Tuesday, October 12, 2010

စေတနာထား ပီတိပွား

ဇူလိုင်လ၏ နေသာသောတနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှ ကျောက်စိမ်းရတနာများထွက်ရှိရာ ဖားကန့်မြို့သို့ ထွက်ခွာမည့် မိုးကောင်း၊ ဖားကန့် အမြန်ယာဉ် လိုင်းကားငယ်ဖြင့် ကျွန်တော်တို့ တူဝရီး နှစ်ယောက် လိုက်ပါလာခဲ့သည်။

မိုးကောင်းမြို့မှ ကားစထွက်သည်နှင့် ဦးလေးဖြစ်သူက ဘုရားဂုဏ်တော်များ ရွတ်ဆိုပွားများရန် ကျွန်တော့်ကို သတိပေးပါသည်။ သူကိုယ်တိုင်လည်း ရွတ်ဆို၍ နေပါသည်။
ကျွန်တော်တို့စီးနင်းလိုက်ပါလာသော အမြန်ယာဉ်ကားငယ်သည် ရှစ်မိုင်လမ်းခွဲကို ကျော်လွန်၍ ကာမိုင်းမြို့သို့ ရောက်သောအခါ နေ့လယ်စာ စားသောက်ရန် ခေတ္တရပ်နားသည်။ နေ့လယ်စာ စားသောက်ပြီးသောအခါ ယာဉ်နောက်လိုက်က ကားပေါ်ပါသော ခရီးသည်များကို လူစုံ-မစုံ စစ်ဆေးမေးမြန်းပြီး ကားစထွက်ပါသည်။ ထိုအချိန်မှာပင် လူတယောက်သည် ဖားကန့်သို့ လိုက်ပါလိုသဖြင့် ကားကိုတားပြီး လိုက်ပါလာခဲ့သည်။

ဤသို့ဖြင့် လိုင်းကားသည် နန့်ယားရွာကြီးသို့ ရောက်သောအခါ မိုးသည်းထန်စွာ ရွာပါတော့သည်။ နန့်ယားရွာကြီးမှ စတင်၍ ကားလမ်းများမှာ မိုးရေကြောင့် ချောလျက်ရှိရာ ကားဒရိုင်ဘာလည်း ဂရုတစိုက် ထိန်းသိမ်းမောင်းနှင်ပါသည်။ ထိုအချိန်မှာပင် ကာမိုင်းမြို့မှ လိုက်ပါလာခဲ့သောလူသည် ယာဉ်နောက်လိုက်အား-

မင်းတို့ ကားဒရိုင်ဘာက အမြန်မမောင်းရဲဘူးလား။ ဒီပုံစံနဲ့သာ မောင်းနေရင် ဖားကန့်မရောက်ခင် တညအိပ်ရလိမ့်မယ်-စသည်ဖြင့် ပြောဆိုသည်။
ယာဉ်နောက်လိုက်ကလည်း
မိုးရွာပြီး လမ်းချော်နေလို့ ထိန်းမောင်းနေတာပါ။ ဆန္ဒမစောကြပါနဲ့ဗျာ-ဟု ပြောဆိုသည်။ ထိုသို့ ပြောဆိုသော်လည်း ထိုလူသည် တလမ်းလုံး ပွစပွစိနှင့် ဆူညံစွာ ပြောဆိုနေပါသည်။ ကျွန်တော်တို့ တူဝရီးကပါ ထိုလူကို အကျိုးသင့်အကြောင်းသင့် ပြောပြသော်လည်း နားမ၀င်ပါ။

တံတားညီနောင်ကျေးရွာ အထွက်လမ်းသည် ကုန်းအတက်လမ်းဖြစ်သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်က ခရီးသည်များအား ကားပေါ်မှဆင်း၍ လမ်းလျှောက်စေပါသည်။
ထိုအခါ တလမ်းလုံး ကားပေါ်တွင် ဆူညံစွာပြောဆိုလာသော လူက -ကားခပေးစီးတာ၊ လမ်းဆင်းမလျှောက်နိုင်ဘူး-ဟု ပြောနေ၍ ကျွန်တော်တို့ တူဝရီးကပင် သူ့အား-

ကားဆရာတွေက ခရီးသည်တွေ အန္တရာယ်ကင်းအောင် ဆင်းပြီး လမ်းလျှောက်ခိုင်းတာပါ။ အဓိကကတော့ လိုရာခရီးရောက်ဖို့သာ မဟုတ်ပါလားဗျာ။ လာပါ ဆင်းပြီးအတူတူလျှောက်ကြတာပေါ့။
ထိုအခါ သူသည် ကားပေါ်မှဆင်း၍-
ခင်ဗျားတို့လိုလူတွေကြောင့် ဒီကားသမားတွေက ပိုဆိုးနေတာ-ဟု ပြောဆိုပါတော့သည်။

တံတားညီနောင်ရွာမှ တဖန် ပျားအုံကျေးရွာကိုရောက်သည်။ ထိုရွာမှ နန့်တိန်ရွာကို ဖြတ်သန်းပြီး တောင်အတက်လမ်းရောက်သော် ကားဆရာက နောက်တကြိမ် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခိုင်းပြန်သည်။ ထိုအခါ ကျွန်တော်က ထုလူအား ကားအောက်မှ လက်ကမ်းပေးသော်-

ခင်ဗျားတို့လို ကားသမားအကြိုက်လိုက်တဲ့လူတွေနဲ့ ဒီတသက် တစ်ခရီးတည်း မသွားပါရစေနဲ့လို့ပဲ ဆုတောင်းတယ်-ဟု ပြောဆိုကာ မဆင်းချင် ဆင်းချင်ဖြင့် ဆင်းပါတော့သည်။
ကျွန်တော်တို့ လမ်းလျှောက်ပြီးတက်ကြရာမှ တောင်အတက် လမ်းခုလတ်သို့ ရောက်သော် လိုင်းကားငယ်တစီး လမ်းချော်၍ တိမ်းမှောက်နေသည်ကို တွေ့ရသည်။ ကားလမ်းနံဘေးတွင် လူလတ်ပိုင်းအရွယ် လူတဦး၏ အလောင်းက စိတ်မချမ်းမြေ့ဖွယ် ဖြစ်သည်။

ထိုအချိန်မှစ၍ လမ်းဆင်းမလျှောက်ချင်သူ၊ ဆူညံစွာပြောဆိုလာသူသည် ဘာမှမပြောတော့ပါ။ ကျွန်တော်တို့ တူဝရီးကိုလည်း ခင်မင်နှစ်လိုစွာ ကြည်ကြည်ဖြူဖြူ ဆက်ဆံပါသည်။
ထိုမှတဆင့် ကြည်နူးကျေနပ်ကြရသည်မှာ ဖားကန့်မြို့သို့ရောက်၍ ကားပေါ်မှ ဆင်းသောအခါ ခင်ဗျားတို့လို လူတွေနဲ့ တသက်လုံး တခရီးတည်းသွားချင်ပါတယ်ချင်ဗျား။ ပြောမှားဆိုမှား ရှိခဲ့တာတွေကိုလည်း ခွင့်လွှတ်ပါ-ဟု ပြောဆိုနှုတ်ဆက်သွားသည်။ ထိုအခါ ကျွန်တော်တို့ တူဝရီးသာမက ကားဆရာများနှင့် ခရီးသည်အားလုံးပါ ၀မ်းသာပီတိ ဖြစ်ကြရပါတော့သည်။

ရွှန်းလဲ့ညီဇေ (ရွှေပေါက်မြေ)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇန်န၀ါရီလ)

No comments: