မြင့်ဦးကို ကျောက်ပုံရွာတရွာလုံးက လူမိုက်ဟု သတ်မှတ်ထားကြသည်။ သူသည် ဖဲမှာဘုရင်၊ အရက်မှာ ဧကရာဧ်ဟု ပြောစမှတ်ပြုလောက်အောင် ၀ါသနာထုံသူဖြစ်သည်။
အပြောအဆို ရုန့်ရင်းကြမ်းတမ်းခြင်း၊ မထီမဲ့မြင် ပြုမူဆက်ဆံခြင်း၊ စသည့် လက္ခဏာများနှင့်လည်း ပြည့်စုံသူတဦး ဖြစ်သည်။
သူ့တွင် အဖေမရှိတော့။ မိခင်မုဆိုးမကြီးနှင့် သူနှင့် သားအမိနှစ်ယောက်သာ ရှိခဲ့သည်။ မိခင်ကြီး သည် အသက်အရွယ်အိုမင်းပြီဖြစ်၍ သားဖြစ်သူ၏လုပ်စာကို ကြိုက်လျှင်စား၊ မကြိုက်လျှင်နေ-ဟူသောဘ၀ဖြင့် နေထိုင်ခဲ့ရသည်။
ညအိပ်ရာမ၀င်မီ ဘုရားဝတ်တက်နေလျှင်လည်း ခင်ဗျား အော်ကျယ်ဟစ်ကျယ် မလုပ်နဲ့၊ ဘယ်သူမှ သာဓုမခေါ်ဘူး-ဟု ပြောပြန်သည်။
ဤသို့နေလာရင်း တနေ့တွင် မြင့်ဦးတယောက် ဖဲအကြီးအကျယ်ရှုံးပြီး ဒေါကန်ကာ အိမ်သို့ပြန်လာခဲ့သည်။ ထိုစဉ် အမှတ်မထင် သဲသဲမဲမဲ ရွာချလိုက်သောမိုးကြောင့် သူ့တကိုယ်လုံး စိုရွှဲသွားခဲ့သည်။
အိမ်ရောက်သည်နှင့် မိုးရွာထဲတွင် ရပ်နေသော နွားနှစ်ကောင်ကို မြင်လိုက်သည့်အခါ မိခင်ကြီးအား "ခင်ဗျားလင်တွေကို ဒီအတိုင်းပဲ ထားရသလား" ဟု ပက်ပက်စက်စက် ဆိုခဲ့သည်။
ထို့နောက် မိုးစိုနေသည့် နွားနှစ်ကောင်ဆီ သွားခဲ့သည်။ နွားများကို နွားတင်းကုပ်ထဲသွင်းရန် ကြိုးများဖြေနေစဉ် " ဂျိမ်း" ဆိုသော မိုးကြိုးပြစ်သံနှင့်အတူ မြင့်ဦးတယောက် အသက်ပျောက်သွားခဲ့ရလေသည်။
ထူးဆန်းသည်မှာ မြင့်ဦးနှင့်အတူရှိနေသည့် နွားနှစ်ကောင်လုံး ဘာမျှမဖြစ်ဘဲ သူတယောက်တည်းသာရွေး၍ မိုးကြိုးပစ်သွားခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ကိုကြည့်၍ ရွာသူရွာသားအားလုံးက "မိခင်ပြစ်မှားလို့"ဟု တထပ်တည်း ဝေဖန်ပြောဆိုခဲ့ကြပါ တော့သည်။
ခင်မောင်တင် (၀ဲလောင်)
(မြတ်မင်္ဂလာ ၂၀၁၀-ဖေဖော်ဝါရီလ)
Wednesday, October 20, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment