ကင်ဆာရောဂါ ခံစားနေရကြောင်း အတည်ပြု တွေ့ရှိပြီးနောက်ပိုင်း ပထမဆုံး လူမြင်ကွင်းထွက်လာသည့် မင်းသားကြီး မိုက်ကယ်ဒေါက်ကလက်စ်မှာ ယခင်ကထက် ပိန်သွားကြောင်း တွေ့ရသည်။ ဩဂုတ်လ အစောပိုင်းက လည်ချောင်းကင်ဆာ ဖြစ်ပွားနေကြောင်း အတည်ပြု ဖော်ထုတ်နိုင်ခဲ့သည့် အော်စကာဆုရှင် မင်းသားကြီးသည် နယူးယော့ခ်မြို့ တိုက်ခန်းမှ ထွက်လာသည် တွေ့ရှိသူများက မိုက်ကယ်၏မျက်နှာ ချောင်ကျသွားကြောင်း ပြောကြားခဲ့သည်။ အသက်(၆၅)နှစ် ရှိပြီဖြစ်ပြီး ကလေး(၃)ဦး၏ ဖခင်ဖြစ်သော မိုက်ကယ်သည် ယခုအခါ ကင်ဆာအတွက် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးများ စတင်ခံယူနေပြီဖြစ်သည်။ အသက်(၄၀)အရွယ် ဝေလရုပ်ရှင်မင်းသမီး ကက်သရင်းဇီတာဂျုံး၏ ခင်ပွန်းသည်၏ ရောဂါနှင့် ပတ်သက်ပြီး ဆရာဝန်များက အပြည့်အ၀ သက်သာပျောက်ကင်းရန် အကောင်းမြင် မျှော်လင့်နေသည်။ မိုက်ကယ်သည် ဆေးလိပ်ကို အကြီးအကျယ် စွဲမြဲစွာ သောက်သုံးခဲ့သူလည်းဖြစ်သည်။ Fatal Attractionတွင် မိုက်ကယ်နှင့်အတူ တွဲသရုပ်ဆောင်ခဲ့သည့် အမေရိကန်မင်းသမီး ဂလန်းကလို့စ်က မိုက်ကယ်အနေနှင့် ကြံ့ကြံ့ခံပြီး သတ္တိမွေးထားရန် လိုအပ်ကြောင်း အားပေးတိုက်တွန်းခဲ့သည်။ “အသက်(၈၆)နှစ်မှာ ကျွန်မအမေ ကင်ဆာဖြစ်ခဲ့တယ်။ Operationလုပ်ရတယ်။ ဒါပေမယ့် သက်သာပျောက်ကင်းခဲ့ပါတယ်။ မိုက်ကယ်လည်း သတ္တိရှိရှိ ရင်ဆိုင်ရင် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှာပါ”ဟု ဂလန်းက OK မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ ကင်ဆာရောဂါနှင့် ကြုံတွေ့နေရသည့် မိုက်ကယ်သည် ဇနီးဟောင်း ဒီယန်ဒြာလူကာ၏ တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည်။
(မိုက်ကယ်ဒေါက်ကလက်စ်နှင့် ဇနီးဟောင်း ဒီယန်ဒြာလူကာ)
(၂၀၀၀)ပြည့်နှစ်က ကွာရှင်းခဲ့သော လူကာသည် ခင်ပွန်းဟောင်းထံမှ ပိုင်ဆိုင်ခွင့် (၅၀)ရာခိုင်နှုန်း ရရှိလိုကြောင်း တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။ သူမသည် မိုက်ကယ်နှင့် အသက်(၃၁)နှစ်အရွယ် ကင်မရွန်ဆိုသော သားတစ်ဦး ရရှိခဲ့ပြီး ၎င်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဧပြီလက ထောင်ဒဏ်(၅)နှစ် ချမှတ်ခံထားရသည်။ မိုက်ကယ်သည် ကက်သရင်းနှင့်လည်း (၁၀)နှစ်အရွယ် သားငယ်ဒိုင်လန်နှင့် (၇)နှစ်အရွယ် သမီးလေးကယ်ရီးစ်တို့ကို ရရှိထားသည်။
Source: DailyMail
No comments:
Post a Comment