Wednesday, October 20, 2010

အနာဂတ်သာသနာနှင့် အိုင်းစတိုင်း အမြင်

သူငယ်ချင်းဖြစ်သူ ဦးမြင့်သိန်း-မှတဆင့် သူ၏နိုင်ငံခြားသား မိတ်ဆွေတယောက်က ပေးပို့သော အီးမေးလ်စာပါ အဲလ်ဘတ်အိုင်းစတိုင်း၏ အဆိုအမိန့်တရပ်ကို မျှဝေခံစားနိုင်ကြပါရန် မြတ်မင်္ဂလာစာဖတ်ပရိသတ်အတွက် ထပ်ဆင့် ပေးပို့အပ်ပါသည်။

အိုးစတိုင်း၏အဆို-
အနာဂတ်ကာလ၏ ဘာသာတရားကား သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးနိုင်စွမ်းရှိသော အယူဝါဒတရပ်သာ ဖြစ်လိမ့်မည်။ အနှီဘာသာတရားသည် ပုဂ္ဂလဓိဋ္ဌာန် အယူအဆဖြင့် ဖန်တီးတီထွင် ထားသော ဖန်ဆင်းရှင်ဘုရားနှင့် မသက်ဆိုင်စေသင့်၊ တယူသန် အစွဲအလမ်းများနဲ့ ယင်းတို့မှ ပေါက်ဖွားခဲ့သော ကျိုးကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက်ရလိမ့်မည်။ ထိုဘာသာတရားသည် သဘာဝလောကဓာတ် (ရုပ်တရား)နှင့်တကွ ၀ိညာဉ် (အသိ-နာမ်)တရားတို့ကို လွှမ်းခြုံ၍ ဒိဋ္ဌဓမ္မအားဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစပ်ညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်များနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသော ဘာသာတရား တစုံတရာရှိသည်ဆိုပါလျှင် ထိုဘာသာတရားကား ဗုဒ္ဓဘာသာပင် ဖြစ်ပေလိမ့်မည်။

အိုင်းစတိုင်းသည်ကား ၂၀-ရာစုအစောပိုင်း အဏုမြူစွမ်းအင်ကဏ္ဍ၏ ဖခင်ကြီးပေတည်း။ ရုပ်ဒြပ်တို့သည် အလင်းရောင်၏ အလျင်နှုန်းနီးပါး ခုန်ပျံလှုပ်ရှားပြီဆိုလျှင် ထိုဒြပ်၏ အလေးချိန်ပမာဏနှင့် အလင်း၏ အမြန်နှုန်း နှစ်ထပ်မြှောက်ကိန်းနှင့်ညီမျှသော အံ့မခန်းစွမ်းအားကို ထုတ်လွှတ်နိုင်သည်ဟူသော သဘောကို ရှာဖွေတွေ့ရှိခဲ့သူ အာဂပညာရှင်ကြီးပေတည်း။ သူပြောသော ရုပ်ပြပစ္စည်း၏ အသေးအမွှားဆုံး အရွယ်အစားမှာ ပရမာအဏုမြူဖြစ်သည်။ အဏုမြူသည် မြဲသည်၊ မပြိုကွဲ မပျက်စီးနိုင်ဟူသော နိယာမအယူအဆကို လက်တွေ့ဖြိုခွဲ ပြိုလဲစေသူဖြစ်သည်။

သူ့လိုလူမျိုးက အနာဂတ်ဗုဒ္ဓသာသနာအရေးကို မည်သည့်အကြောင်းတရားများကြောင့် ဟောကိန်းထုတ်ခဲ့ သည်ကို ကျွန်ုပ်တို့ အတိအကျမသိရသော်လည်း သိပ္ပံပညာရှင်တို့မည်သည် သူတို့တွေ့ရှိသည့် သဘာဝတရား များကို ဆရာစားမချန် မကွယ်မထောက် ထုတ်ဖော်ပြောပြတတ်သော ဓလေ့စရိုက်ကိုကား ခန့်မှန်းနိုင်ပါသည်။

မိမိလူမျိုးအကြောင်း ကောင်းကောင်းကြီး သိတော်မူသော မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက မြန်မာတို့အတွက် အနာဂတ်သာသနာနှင့်ပတ်သက်၍ များစွာ ကြောင့်ကြတော်မူခဲ့သည်။ သို့သော် ဤအကြောင်းကို သိမည်မဟုတ်သော သိပ္ပံဆရာကြီး အိုင်းစတိုင်းကမူ ဆရာတော်ကြီးအား ဖြေသိမ့်ရန် မည်သို့မျှ ရည်ရွယ်ခဲ့မည်မဟုတ်သော်လည်း သူ၏ဟောကိန်းကမူ မှန်နိုင်ခြေရှိနေ၏။ ယခုခေတ်အခါ ကမ္ဘာမြေအနှံ့ သာသနာခြေဆန့်၍ ထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းများနှင့် ၀ိပဿနာတရားရိပ်သာများ ဖွင့်လှစ်တည်ထောင်နိုင်ခဲ့ကြလေပြီ။ ဗုဒ္ဓသာသနာ ရောင်ဝါနေသို့လင်းစေရန် အတိတ်နိမိတ်ကောင်းများ ပေါ်ထွန်းခဲ့ပေပြီတကား။

ညီညီ (ဘော်တွင်း)
(မြတ်မင်္ဂလာ ၂၀၁၀-ဖေဖော်ဝါရီလ)

1 comment:

အင်းတော်ရှမ်း said...

အိုင်းစတိုင်းအမြင်လေးကို ပြန်လည်သိရှိရသည့်အတွက် ကျေးဇူးတင်ပါသည်။
အိုင်းစတိုင်း၏ ထင်မြင်ယူဆချက်များအတိုင်း သာသနာတော်ကြီးနေလိုလလို ထွန်းလင်းပါစေ....