Tuesday, October 12, 2010

ရေကုသိုလ်

စာရေးသူသည် ရဟန်းမဖြစ်ခင် လူဝတ်ကြောင်တုန်းက နွေရာသီ နွားသောက်ရေကန်ကို သဲချောင်းထဲမှာ သူငယ်ချင်းတွေနှင့်စုပေါင်းပြီး ကုသိုလ်ပြု တူးခဲ့ဖူးသည်။ မိုးရာသီအတွက် ကန်ဟောင်းတွေကို တိုးချဲ့ တူးခဲ့ဖူးသည်။ ရေချမ်းစင်များကိုလည်း ရေဖြည့်ကာ ကုသိုလ်ပြုခဲ့ဖူးသည်။

ရဟန်းဖြစ်သောအခါ မကွေးမြို့၊ အောင်မြေ ၀ိဇယကျောင်းမှာ စတင်ပြီး သီတင်းသုံးသည်။ ထိုကျောင်းရှိ ရေချမ်းစင်၊ ကုဋီများကို နေ့စဉ် ရေဖြည့်ကုသိုလ်ယူခဲ့သည်။ မဟာဗောဓိပင်ကိုလည်း ရေလောင်းပေးကာ ကုသိုလ်ပြုခဲ့သည်။

စည်သာရွာ၊ ချိုင်းကျောင်းတွင် သီတင်းသုံးစဉ်က သောက်ရေအိုးများ၊ ကုဋီရှိ ရေအိုးများကို ရေဖြည့်ခဲ့သည်။ ဘုရားရှင်ကို နေ့စဉ် မျက်နှာသစ်ရေ၊ သောက်တော်ရေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ကြူချောင်ရွာ၊ ကတီပင်တောရပ်တွင် သီတင်းသုံးစဉ်က သောက်ရေအိုးရေဖြည့်သည့်ကုသိုလ်၊ ဘုရားရှင်ကို သောက်တော်ရေဆက်ကပ်သည့် ကုသိုလ်များ ပြုလုပ်ခဲ့သည်။

ရမ်းဗြဲမြို့၊ ကျောက်နီမော်ရွာ၊ တောင်ပေါ် ကျောင်းတွင် သီတင်းသုံးခဲ့စဉ်က အဖိတ်နေ့တိုင်း ရေချမ်းစင်ရှိ ရေအိုးများကို သောက်ရေဖြည့်ကုသိုလ်ပြုခဲ့သည်။ ကုဋီရှိအုတ်ကန်ကို ရေဆွဲပြီး ရေဖြည့်ထည့်ခဲ့သည်။
ငရန့်ချောင်းရွာ ကျောင်းတောင်တောရတွင် သီတင်းသုံးစဉ်က မြတ်စွာဘုရားရှင်ကို မျက်နှာသစ်ရေ၊ သောက်တော်ရေ နေ့စဉ် ၀တ်မပျက် ဆက်ကပ်လှူဒါန်းခဲ့သည်။

ယခု စာရေးသူသည် နတ်မောက်မြို့နယ်၊ စည်သာကျေးရွာ၊ အင်ပင်တောရတွင် သီတင်းသုံးနေထိုင်ပါသည်။ တောရကျောင်းမြောက်ဘက်တွင် ချောင်းရှိသည်။ တစ်တောင် နှစ်တောင်ခန့်တူးလျှင် ရေထွက်ပါသည်။ ရေအတွက် စာရေးသူ စိတ်ချမ်းသာပြည့်စုံခဲ့သည်။

အင်ပင်တောရတွင် သီတင်းသုံးပြီး လေးနှစ်မြောက်တွင် ရေတွင်းတူးပြီး လှူမည့်သူ ပေါ်လာခဲ့သည်။ နတ်မောက်မြို့၊ အောင်ဆန်းရပ်၊ ဆရာကြီး ဦးတင်အောင် (ပညာရေးမှူး၊ ငြိမ်း) ဆရာမကြီး ဒေါ်သန်းအေး (ပညာရေးမှူး၊ ငြိမ်း) တို့က ငွေကျပ် ၉-သောင်း တန်ဖိုးရှိ ရေတွင်းတတွင်းကို တူးဖော်လှူဒါန်းခဲ့ကြသည်။ လှူသောနေ့မှာ ၁၁-၆-၂၀၀၈ နေ့ ဖြစ်ပါသည်။

ကုသိုလ်ကောင်းမှုပြုသော သူသည် ယခု ပစ္စုပ္ပန်ဘ၀မှာလည်း ကောင်းကျိုးခံစားရ၏။ တမလွန်ဘ၀မှာလည်း ကောင်းကျိုးခံစားရ၏။ ဟု ပညာရှိများ မိန့်ကြားခဲ့ပါသည်။ စာရေးသူပြုလုပ်ခဲ့သော ပစ္စုပ္ပန်ဘ၀ရေကုသိုလ်သည် ယခုပစ္စုပ္ပန်ဘ၀မှာပင် တူသောအကျိုး ပေးနေပါပြီ။ တမလွန်ဘ၀မှာပင် သည့်ထက်ကောင်းကျိုးများ တွေ့ရဦးမှာ မလွဲပင်ဖြစ်ပါသည်။

ယခုလည်း စာရေးသူသည် အင်ပင်တောရမှာ သီတင်းသုံးစဉ် ခရီးသွား၊ ခရီးပြန် နွားကျောင်းသား၊ ပေါင်းနုတ်သွား၊ ပေါင်းနုတ်ပြန်၊ ဥပုသ်သည်များ သောက်သော သောက်ရေအိုးများကို နေ့စဉ်ရေဖြည့်ကုသိုလ် ပြုပါသည်။ ကျီးကန်း၊ ဆက်ရက်၊ ခွေးများသောက်သုံးရန်ထားသော ခွက်ထဲကိုလည်း နေ့စဉ်ရေဖြည့်ကုသိုလ် ပြုပါသည်။ မဟာဗောဓိညောင်ပင်ကိုလည်း ညနေတိုင်း ရေသုံးပုံး ဆွဲယူကာ ရေလောင်းကုသိုလ်ပြုပါသည်။ ထိုကုသိုလ်များ ပြုလုပ်တိုင်း နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေရန် စိတ်ညွတ်ပြီး ပြုလုပ်ခဲ့ပါသည်။

ရေလှူခြင်းကြောင့် ကောင်းကျိုး ၁၀-ပါး ရရှိနိုင်ကြောင်း မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါသည်။

အရှင်ဥဇ္ဇယ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇန်န၀ါရီလ)

No comments: