Monday, October 25, 2010

သင်၏သွားများကို မပျက်စီးစေနိုင်သော သွားတိုက်ဆေးကောင်း

မေမေ၊ သွားတိုက်ဆေးသုံးလို့ ကုန်ပြီ၊ တဘူးဝယ်ပေးဦး၊ ကောင်းတာဝယ်ပေးနော်၊ ဈေးပေါတာကို မက်မနေနဲ့။
တနံနက်လုံး သားပြောစကားကို ကြားယောင်နေပြီး ၀ယ်ရမည့်သွားတိုက်ဆေးကို စဉ်းစားနေသည်။
ခုတလော တီဗီကြော်ငြာမှာ သွားတိုက်ဆေးနှင့် စီဒီဘူးခွံကို ပွတ်တိုက်ပြရာတွင် စီဒီဘူးခွံမျက်နှာပြင် ပွန်းပျက်သွားသည် ဆိုသည်မှာ အမှန်အကန် ဟုတ်ပါလေစ။

မေမေ မကြာခဏ ဆေးဝယ်လေ့ရှိသော ဆေးစပ်ဆရာအား မေးမြန်းစုံစမ်းကြည့်သည်။ ဆေးစပ်ဆရာသည် စိတ်ရှည်စွာရှင်းပြသည်။ ကျွန်တော်လည်း အဲဒီရုပ်မြင်သံကြားကြော်ငြာ ကြည့်ပြီး အစကတော့ မယုံပါဘူး။ ဒါပေမယ့် အမျိုးအစားမတူတဲ့ သွားတိုက်ဆေး အမျိုးမျိုးနဲ့ စီဒီဘူးခွံပေါ်မှာ ပွတ်ကြည့်တယ်။ လက်ထဲမှာ ပွတ်ကြည့်လို့ သဲတွေပါသလိုခံစားရတဲ့ ကြမ်းတဲ့သွားတိုက်ဆေးဆိုလျှင် တကယ်ပဲ စီဒီဘူးခွံပေါ်မှာ ပွန်းရာများဖြစ်ပေါ်စေတာ တွေ့ရတယ်တဲ့။

သွားဆရာဝန်ကြီးများ၏ ညွှန်ပြချက်အရ
(၁) မမှန်ကန်သော သွားတိုက်နည်း။
(၂) မမှန်ကန်သော သွားပွတ်တံ။
(၃) မမှန်ကန်သော သွားတိုက်ဆေး ရွေးချယ်မှုတို့သည် သွား၏ပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။
မမှန်ကန်သောအရာများနှင့် မမှန်ကန်သော လုပ်ဆောင်မှုကို လုပ်မိပါက သွားများပျက်စီးစေနိုင်သည်။

ဒီလီစစ်အင်ဟိုက်ဒရိုက် (Silicic Anhydride) နှင့် ထုတ်လုပ်ထားသော နူးညံ့သည့်သွားတိုက်ဆေးသည် သွားများကို ပွန်းစားမှု သက်သာစေသည်။ သွားတိုက်ဆေးများသည် သွားပိုးစားခြင်းကို ကာကွယ်ပေးသော ဖလူအိုရိုဒ် (Fruoride) ပစ္စည်းပါမှုချင်း တူသည်ဆိုစေဦးတော့ ကြမ်းတမ်းသော သွားတိုက်ဆေးများကို သင်မသုံးသင့်ပေ။ ထို့ထက် ဆားပွင့်၊ မီးသွေးမှုန့်တို့နှင့် သွားတိုက်သည်မှာ ပို၍သာ သွားများပျက်စီး စေနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။

ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-မတ်လ)

No comments: