Thursday, October 28, 2010

စူပါစတား ကယ်လ်စီယမ်

လူ့ခန္ဓာကိုယ်အတွင်းမှ မည်သည့်အင်္ဂါမဆို ကယ်လ်စီယမ်ဓာတ်နှင့် မကင်းနိုင်ပါ။ သို့သော် လူအတော် များများမှာ ယင်းဓာတ်ကို ခန္ဓာကိုယ်အတွက် လုံလောက်စွာ သိမ်းဆည်းသိုမှီး၍ မထားနိုင်ကြ။
ကယ်လ်စီယမ်ဓာတ်မှာ ခန္ဓာကိုယ်အတွင်း အပေါများဆုံး သတ္ထုဒြပ်စင်တခုဖြစ်ပြီး အချိန်ကာလ ကြာမြင့်စွာကပင် ခန္ဓာကိုယ်၏ သန်မာသော အရိုးများ၊ သွားများ၏ ခိုင်ခံ့မှုနှင့် ဖွဲ့စည်းမှုတို့အတွက် အဓိက အရေးပါကြောင်း သတ်မှတ်ထားခဲ့ပေသည်။ သို့သော် အရိုးများဖြစ်ပေါ် ဖွဲ့စည်းမှုတွင် ကယ်လ်စီယမ်ဓာတ်၏ အရေးပါပုံမှာ အဆုံးမဟုတ်ဘဲ အစမျှသာ ရှိပေသေးသည်။ တကယ်တော့ အရိုးများက ကယ်လ်စီယမ်ဓာတ်များ သိုမှီထားရာ နေရာကြီးတခုအဖြစ် ဆောင်ရွက်နေခဲ့ပြီး ခန္ဓာကိုယ်က လိုအပ်လျှင် အရိုးများမှ ဆွဲယူသုံးစွဲနိုင်၏။ လူ့ခန္ဓာကိုယ်ကြီးတွင်လည်း အစားအစာကဲ့သို့စော ပြင်ပအရာများမှ ကယ်လ်စီယမ်ဓာတ်ကို ရရှိအောင် ဖန်တီးထားသော ဖြစ်စဉ်များ တည်ရှိပေသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်နှစ်ခုအနက် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူသုံးစွဲနိုင်မှုကို လှုံ့ဆော်ပေး နိုင်သော အဓိကအရာမှာ ဗိုက်တာမင် ဒီဓာတ်ပင် ဖြစ်တော့သည်။
အာရှတိုက်တလွှား ကယ်လ်စီယမ်ဓာတ် မည်ရွေ့မည်မျှ နေ့စဉ်စားသုံးသင့်သည်ဟူသော အချက်မှာ ကွဲပြားခြားနားမှု ရှိ၏။ စင်ကာပူတွင် အရွယ်ရောက်သူများအား နေ့စဉ်ကယ်လ်စီယမ် ၅၀၀-မီလီဂရမ် စားသုံးရန် အကြံပြုထား၏။ ထိုင်ဝမ်တွင် ၆၀၀-မီလီဂရမ်၊ မလေးရှားတွင် ၄၅၀-မီလီဂရမ် စသည်ဖြင့် နေ့စဉ်စားသုံးရန် သတ်မှတ်ထားရှိပါသည်။ ယခုတိုင် ကမ္ဘာတလွှားမှ ကျွမ်းကျင်ပညာရှင်များက ကယ်လ်စီယမ်မှာ အရေးကြီးသော အာဟာရဓာတ်တခု အဖြစ် သဘောတူလက်ခံကြဆဲ ဖြစ်၏။

လူ့ခန္ဓာကိုယ်က လုံလောက်သော ကယ်လ်စီယမ်ဓာတ်ကို အစားအသောက်မှ မရရှိခဲ့ပါက ပါရာသိုင်းရိုက် အကျိတ်လေးခုမှ ထုတ်လုပ်သော ပါရာသိုင်းရိုက်ဟော်မုန်းနှင့် ဗိုက်တာမင် ဒီဓာတ်တို့က အရိုးများအတွင်း သိမ်းဆည်းထားသည့် ကယ်လ်စီယမ်ဓာတ်များကို ထုတ်ပေးရန် အချက်ပြလိုက်တော့၏။ အကယ်၍ တစုံယောက်မှာ ကယ်လ်စီယမ် သို့မဟုတ်-ဗိုက်တာမင် ဒီဓာတ် ကြာမြင့်စွာ ချို့တဲ့နေခဲ့သည်ဆိုပါက အရိုးများမှာ တဖြည်းဖြည်း ချည့်နဲ့အားနည်းလာပေမည်။

မကြာသေးခင်ကမှ ပြုလုပ်ပြီးစီးခဲ့သော သုတေသနပြုချက်များအရ ကယ်လ်စီယမ်ဓာတ်မှာ ကျန်းမာရေး ပြဿနာကြီး သုံးရပ်အပေါ်၌ အလွန်ထိရောက်စွာ လွှမ်းမိုးမှု ရှိနိုင်ကြောင်း အကြံပြုခဲ့ကြပါသည်။

(သွေးတိုးရောဂါ-High blood pressure)
လူတယောက်၏ သွေးပေါင်ချိန်ကို လွှမ်းမိုးထားသောအချက်များစွာ ရှိသည့်အနက် မျိုးရိုးဗီဇ၊ ကိုယ်အလေးချိန်၊ ကာယလေ့ကျင့်ခန်းများနှင့် တချို့လူနာများအဖို့ အငန်စားသုံးသော ပမာဏ စသည့် အချက်များက အရေးပါလှပါသည်။ ၁၉၈၀-ခုနှစ် စောစောပိုင်းကပင် စတင်ခဲ့သော သုတေသနပြုလေ့လာချက်များအရ ဆိုလျှင် ကယ်လ်စီယမ်ဓာတ်ကလည်း သွေးပေါင်ချိန်ပေါ်၌ သက်ရောက်မှု ရှိသည်ကို တွေ့ကြရ၏။

တချို့လူများ၌ ကယ်လ်စီယမ်ဓာတ်ကို သာမန်ထက် လျော့နည်းစွာ စားသုံးခြင်းကြောင့် သွေးတိုးရောဂါ ပိုမိုဖြစ်ပွားလာကြောင်း တွေ့ရှိရပါသည်။ ၁၉၉၄-ခုနှစ် ဟောင်ကောင်အစိုးရ၏ ထုတ်ပြန်ချက်တရပ်တွင် ပြင်ပလူနာအဖြစ် လာရောက်ပြသသော ရောဂါများအနက် သွေးတိုးရောဂါမှာ ကုသမှုအပေးရဆုံးရောဂါ ဖြစ်နေ၏။ ဟောင်ကောင်မြို့၊ တရုတ်ယူနီဗာစီတီမှ အစာအာဟာရ သိပ္ပံပညာရှင် Georgia Guldan ၏ ယူဆချက်မှာ တရုတ်ဟင်းလျာများအထဲတွင် အငန်ဓာတ်(ဆား)များ ပိုမိုပါဝင်နေမှုက သွေးတိုးရောဂါ ဖြစ်ရခြင်း၏ အကြောင်းရင်းတရပ် ဖြစ်ရုံမျှမက ကယ်လ်စီယမ်ဓာတ်ကို လျော့နည်းစားသုံးခြင်းကလည်း ဆက်နွယ်နေသော အကြောင်းရင်းတရပ် ဖြစ်နိုင်သည်ဟူ၍ပင်။ သွေးတိုးရောဂါ ဖြစ်တဲ့ သူတိုင်းကို ကယ်လ်စီယမ်ဓာတ် လျော့နည်းစားသုံးတာကြောင့်လို့ ပြောလို့ မရပေမဲ့လို့ တချို့လူနာအတော်များများမှာ ဒီနှစ်ခုဟာ ဆက်စပ်မှု ရှိတာတော့ အမှန်ပဲ-ဟု သူက ဆိုခဲ့သည်။

သာမန်အားဖြင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် သွေးပေါင်ချိန် မြင့်တက်လာတတ်သော အခြေအနေကို ကယ်လ်စီယမ်ဓာတ် လျော့နည်းလာခြင်းက ပိုမို အားပေးသကဲ့သို့ ဖြစ်တတ်ပေသည်။
၁၉၉၇-ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု စမ်းသပ်ချက်တခုအရ သွေးပေါင်ချိန် သာမန် သို့မဟုတ်-မြင့်တက်နေသော အရွယ်ရောက်သူများ၊ သွေးတိုးရောဂါ အတန်အသင့်ရှိသူများ၏ သွေးပေါင်ချိန်ကို အဆီဓာတ် လျော့နည်းသောနို့ထွက်ပစ္စည်း အစားအစာများ၊ နေ့စဉ် ကယ်လ်စီယမ်ဓာတ် ၁၂၀၀-မီလီဂရမ် အထိ ပါဝင်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းက သိသိသာသာကြီး လျော့နည်းကျဆင်းစေခြင်းပင် ဖြစ်တော့၏။

ထို့ကြောင့် တချို့ ပညာရှင်များက သွေးတိုးရောဂါကို ကုသရာတွင် ဆား(အငန်)ပါသော အစားအစာများကို လျှော့စားသည်ထက် ကယ်လ်စီယမ် ပြည်ဝသော အစားအစာများကို စားသုံးခြင်းက ပိုမိုထိရောက်မှု ရှိနိုင်ကြောင်း အမြင်ပြောင်းလဲ လာခဲ့ကြပါသည်။

ဒေါက်တာ Guldan က အာရှတိုက်မှ မြို့ပြနေ ကလေးငယ် အများစုမှာ အာဟာရဓာတ် ပြည့်ဝမှု မရှိသော အစားအစာများကို စားသောက်နေကြကြောင်း၊ ဟောကောင်တွင် အသက် ၁၀-နှစ် ၁၂-နှစ် အရွယ် ကလေး လူဦးရေ၏ ထက်ဝက်မှာ ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာ မရရှိကြောင်း လေ့လာတွေ့ရှိခဲ့ရ၏။ ထို့အပြင် တခြားဖြည့်စွက်ရန် အချက်တရပ်မှာ ကာယလေ့ကျင့်ခန်းများကိုလည်း မှန်ကန် လုံလောက်စွာ မလုပ်ကြခြင်းလည်း ပါသည်။

ဒေါက်တာ Guldan က ဆက်လက်၍ ရှင်းပြသည်မှာ လူတဦး၏ တသက်တာလုံးတွင် သူ၏ အရိုးများအတွင်း၌ တပြိုင်နက် ဖြစ်ပေါ်နေသော ဖြစ်စဉ်ကြီး နှစ်ခု ရှိကြောင်း၊ ယင်းဖြစ်စဉ် နှစ်ခုမှာ အရိုးများ ဖြစ်ထွန်း တည်ဆောက်ခြင်းနှင့် အရိုးများ ပျက်ယွင်းနေမှုတို့ ဖြစ်ကြောင်း၊ ကာယ လေ့ကျင့်ခန်းများ မှန်မှန် မပြုလုပ်ခြင်းက အရိုးများဖြစ်ထွန်း တည်ဆောက်နေမှု ဖြစ်စဉ်ကို နှေးကွေးစေနိုင်ကြောင်း၊ ထို့ကြောင့် မိဘများက မိမိတို့၏ သားသမီးများကို ကယ်လ်စီယမ်ဓာတ် ပြည့်ဝသော အစားအသောက်များ ဖြစ်သည့် ပဲအမျိုးမျိုးနှင့် စိမ်းလန်းသော ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးကြရန် တိုက်တွန်းရုံတင် မကဘဲ ကာယလေ့ကျင့်ခန်းများကိုလည်း မှန်မှန် ပြုလုပ်ကြရန် တိုက်တွန်းဖို့ လိုအပ်ကြောင်း ဒေါက်တာ Guldan က ရှင်းပြခဲ့ပါသည်။

( ကင်ဆာ-Cancer )
ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးများမှာ အပေါ်ယံ အရေပြား အလွှာကို ဖွဲ့စည်းထားသော epithelial ဆဲလ်များကဲ့သို့သော ဆဲလ်များဖြင့် အနားသတ်တလျှောက် ဖွဲ့စည်းတည်ဆောက်ထား၏။ ယင်းဆဲလ်များက အသစ်ပေါက်ဖွားလာခြင်း၊ ရင့်ရော်လာခြင်း၊ ရွေ့လျော ကွာကျသွားခြင်း၊ ယင်းနေရာများ၌ ဆဲလ်အသစ်များ အစားထိုး ၀င်ရောက်လာခြင်း စသည်ဖြင့် သံသရာလည်နေ၏။ ခန္ဓာကိုယ်အတွင်း အူမကြီးနံရံ တလျှောက်ရှိ ယင်း epithelil ဆဲလ်များပွားများလာမှုနှင့် အူမကြီး ကင်ဆာ ဖြစ်မှုကို ဆက်စပ်၍ ပြသလာကြပါသည်။

လေ့လာချက်များအရ အဆီဓာတ်များစွာ ပါသော အစားအစာများနှင့် အူမကြီး ကင်ဆာရောဂါ ဆက်စပ်မှုကို တွေ့ရှိကြရပါသည်။ သီအိုရီ တခုမှာ အဆီဓာတ်များနှင့် သည်းခြေရည် အက်ဆစ်များက ဆဲလ်များကို ထိခိုက် ပျက်စီးစေကာ သာမန်မဟတ်သော ဆဲလ်များ တိုးပွားလာစေမှုကို လှုံ့ဆော်သည်ဟု ဆိုပါသည်။

ယမန်နှစ်က နယူးရော့ခ် St Luke's-Roosevelt ဆေးရုံကြီးမှ အူနှင့်အစာလမ်းကြောင်း ဆိုင်ရာ ဌာနမှူး Peter Holt က အမေရိကန် ဆရာဝန်များအသင်း ဂျာနယ်တွင် အစီရင်ခံ ဖော်ပြခဲ့သည်မှာ အူမကြီးအတွင်း Polyps ခေါ် အသားပိုတခုအား ခွဲစိတ်ကုသမှု ခံယူရန်ရှိသည့် အရွယ်ရာက် လူနာ ၇၀-တို့အား လေ့လာသုတေသန ပြုလုပ်ခဲ့ရာ ယင်းလူနာများက အဆီဓာတ်လျော့နည်း၍ ကယ်လ်စီယမ်ဓာတ် ၁၅၀၀ မီလီဂရမ်အထိ ပါဝင်သော နို့ထွက်အစားအသောက်များကို စားသုံးခြင်းကြောင့် အူမကြီးအတွင်း သာမန်မဟုတ်သော ဆဲလ်များပွားများလာ မှုကို ဟန့်တားပေးကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ (ယင်း အူမကြီးအတွင်းရှိ Polyps အသားပိုများမှာ အုမကြီးကင်ဆာ အဆင့်သို့ ပြောင်းလဲသွားတတ်ပါသည်)။

( ရာသီသွေး မပေါ်မီ ဖြစ်ပေါ်သော ဝေဒနာစု-PMS )
အမျိုးသမီး ဦးရေ၏ ၄၀-ရာခိုင်နှုန်းမှာ PMS ခေါ် ရာသီသွေး မပေါ်မီ ဖြစ်ပေါ်တတ်သော ဝေဒနာ တချို့ကို ခံစားရလေ့ရှိပါသည်။ ယင်းတို့မှာ စိတ်အနေအထားများ ပြောင်းလဲမှု ရှိခြင်း၊ မျက်နှာ ခြေလက်များ ဖောရောင်တတ်ခြင်း၊ သရေစာများ မကြာခဏ စားလိုစိတ် ရှိခြင်းနှင့် နာကျင်မှု ဝေဒနာများ ဖြစ်ကြပါသည်။ ယင်းကဲ့သို့ ဖြစ်ရခြင်း အကြောင်းရင်းများအနက် ကယ်လ်စီယမ်ဓာတ်ကို တာရှည်စွာ အလုံအလောက် မရရှိမှုကြောင့်ဟု St Luke's-Roosevelt ဆေးရုံကြီးမှ ဆေးညွှန်ကြားရေးမှူး Thys-Jacobs က ယုံကြည် ယူဆထားခဲ့ပါသည်။

Thys-Jacobs နှင့် တခြားဆေးသုတေသန ဌာနကြီး ၁၁-ခုတို့အတူ ပူးပေါင်း၍ PMS ဝေဒနာခံစားနေကြရသော အမျိုးသမီး ၄၆၆-ယောက်အား ကယ်လ်စီယမ်များ ကျွေး၍ စမ်းသပ်ကြည့်ရှုခဲ့ရာ လစဉ် သူတို့ခံစားနေကြ ရသော ဝေဒနာများမှ သက်သာမှု ရရှိကြောင်း လေ့လာတွေ့ရှိရပေသည်။ ထိုစမ်းသပ်မှုတွင် ပါဝင်သော အမျိုးသမီးများက နေ့စဉ် ကယ်လ်စီယမ် ၁၂၀၀-မီလီဂရမ် စားသုံးပါက သူတို့၏ဝေဒနာများ ၄၈-ရာခိုင်နှုန်းအထိ သက်သာ ပျောက်ကင်းကြောင်း တွေ့ရှိရ၏။ ကယ်လ်စီယမ် မပေးဘဲ စမ်းသပ်သော သီးခြား အုပ်စုတွင် ၃၀-ရာခိုင်နှုန်းသာ သက်သာသည်ကို နှိုင်းယှဉ် တွေ့ရှိရ၏။ ကယ်လ်စီယမ် သောက်သုံးနေသူ လေးယောက် အနက် တယောက်တွင် နာကျင်ကိုက်ခဲမှုများ ၅၄-ရာခိုင်နှုန်း အထိ လျော့နည်း ကျဆင်းသွားပြီး ကယ်လ်စီယမ် မစားသူ အုပ်စုတွင်မူ ၁၅-ရာခိုင်နှုန်းအထိ တိုးပွားလာကြောင်း စမ်းသပ်တွေ့ရှိရ၏။ Thys-Jacobs က PMS ဝေဒနာ ခံစားနေရသူ အမျိုးသမီးများ၏ သွေးနှင့် ဆီးတွင် ကယ်လ်စီယမ်ဓာတ် ပမာဏ သာမန်အတိုင်း ရှိကောင်းရှိနိုင်သည်။ သို့သော် ပါရာသိုင်းရွိုက် အကျိတ်၏ ဟော်မုန်းဓာတ်များ လွန်စွာ မြင့်မားမှုက အရိုးများမှ ကယ်လ်စီယမ်ဓာတ်ကို စဉ်ဆက်မပြတ် နုတ်ယူနေသောကြောင့်ဟု ယုံကြည်သည်။

ယင်းအချက်ကို ထပ်မံ ဖြည့်စွက်လိုက်သော အကြောင်းတရပ်ကိုလည်း Thys-Jacobs က ပြောပြခဲ့သေးသည်။ ယင်းမှာ နေရောင်နှင့် ထိတွေ့လိုက်တာနှင့် ဗိုက်တာမင် ဒီဓာတ် ၈၀-ရာခိုင်နှုန်းလောက်ကို လူ့ခန္ဓာကိုယ်ရဲ့ အရေပြားထဲမှာ ထုတ်လုပ်ကောင်း ထုတ်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီး အတော်များများဟာ နေရောင်ကို ရှောင်လေ့ရှိတတ်ကြတာမို့ သူတို့ရဲ့ ဗိုက်တာမင် ဒီပမာဏဟာ သာမန်ထက် အများကြီး လျော့နည်း နိမ့်ကျနေပါလိမ့်မယ်-ဟူ၍ ဖြစ်ပါသည်။

(ကယ်လ်စီယမ်ပြည်ဝသော အစားအသောက်များ)
၁။ သဘာဝအဆီ အနည်းငယ်သာပါဝင်သော ဒိန်ချဉ်=၂၀၀-ဂရမ် ပမာဏ။ ၄၂၀-မီလီဂရမ် ကယ်လ်စီယမ်။
၂။ ငါးသောတ္တာ (ဘူး)=၁၀၀-ဂရမ်။ ၃၈၀-မီလီဂရမ်။
၃။ နို့ (အဆီနုတ်ပြီး)=လက်ဖက်ရည်တခွက်စာ။ ၃၂၀-မီလီဂရမ်။
၎။ ကိုက်လန်=၁၀၀-ဂရမ်။ ၂၄၀-မီလီဂရမ်။
၅။ ပဲဒိန်=၁၀၀-ဂရမ်။ ၁၅၀-မီလီဂရမ်။
၆။ ချီဒါ (ဒိန်ခဲ)=၃၀-ဂရမ်။ ၂၃၃-မီလီဂရမ်။
၇။ တောင်ကြာကလေး=၁၀၀-ဂရမ်။ ၁၁၄-မီလီဂရမ်။
၈။ တရုတ်ဂေါ်ဖီထုပ်=၁၀၀-ဂရမ်။ ၁၀၂-မီလီဂရမ်။
၉။ လိမ္မော်သီး=၁-လုံး။ ၇၀-မီလီဂရမ်။
၁၀။ ဒေါက်ခွရွက်=၁၀၀-ဂရမ်။ ၆၀-မီလီဂရမ်။

ဒေါက်တာ ဇော်သန်း
(အပျိုစင် ၂၀၀၂-ဖေဖော်ဝါရီလ)

1 comment:

ဒေါင်းမင်း said...

ဤပို့လေးအတွက်ကျေးဇူးပါခင်ဗျ။
မှတ်သားမိပါတယ်။