၁၃၇၀-ပြည့်နှစ် ၀ါခေါင်လ၏ ရက်တရက်တွင် ဖြစ်ပါသည်။ ကျွန်မတို့ မိသားစုအားလုံး ဆင်ဂေါင်းတောင်ပေါ်ရှိ ဘုရားပွဲတော်၌ ဈေးရောင်းနေကြသောအချိန် ဖြစ်ပါသည်။ ဈေးဝယ်သူများ ရောက်လာကြသောအချိန်တွင် ကိုယ့်တာဝန်ကိုယ်ယူကာ ဈေးရောင်းကြပါသည်။
ကျွန်မတို့ဆိုင်ရှေ့ဘက်၌ ဈေးရောင်နေကြချိန်တွင် ကျွန်မ၏မေမေမှာ ဆိုင်၏နောက်ဘက်၌ ပရိတ်တော်များကို ရွတ်ဖတ်နေပါသည်။ ဆိုင်ဟုဆိုလိုက်သော်လည်း ယာယီဈေးဆိုင်သာ ဖြစ်သောကြောင့် အပေါ်တွင် အမိုးများမရှိပါ။
ထိုအချိန်တွင် ကျွန်မ၏မေမေက အလွန်အံ့သြသောမျက်နှာဖြင့် အင်္ကျီ၏လက်မောင်းစကိုကိုင်ရင်း ထိုင်နေရာမှ ထရပ်လိုက်ရာ အရွယ်မှာ လက်သန်းလုံး၊ အရှည်မှာ လူကြီးလက်တတောင်ခန့်ရှိသော မြွေတကောင် အခွေလိုက်ထွက်လာပါသည်။ ကျွန်မ၏ဖေဖေမှာလည်း အနီးရှိတုတ်ကိုယူ၍ ခြောက်လှန့်ရာ မြွေက ပြန်ပေါက်ပါသည်။
ဖေဖေသည် မြွေကိုခြောက်လှန့်ပြီး အမျိုးမျိုးထွက်သွားစေရန် ပြုလုပ်မှ မြွေက ထွက်သွားပါသည်။ မြွေ၏အရောင်မှာ မည်းနက်နေပါသည်။ ဆိုင်ပတ်ဝန်းကျင်တွင်ရှိသော လူကြီးများ၏စကားအရ ထိုမြွေမှာ အလွန်အဆိပ်ပြင်းသော မြွေအမျိုးအစားဖြစ်ပြီး ကိုက်မိလျှင် ဆေးမမီတတ်ကြောင်း ပြောကြပါသည်။
ကျွန်မ၏မေမေသည် မေ့လျော့တတ်သူ၊ သတိမရှိသူ မဟုတ်ပေ။ မေမေ၏ နှုတ်မှာ အမြဲလိုလို သမ္ဗုဒ္ဓေဂါထာတော်နှင့် ပရိတ်တော်များကို အမြဲရွတ်ဖတ် ပူဇော်လေ့ရှိသည်။ မေမေသည် ကျွန်မ သိတတ်စအရွယ်ကပင် ရတနာသုံးပါးကို ယုံကြည်သက်ဝင်လွန်းလှသည်။
ထိုအဖြစ်အပျက်ကို သိကြသည့်လူများမှာ အလွန်အံ့သြကြသည်။ မေမေထိုင်သည့်နေရာသည်လည်း လူအများထိုင်ကြသည့် နေရာဖြစ်ပြီး အင်္ကျီအတွင်းသို့ မြွေတကောင်လုံး ၀င်သွားသည်ကို မေမေမသိလျှင် တောင်မှ အခြားလူများက မြင်ကြရမည်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မေမေသည် ပရိတ်တော်များကို ယုံယုံကြည်ကြည် ရွတ်ဆိုပူဇော်ခဲ့သောကြောင့် အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ရသည်ဖြစ်ကြောင်း ယုံကြည်ယူဆမိပါသည်။
အေးမွန်ဆန်း (မြန်မာစာ)
(မြတ်မင်္ဂလာ ၂၀၁၀-ဖေဖော်ဝါရီလ)
Wednesday, October 20, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment