Friday, October 29, 2010

စိတ်ပျို ကိုယ်နု နည်းလမ်း အစုစု

လှသည်ဟုဆိုလျှင် သဘောမကျသူ ရှိမည်မဟုတ်ချေ။ နုပျိုသည်ဟု ဆိုလျှင်လည်း အလားတူပင် ဖြစ်ပါမည်။ အချို့က စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမည်ဟု ဆိုကြသည်။ ကိုယ် မကျန်းမာသဖြင့် စိတ်မချမ်းသာ ဖြစ်ရသူ တို့လည်း ရှိကြသည်။

အခြေခံအာ်းဖြင့် စိတ်ကျန်းမာရေးသည် အရေးကြီးသည်။ ဦးစွာ စိတ်ကျန်းမာနေရန် လိုအပ်သည်။ သောကရှိသည့်အခါ အစာအိမ် အနာသည် ပိုဆိုးလာနိုင်သည်။ ပန်းနာရင်ကျပ် ရောဂါသည်လည်း ပိုဆိုးလာနိုင်သည်။ ပန်းနာရင်ကျပ် ရောဂါသည်လည်း ပေါ်လာနိုင်သည်။ စိတ်လှုပ်ရှားရာမှ သွေးပေါင်ချိန် မြင့်တက်လာသည်။

လူတဦး၏ အပြောအဆို အမူအရာ လှုပ်ရှားမှုတို့သည် ပုံမှန်မဟုတ်ဘဲ နေ့စဉ် လုပ်ဆောင်မှုများကို ထိခိုက်လာသည့်အခါ စိတ်ရောဂါ သံသယ ဖြစ်နိုင်သည်။ စိတ်ရောဂါစဖြစ်ချိန်တွင် အအိပ် အစား မမှန်ခြင်းဖြစ်လေ့ရှိသည်။ ထို့နောက် နေ့စဉ်လုပ်ဆောင်မှုများ ချွတ်ယွင်းလာသည်။ အမူအကျင့်များ ပြောင်းလဲလာပေသည်။

စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ၊ စိုးရိမ်စိတ် လွန်ကဲသည့် ရောဂါ၊ ကြောက်စိတ်လွန်ကဲသည့် ရောဂါ စသည့် စိတ်ရောဂါ အမျိုးမျိုးတို့သည် စောစီးစွာ ကုသမှု ခံယူပါက ပျောက်ကင်းနိုင်သည်။ အချို့ ရောဂါများမှာ တကြိမ်ဖြစ်၍ ပျောက်ကင်းခဲ့သော်လည်း ပြန်ဖြစ်တတ်သည်။

စိတ်ကျန်းမာရေးအတွက် ဂရုပြုသင့်သော နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(အိပ်ရေး ၀ပါစေ)
နေ့စဉ် အချိန်မှန်မှန် အိပ်ခြင်း အလေ့ကို ထိန်းသိမ်းသွားရန် လိုအပ်သည်။ တနေ့လျှင် အိပ်ချိန် ခြောက်နာရီမှ ရှစ်နာရီအထိ ရှိသင့်သည်။ နေ့လယ်ပိုင်းတွင် နာရီဝက်ခန့် ခေတ္တ နားနေအိပ်စက်ခြင်းက အကျိုးဖြစ်ထွန်း စေသည်။ မအိပ်မီ တွေးတောခြင်း၊ ကော်ဖီသောက်ခြင်း စသည်တို့ကို ရှောင်ကြဉ်သင့်သည်။ တီဗီကြည့်ခြင်း၊ စာဖတ်ခြင်းတို့က အိပ်ချင်စိတ်ကို အားပေးတတ်သည်။

(စိတ်ညစ်စရာ မတွေးပါနဲ့)
စိတ်ညစ်စရာများကို တွေးနေတတ်သည့် အချိန်များရှိပါသည်။ မတွေးရန် ကြိုးစားသော်လည်း ခက်ခဲမှု ရှိသည်။ အတွေးနောက်တွင် သောက၏ ဖိစီးမှုကို ခံစားရပြန်သည်။
စိတ်ညစ်စရာများကို မတွေးမိစေရန် အချိန်မပေးဖို့ လိုအပ်သည်။ တနေ့တာလုံး ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်လျှင် စိတ်ညစ်စရာများကို တွေးမိမည် မဟုတ်ချေ။ အစာစားချိန်၊ အလုပ်လုပ်ချိန်၊ အိပ်ချိန် စသဖြင့် အချိန်ကို အကွက်စေ့စွာ အသုံးပြုမည်ဆိုလျှင် စိတ်ညစ်ရန် အချိန် ရှိတော့မည် မဟုတ်ချေ။

(အာဟာရဖြစ်အောင် စားပါ)
ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ စုံညီစွာ မျှမျှတတ ပါရှိသည့် အာဟာရ ဖြစ်သော အစားအသောက်များကို စားသုံးသင့်သည်။
အဆီများသော အစားအစာတို့ကို ရှောင်ကြဉ်ရမည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို များများ စားသောက်သင့်သည်။
အသား၊ ငါးတို့က ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးသည်။

( ဒေါသကို ထိန်းပါ)
ဒေါသ ထွက်လွယ်သူတဦး ဖြစ်နေသလားဟု ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်သင့်သည်။ ဒေါသထွက်လျှင် သာမန်ထက် ပို-မပိုကိုလည်း ဂရုပြုရန် လိုအပ်သည်။ ဒေါသ ပြေပျောက်မှု မရှိရာမှ သောကဝေဒနာကိုပါ ခံစားရလာနိုင်သည်။ ဒေါသကို လျော့စေရန် ကြိုးစားရာမှ လွဲမှားသော ပြုမူမှုများကလည်း ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည်။

ဖြစ်ပျက်မှုအပေါ် သဘောပေါက် လက်ခံနိုင်ရန် ကြိုးစားပြီး ဒေါသ မထွက်မိစေရန် ကြိုးစားသင့်ပါသည်။

(ကိုယ်လက် လှုပ်ရှားမှု ပြုပါ)
အချိန်မရ၍ ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ပါဟု ဆိုလာသူ များစွာ ရှိပါသည်။ အချိန်ပေးပြီး လမ်းထွက်လျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းတို့ကို မဆိုလိုချေ။
လူတိုင်းအတွက် အချိန်ပေးစရာ မလိုလှဘဲ လုပ်ဆောင်နိုင်သော ကိုယ်လက်လှုပ်ရှားမှုမှာ လမ်းလျှောက်ခြင်းပင် ဖြစ်သည်။ ယင်းက ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု၊ အသက်ရှူသွင်းမှု စသည်တို့ကို ကောင်းမွန်စေသည်။ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်သင့်သည်။
တံမြက်စည်း လှည်းခြင်း၊ သစ်ပင် ရေလောင်းခြင်း၊ အမှိုက် ရှင်းလင်းခြင်း စသည့် ကိုယ်လက်လှုပ်ရှားမှု တို့ကလည်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပါသည်။

( နေ့စဉ် ပုံမှန် အလုပ်လုပ်ပါ )
နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းဆောင်တာများကို အချိန်မှန်မှန် လုပ်ဆောင်သင့်သည်။ အကြောင်းအမျိုးမျိုးကြောင့် တခါတရံ ပျက်ကွက်မှုမျိုးမှာ အကြောင်းမဟုတ်ချေ။
လုပ်ဆောင်နေကျ အလုပ် ပျက်ကွက်ပါက အကျိုးဆက်များ ပေါ်လာနိုင်သည်။ အစားထိုးစရာ အလုပ်မရှိပါက အားလပ်ချိန် ဖြစ်သွားပြီး မကောင်းသော အတွေး၊ အပြုအမူတို့က အစားထိုး ၀င်ရောက်နေရာယူလာနိုင်သည်။

( ဆေးလိပ်၊ အရက်၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေး ရှောင်ပါ)
ဆေးလိပ်နှင့်အရက်တို့သည် ခန္ဓာကိုယ်ရှိ သွေးကြောများကို ထိခိုက်ပျက်စီးစေနိုင်သည်။ စိတ်ငြိမ်ဆေး၊ အိပ်ဆေးတို့သည် ဇီဝကမ္မ ဖြစ်စဉ်များကို ထိခိုက်စေနိုင်သည်။ အိပ်မပျော်သည့်အခါ အိပ်ဆေးကို စတင်စမ်းသပ် သောက်သုံးသည့်အလေ့ကို ရှောင်ကြည်သင့်သည်။ အိပ်ပျော်စေရန် နည်းလမ်းများကိုသာ လိုက်နာ လုပ်ဆောင်ရန် လိုအပ်သည်။

(ပတ်ဝန်းကျင်တွင် ပျော်မွေ့အောင် နေပါ)
မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း ပြောဆိုနေထိုင်မှုတွင် အဆင်ပြေ၍ ပျော်မွေ့သော ဘ၀ကို ရယူနိုင်ရမည် ဖြစ်ပါသည်။
မသင့်မတင့်သော ပတ်ဝန်းကျင်တွင် စိတ်ချမ်းမြေ့မှုကို ရရှိနိုင်မည်မဟုတ်ချေ။ လိုက်လျောညီထွေမှု ရှိစွာ ပေါင်းသင်းဆက်ဆံရေးမှာ အဓိကကျပါသည်။
မကောင်းသော ပတ်ဝန်းကျင်အား ကနဦးကပင် ဖယ်ခွာရမည် ဖြစ်သည်။ ကောင်းသည့် ပတ်ဝန်းကျင်အား ဆက်လက်ထိမ်းသိန်းထားရန် လိုအပ်သည်။

(ပွင့်လင်းမှု ရှိပါစေ)
အရာရာတွင် လျှို့ဝှက် သိုသိပ်မထားသင့်ချေ၊ မျက်ရည်ကျခြင်းသည် ခံစားရမှုကို သက်သာစေသည်ဟု ဆိုကြသည်။
မိမိ ခံစားချက်ကို အခြားသူတဦးအား ပြောလိုက်ရလျှင် ခံစားရမှု သက်သာသွားသည်မှာ အမှန်ဖြစ်ပါသည်။ ထို့အပြင် သူ့ထံမှ အကြံကောင်း၊ ဉာဏ်ကောင်းများကိုလည်း ရရှိနိုင်ပါသေးသည်။
အုံ့ပုံးအဖြစ် ထားခြင်းက ကြိတ်မှိတ်ခံစားမှုသာ ဖြစ်၍ အကျိုးမရှိလှချေ။

(ပျော်ပျော် ရွှင်ရွှင် နေပါ)
အပျော်အပါးကို လိုက်စားခြင်းသည် မကောင်းချေ၊ သို့သော် စိတ်ကို ပျော်ရွှင်အောင်ထားပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုပါသည်။
ရယ်သောသူသည် အသက် ရှည်သည်-ဟု ဆိုကြပါသည်။ ရယ်မော၍ ပျော်ရွှင်နိုင်သည်။ မရယ်မောသော်လည်း ပျော်ရွှင် ချမ်းမြေ့မှု ရရှိနိုင်ပါသည်။
ပျော်ရွှင်မှုရှိသည့်အခါ သောကကင်းဝေးပြီး စိတ်ဖိစီးမှုလည်း မရှိသဖြင့် သာယာသောဘ၀ကို ရရှိနိုင်မည်ဖြစ်သည်။

(တရားဘာဝနာ ပွားပါ)
ကမ္မဋ္ဌာန်း ထိုင်ခြင်း၊ ဘာဝနာ ပွားခြင်းတို့က စိတ်တည်ငြိမ်မှုရှိစေသည်။ ၀မ်းသာစရာ၊ ၀မ်းနည်းစရာတို့ကို တွေ့ကြုံရလျှင် ခံနိုင်ရည် ရှိစေသည်။
စိတ် တည်ငြိမ်မှုမှသည် နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းတို့ ပုံမှန်ဖြစ်စေသည်။ တရားထိုင်ခြင်းဖြင့် သွေးတိုးရောဂါ နှလုံးရောဂါတို့ ဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်ကို တွေ့ရှိခဲ့သည်။

ဒေါက်တာ အောင်သန်း
(အပျိုစင် ၂၀၀၄-ဧပြီလ)

No comments: