတေသန လောကသားတွေ ဆိုကြတာတော့ two hit hypothesis ပါတဲ့။ ကင်ဆာဖြစ်ဖို့ အနည်းဆုံး mutation နှစ်ခုလောက် ရှိရပါမယ်တဲ့။ အဲဒီတော့ မွေးရာပါ mutation ရှိပြီးသားလူဟာ ကင်ဆာဖြစ်နိုင်ချေ ရာခိုင်နှုန်း ပိုတက်သွားတာပါပဲ။

နောက်တမျိုးကတော့ အရွယ်ရောက်မှ၊ သို့မဟုတ် အသက်ကြီးပိုင်းကို ရောက်မှ mutation ဖြစ်ရာကနေ ကင်ဆာရောဂါဆီကို ဦးတည်လာတာပါပဲ။ ဒါကိုတော့ somatic mutation လို့ ခေါ်ပါတယ်။ အဲဒီလို မွေးရာပါမဟုတ်ဘဲ နောက်ပိုင်းမှ ဖြစ်တဲ့ အမှားအယွင်းမျိုး ဘာကြောင့် ဖြစ်တယ်ဆိုတာကတော့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တချို့ အကြောင်းရင်းတွေကိုလည်း တိတိပပ မသိကြသေးပါဘူး။ သိပြီးသား အကြောင်းရင်း အချို့ကတော့ free radical (မြန်မာလို ဘယ်လို ပြန်ရမှန်း မသိလို့ ဘာသာမပြန်တော့ပါဘူး။)၊ နာတာရှည် ရောင်ရမ်းနာ (chronic inflammation)၊ မျိုးရိုးဗီဇ ထိန်းသိမ်းမှု ယိုယွင်းလာခြင်း (genomic instability)၊ ပတ်ဝန်းကျင် စေ့ဆော် လွှမ်းမိုးမှု (environmental factors) စသည်ဖြင့် အကြောင်းမျိုးစုံ ရှိနိုင်ပါတယ်။

ဥပမာ အဆိပ်အတောက် ဖြစ်စေသော free radical ကြောင့် ဒီအင်အေမှာ mutation ဖြစ်လာနိုင်ပါတယ်။ အဲဒီ mutation ကိုပြင်နိုင်တဲ့ စွမ်းရည် ကိုယ်ခန္ဓာထဲမှာ ကျလာပြီ ဆိုရင် အမှားများလာပြီး ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းကို ပိုများစေပါတယ်။ ဒီသဘောတရား အချို့ကို အရင်ရေးခဲ့တဲ့ “အသက်ကလေးရယ်တဲ့ ရှည်စေလို” ဆိုတဲ့ဆောင်းပါးမှာ ရေးခဲ့ဖူးပါတယ်။ နောက် လူအတော်များများ သိပြီးကြတဲ့ အတိုင်း ဆေးလိပ်သောက်ခြင်း ဆိုတဲ့ ပတ်ဝန်းကျင် လွှမ်းမိုးမှု တစ်ခုနဲ့ အဆုတ်ကင်ဆာဟာ ဆက်နွှယ်နေပါတယ်။ အဆုတ်ကင်ဆာတိုင်းဟာ ဆေးလိပ်ကြောင့် ဖြစ်ရတာ မဟုတ်ပေမယ့် အဆုတ်ကင်ဆာ ဖြစ်ကြတဲ့ ရာခိုင်နှုန်း တော်တော်များများဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ရပါတယ်။ ဒီထက်ပိုပြီး အသေးစိတ်ပြောရရင်တော့ ဆေးလိပ်မှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ လူရဲ့ အဆုတ်နဲ့ နှစ်ရှည်လများ တွေ့ထိတာ ကြာလာတဲ့ အခါ chronic inflammation ကိုဖြစ်စေပါတယ်။ chronic inflammation ဆိုတာ ဆေးလိပ်ကနေ ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်း တခုပါပဲ။ အခြား အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ အဲ… ဒီနေရာမှာ chronic inflammation ဆိုတာကြီးကရော ဘာပါလဲလို့ မေးစရာ ရှိလာပါတယ်။

Chronic inflammation ကြောင့် ကင်ဆာရောဂါဖြစ်စေတယ် ဆိုတဲ့ အတွေးအခေါ် အယူအဆ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာတာဟာ သိပ်မကြာသေးပါဘူး။ Inflammation ဆိုတဲ့ ဖြစ်စဉ်ကိုတော့ ကြားဖူးနားဝ ရှိကောင်းရှိကြပါလိမ့်မယ်။ ဥပမာ စက်ဘီးသင်စမှာ စက်ဘီးပေါ်က ပြုတ်ကျလို့ပဲ ဖြစ်ဖြစ်၊ ထမီရှည်ရှည်နဲ့ ခလုတ်တိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို လိုက်ကြည့်ရင်း လမ်းကို မကြည့်ဘဲ လျှောက်ရာက ချော်လဲလို့ပဲ ဖြစ်ဖြစ် ဒူးပြဲသွားတယ် ဆိုပါတော့။ လူတိုင်း ဒူးပြဲဖူးကြမှာပါ။ ပထမသွေးတွေ ထွက်လာမယ်။ ပြီးတော့ ဆေးခန်းသွားပြတော့ အရက်ပြန်နဲ့ အလောင်းခံရလို့ စပ်ပြီး အော်မယ်။ နောက်နေ့ကျတော့ ရောင်လာမယ်။ ရောင်လာတဲ့ အဆင့်ကို inflammation လို့လွယ်လွယ် ဆိုလို့ ရပါမယ်။ ရောင်တယ်ဆိုတာ ဘာလဲလို့ အသေးစိတ်ပြောရရင် ဒဏ်ရာရတဲ့ အသားစ တ၀ိုက်မှာ immune cells တွေလာရောက် စုစည်းလာပြီး သူတို့ရဲ့ အလုပ်ဖြစ်တဲ့ ပိုးမွှားရှင်းလင်းရေးကို လုပ်ကြတာပါ။ immune cells တွေကို ကျွန်မကတော့ ကိုယ်ခန္ဓာရဲ့ စစ်သည်ကလာပ်စည်းများလည်း အမည်ပေးလိုက်ချင်ပါတယ်။ immune cells တွေဟာ ဒဏ်ရာရလို့ သေသွားတဲ့ ကလာပ်စည်း အချို့ကို ရှင်းလင်းရေး လုပ်မယ်၊ သူတို့ဆီကနေ cytokine လို့ခေါ်တဲ့ ပရိုတိန်း တချို့ကို ထုတ်လုပ်မယ်။ အဲဒီ ပရိုတိန်းတွေက နောက်ထပ် immune cells တွေကို ထပ်ပြီး ဖိတ်ခေါ်မယ်။ immune cells တွေက ဒဏ်ရာရသွားတဲ့ အသားစကို အနာမြန်မြန် ကျက်စေဖို့ အကူအညီ ပေးကြတာပါ။ ဒူးပြဲပြီး သုံးရက်လောက်ကြာတော့ အနာစကျက်ရော မဟုတ်လား။ တပတ်လောက်ကြာရင်ပဲ တော်တော်ဟုတ်သွား ပြီလေ။

Chronic inflammation ဆိုတာကတော့ အဲဒီ ဖြစ်စဉ်ဟာ ကြာရှည်တည်တံ့နေတာပါပဲ။ ခံစားရတဲ့ ကာယကံရှင်ကိုယ်တိုင် မသိဘဲ လနဲ့ နှစ်နဲ့ချီပြီးတော့ကို ကြာတာပါပဲ။ များသောအားဖြင့် ပြင်းထန်မှု နည်းနည်းနဲ့ နှစ်ရှည်လများ ကြာနိုင်ပါတယ်။ အဲလိုကြာတာနဲ့ ကင်ဆာနဲ့ကရော ဘယ်လို ပတ်သက် ဆက်စပ်နေပါသလဲ။ သုတေသနတွေကတော့ လုပ်နေဆဲပါပဲ။ သူတို့ နှစ်ခုရဲ့ ဆက်နွယ်မှုကို အတိအကျ သိနားလည်ကြသေးတယ်ရယ် မဟုတ်ပါဘူး။ သိပြီးသား အချက် အချို့ကတော့ immune cells တွေဟာ အထက်မှာ ပြောခဲ့တဲ့ free radical တွေကို ထုတ်လုပ်နိုင်ကြတယ်။ အဲဒီ free radical တွေကြောင့် ဘေးနား ပတ်ဝန်းကျင်က ကလာပ်စည်းတွေမှာ mutation ဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းပိုများလာတယ်။ နောက်တခုကတော့ immune cells တွေက ထုတ်လုပ်တဲ့ ပရိုတိန်း အချို့ဟာ ကလာပ်စည်းတွေကို ပိုပြီး ပွားများစေဖို့ လှုံ့ဆော်ပါတယ်။ အဲဒီတော့ ကင်ဆာဖြစ်ဖို့ ပိုပြီး တွန်းအားပေးသလို ဖြစ်သွားပါရော။ အခုရှင်းခဲ့သမျှက chronic inflammation နဲ့ ကင်ဆာရောဂါ ဆက်စပ်ပုံကို အရိုးရှင်းဆုံး ရေးလိုက်တာပါ။ တကယ်တမ်းကတော့ (ထုံးစံ အတိုင်းပဲ) ဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်။ ဒီလိုဆိုလို့ ဒူးပြဲတဲ့ ဒဏ်ရာလေးကနေ ငါတော့ ကင်ဆာ ဖြစ်တော့မှာလားလို့ လန့်မသွားစေချင်ပါဘူး။ ကင်ဆာ ဖြစ်စေလောက်တဲ့ inflammation ဆိုတာက နှစ်ရှည်လများ ကြာမှပါ။

အကောင်းဆုံး ဥပမာကတော့ Helicobacter pylori (H.pylori) ဆိုတဲ့ ဘက်တီးရီးယားနဲ့ အစာအိမ် ကင်ဆာပါ။ ကမ္ဘာလူဦးရေ သုံးပုံနှစ်ပုံခန့်ရဲ့ အစာအိမ်ထဲမှာ ဒီဘက်တီးရီးယား ရှိတယ်လို့ ရောဂါထိန်းချုပ်ရေး အဖွဲ့ကြီး (Center for Disease Control) ကဆိုထားပါတယ်1။ ဒီဘက်တီးရီးယား ရှိနေတဲ့ အတွက် လူ့ကိုယ်ခန္ဓာထဲက စစ်သည် ကလာပ်စည်းများဟာ အမြဲတမ်းပဲ အစာအိမ်ထဲမှာ ရှင်းလင်းရေး လုပ်နေရမှာပါ။ ဒါပေမယ့် လုံးလုံးလျားလျားကြီး ရှင်းမသွားတော့ တဖြည်းဖြည်းနဲ့ အစာအိမ်ထဲမှာ chronic inflammation ပုံစံမျိုး ဖြစ်လာပါတော့တယ်။ H.pylori ကြောင့်အဖြစ်များတာ ကတော့ အစာအိမ် ရောင်ရမ်းနာ (gastritis) ပါပဲ။ အစာအိမ် ရောင်ရမ်းနာဟာ အစာအိမ်ကင်ဆာရဲ့ ကနဦးလို့ ဆိုကြပါတယ်။ ဒီရောင်ရမ်းနာဖြစ်တိုင်း ကင်ဆာ ဖြစ်မယ်ရယ်လို့တော့ မဟုတ်ပါဘူး။ H.pylori နဲ့ အစာအိမ်နာရဲ့ ဆက်စပ်မှုကို ပြခဲ့တဲ့ သြော်စတြေးလျ ကဆရာဝန်နှစ်ဦးဟာ ၂၀၀၅ ခုနှစ်မှာ နိုဘယ်လ်ဆု ရရှိခဲ့ပါတယ်။

ဘက်တီးရီးယားနဲ့ ကင်ဆာ အကြောင်း ပြန်ဆက်ရရင် chronic inflammation ကြောင့်အဲဒီဘက်တီးရီးယားနဲ့ အစာအိမ်ကင်ဆာဟာ ဆက်စပ်မှု ရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က လူဦးရေ သုံးပုံနှစ်ပုံလုံးကတော့ အစာအိမ်ကင်ဆာ မဖြစ်ဘူး မဟုတ်လား။ အဲဒီတော့ chronic inflammation သက်သက်ကပဲ ကင်ဆာရောဂါကို မဖြစ်စေဘူးလို့ ယူဆကြပါတယ်။ အခြားတွန်းအားတခုနဲ့ ပေါင်းမှ ကင်ဆာရောဂါ ဖြစ်ဖို့ ရာခိုင်နှုန်းတက်လာတာပါ။

စာလည်းရှည်နေပြီမို့ နောက်တခါမှ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကင်ဆာရောဂါ အချို့ အကြောင်းရေးပါဦးမယ်။

By ပိုး(Poe)

ကိုးကား

  1. http://www.cdc.gov/ulcer/keytocure.htm []
အင်တာနက်မှ ကူးယူဖော်ပြပါသည်။
မေတ္တာဖြင့်
မော်လူး

1 comment:

reallove said...

တော်တော်လေးကိုကောင်းပါတယ် ဆေးးပညာ အသိတွေ တော်တော်လေးကိုရပါတယ်
ကျွန်တော်တို့ လူငယ်ယောက်ကျားလေးတွေအတွက်လဲ
အသိပညာရမယ်ဗဟုသုတဆေးနည်းလေးတွေလဲ တင်ပြပေးစေချင်ပါတယ်ခင်ဗျာ
အမြဲးအားပေးနေပါတယ်။။။
ဒီဆိုဒ်လေးကို တည်ထောင်ပေးထာတဲအတွက်အရမ်းကိုကျေးဇူးတင်ပါတယ်