Tuesday, October 26, 2010

ဝိပါက်ကြမ္မာ မလွတ်သာ

(စာရေးသူသည် စာရေးဆရာတယောက် မဟုတ်ပါ။ သို့သော် ဤဆောင်းပါးကို မရေးဖြစ်လျှင် ရင်ထဲ၌ ခံစားနေရသော ဝေဒနာမှာ တသက်လုံး ခံစားသွားရမှာ သေချာပါသည်။ ညီမလေးအပေါ်မှာလည်း တာဝန်မကျေဟု ယူဆမိပါသည်။ ထို့ကြောင့် ညီမလေး အနှစ်၂၀-နီးပါးခန့် ခုံမင်နှစ်ခြိုက်စွာ လစဉ်မပျက်မကွက် ဖတ်ရှုခဲ့သော မြတ်မင်္ဂလာ စာစောင်ကို ပြေး၍ သတိရမိပါသည်။ ၄င်းကိုယ်တိုင်သာမက တူ-တူမများကိုပါ လိမ္မာရေးခြားရှိစေရန် ဖတ်ရှုစေခဲ့ပါသည်။ သို့ပါ၍ ဤဆောင်းပါးကို လူအများ သိရှိနိုင်ရန်နှင့် ဆင်ခြင်နိုင်ရန် တင်ပြလိုက်ပါသည်။ စားရေးသူ)

ကျွန်မတွင် မောင်နှမ လေးယောက်ရှိပါသည်။ မောင် ၂-ယောက်။ ညီမလေး ၁-ယောက်ဖြစ်၍ မောင် ၂-ယောက်မှာ အိမ်ထောင်အသီးသီးကျပြီး တအိုးတအိမ်စီ နေထိုင်ကြပါသည်။ မိခင်နှင့် ညီမလေးက ကျွန်မအိမ်ထောင်ကျသော်လည်း မခွဲဘဲ အတူနေကြပါသည်။

မိခင်က လွန်ခဲ့သော နှစ် ၂၀-က ဆုံးပါးသွားခဲ့၍ ညီမလေးမှာ ကျွန်မမိသားစုနှင့်ပင် အတူနေထိုင်ခဲ့ပါသည်။ ကျွန်မသားသမီးကိုလည်း ငယ်စဉ်ကပင် ထိန်းကျောင်းလာ၍ သူတို့အချင်းချင်းကလည်း ချစ်ခင်ကြပါသည်။ ညီမလေးမှာ အစိုးရ၀န်ထမ်းတဦး ဖြစ်ပါသည်။ ၂၀၀၈-ခု မေလဆန်းမှစ၍ ကျန်းမာရေးမကောင်းသဖြင့် လုပ်သက်ပင်စင်ယူခဲ့ပါသည်။ သူမမှာ ရင်ကျပ်နှင့် အစာအိမ်ရောဂါ ခံစားနေရသူတဦး ဖြစ်ပါသည်။ နှစ်စဉ် ဆောင်းရာသီရောက်ရှိလာပါက ရင်ကျပ်ရောဂါကို အလူးအလဲခံစားရပါသည်။ အစာအိမ်ကလည်း မကောင်း၍ အစားရှောင်ရပါသည်။ ငယ်စဉ်ကလေးဘ၀မှစပြီး ချူချာသူတဦး ဖြစ်၍ အိမ်ထောင်မပြုဘဲ နေလာခဲ့သူ ဖြစ်ပါသည်။

ညီမလေးမှာ ငယ်စဉ် သိတတ်သောအရွယ်မှစ၍ ယခုထိ ရတနာသုံးပါးနှင့် မိဘ ဆရာသမားများကို ရိုသေလေးစား ကိုင်းရှိုင်းသူတဦးလည်း ဖြစ်ပါသည်။ ငါးပါးသီလလည်း ထိန်းသိမ်းစောင့်စည်းခဲ့ပါသည်။
ညီမလေး ပင်စင်ယူပြီး ကျွန်မတို့ညီအမ နှစ်ယောက်မှာ ဓမ္မာရုံတခုတွင် ၂၀၀၈-ခုနှစ် နိုဝင်ဘာလမှစ၍ ၀ိပဿနာသင်တန်း တက်ရောက်ပြီး နေ့စဉ်တနေ့ ၂-ကြိမ် တရားအားထုတ်ခဲ့ကြပါသည်။ ထိုသို့ အပတ်စဉ် သင်တန်းသွား၊ ဘုရားတက်နှင့် ပျော်ရွှင်စွာ နေလာခဲ့ကြရာမှ မမျှော်လင့်သော ကံကြမ္မာဆိုးက ၀င်ရောက်လာခဲ့ပါသည်။

၂၀၀၉-ခုနှစ် မေလ ၄-ရက်နေ့တွင် သူမရော ကျွန်မပါ နေ့လယ်တရားထိုင်ချိန်မှထပြီးနောက် သူမမြို့ထဲသို့ ဆေးဝယ်ရန် သွားမည်ဟု ပြောပါသည်။ အချိန်ကား ညနေ ၃-၃၀ နာရီခန့် ဖြစ်ပါသည်။ သူမ အိမ်ပေါ်မှဆင်း သွားပြီး ၁၅-မိနစ်ခန့်ကြားသောအခါ တိုက်ရှေ့မှ အမျိုးသာတဦးက တိုက်နောက်ဘက် ပိုက်လုံးဘေးတွင် ညီမလေးဓားထိုးခံရကြောင်း လာရောက်ပြောသဖြင့် ခင်ပွန်းဖြစ်သူမှာ အပြေးဆင်းလိုက်သွားပါသည်။

ထိုအချိန်တွင် အိမ်၌ ကျွန်မနှင့် ခင်ပွန်းသည် နှစ်ဦးသာ ကျန်ရှိပါသည်။ သားသမီးများမှာ အလုပ်သွားနေကြ ပါသည်။ ကျွန်မမှာ နှလုံးရောဂါ ခံစားနေရသူတဦး ဖြစ်သဖြင့် ထိုသတင်းကို ကြားချိန်တွင် မတ်တတ်ပင်မရပ် နိုင်ပါ။ ခင်ပွန်းနှင့် လိုက်မသွားနိုငပါ။

ညီမလေးကို တိုက်နောက်ဘက် ပိုက်လုံးဘေးရှိ ရေမြောင်းထဲမှ ဆွဲတင်ကြရပါသည်။ သူမအား ကောင်လေး ၂-ဦးက ဆွဲကြိုးဖြတ်၍ ဓားနှင့်ထိုးခဲ့ကြောင်း ပြောပြပါသည်။ ရပ်ကွက်အကူအညီဖြင့် ထိုနေရာမှ ဆေးရုံကြီးသို့ အမြန်ပို့ဆောင်ခဲ့ပါသည်။ ဒဏ်ရာမှာ အလွန်ပြင်းထန်၍ သွေး ၁၂-ပုလင်းသွင်းကာ ည ၇-နာရီကျော်မှာ စတင်ခွဲစိတ်ခဲ့သော်လည်း ည ၁၀-နာရီတွင် ကွာ်လွန်သွားခဲ့ပါသည်။

ကျွန်မ အလွန်ပဲ စိတ်ထိခိုက်မိခဲ့ပါသည်။ ဆွဲကြိုးလိုချင်သူဖြစ်ပါက ယောက်ျားနှင့် မိန်းမဖြစ်သဖြင့် တချက်တွန်းလှဲ၍ ဖြုတ်ယူသွားနိုင်ပါသည်။ ရက်ရက်စက်စက် ဓားနှင့်ထိုးရန်ပင် မလိုပါ။ ညီမလေးမှာ ရောဂါသည်ဖြစ်၍ ပိန်လှီလှပါသည်။ ထို့ပြင် ညာလက်တွင် ထီးဆောင်းပြီး ဘယ်လက်ဖြင့် အိတ် ၁-ခု ဆွဲထားရာ ပြန်လည်ခုခံနိုင်သည့် အခြေအနေမရှိပါ။ တရားခံကို ၁-လနီးပါးကြာမှ ဖမ်းမိပါသည်။

သို့ရာတွင် တရားခံ၏ ထွက်ချက်၌ တရားခံက သူ့အပေါ် ပြစ်ဒဏ်ပေါ့လျော့စေရန် ညီမလေးက ခုခံသဖြင့် ဓားနှင့်ထိုးခဲ့ကြောင်း ပြောဆိုပါသည်။ ပတ်ဝန်းကျင်က ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်မတို့ မိသားစုများက မယုံကြည်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ညီမလေး၏ ကျန်းမာရေးနှင့် ကိုယ်ခံအင်အားကို ကောင်းစွာသိကြသူများ ဖြစ်သောကြောင့် ဖြစ်ပါသည်။

တရားခံကို ဖမ်းမိပြီး တပတ်ခန့်ကြာသော် စာစောင်များ၊ ဂျာနယ်များတွင် ခေါင်းစီးအမျိုးမျိုးဖြင့် ပါလာခဲ့ပါသည်။ ကာယကံရှင်များကို လုံးဝလာရောက်မေးမြန်းခြင်း မပြုခဲ့ပါ။
ကျွန်မသည် ယင်းအဖြစ်အပျက်ဆိုးကို ကြုံတွေ့ခံစားရပြီးနောက် ရရှိလာသော စိတ်ခံစားချက်မှာ မည်သို့ပင် ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်နေသူဖြစ်စေ အတိတ်ဘ၀မှ ၀ဋ်ကြွေးရှိပါက ပြေး၍မလွတ်နိုင်ဟူ၍ ဖြစ်ပါသည်။
(ဖြစ်ရပ်မှန်ကို တင်ပြပါသည်)။

ခင်သစ္စာ (ရန်ကင်း)
(မြတ်မင်္ဂလာ ၂၀၁၀-မတ်လ)

No comments: