Tuesday, October 26, 2010

ကံယုံသူများ သတိပြုစရာ

ဗုဒ္ဓဘာသာဝင်တိုင်း ကံ-ကိုယုံကြည်ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များက ပြောတတ်ကြသည်။ ကံကောင်းလျှင် ချမ်းသာမည်။ ကံမကောင်းလို့ ဆင်းရဲသည်။ ကံကောင်းလျှင် အောင်မြင်မှာပေါ့-စသည်ဖြင့် ပြောတတ်ကြသည်။ ထိုသို့ပြောကြသည်မှာ အတိတ်ကံအပေါ် လုံးဝပုံချသည့် သဘောရှိနေကြသည်။ အတိတ်ကံကို ယုံကြည်လွန်းကြသည်။ ထို့ကြောင့်ပင် ပစ္စုပ္ပန်ကံ၏ အရေးကြီးမှုကို မေ့လျော့နေတတ်ကြသည်။ မိမိတို့၏ဘ၀ကို အတိတ်ကံ၏ ပြဋ္ဌာန်းခံဘ၀ဖြင့် နေနေတတ်ကြသည်။

ဤကိစ္စနှင့်ပတ်သက်၍ မြတ်စွာဘုရားလက်ထက်က မှတ်သားဖွယ်အဖြစ်အပျက်နှစ်ခု ရှိခဲ့သည်။ အဖြစ်အပျက်တခုမှာ ဤသို့ဖြစ်ပါသည်။ ဘုရားရှင်နှင့်တကွ သံဃာတော်အရှင်မြတ်များကို အလှူပေးသည့်ပွဲကြီးတခု ရှိခဲ့သည်။ ထိုပွဲသို့ စားကြွင်း စားကျန်တောင်းစားရန် သူတောင်းစားများလည်း လာကြသည်။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီး ပြန်အကြွတွင် သူတောင်းစားလင်မယားကို မြင်တွေ့သည့်အခါ လျှောက်လှမ်းနေရာမှ ခေတ္တတုံ့ဆိုင်းသွားခဲ့ပါသည်။ ယင်းသို့ တုံ့ဆိုင်းသွားသည့်အဖြစ်ကို အရှင်အာနန္ဒာ သိလို၍ လျှောက်ထားသည့်အခါ ဘုရားရှင်က ဤသို့မိန့်ကြားခဲ့ပါသည်။

ချစ်သား အာနန္ဒာ၊ ထိုသူတောင်းစား လင်မယားသည် ပထမအရွယ်တွယ် လုံ့လပြုကာ ပစ္စည်းရှာဖွေခဲ့ပါက ဇမ္ဗူဒိပ်ကျွန်းတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ကြရမည်ဖြစ်သည်။
အကယ်၍ ပထမအရွယ်တွင် လုံ့လမပြုခဲ့ဘဲ ဒုတိယအရွယ်တွင် လုံ့လပြုကာ ပစ္စည်းဥစ္စာ ရှာဖွေခဲ့မည်ဆိုပါက ဤတိုင်းနိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ကြရမည်ဖြစ်သည်။
အကယ်၍ ဒုတိယအရွယ်တွင် မရှာဖွေခဲ့ဘဲ တတိယအရွယ်တွင် ရှာဖွေခဲ့ကြမည်ဆိုပါက ဤမြို့ရွာတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ကြရမည်ဖြစ်သည်။
ဤသို့လျှင် အတိတ်ကံများ ပါကြသူများဖြစ်ပါလျက် အရွယ်သုံးပါးလုံး လုံ့လပြုကာ ပစ္စည်းဥစ္စာ မရှာဖွေခဲ့ကြသဖြင့် ယခုလို တောင်းစားနေကြရခြင်းဖြစ်သည်ဟု ဟောကြားခဲ့ပါသည်။

နောက်ဖြစ်ရပ်တခုမှာ ဤသို့ဖြစ်ပါသည်။
ပုဂ္ဂိုလ်တဦးသည် ဗေဒင်ပညာရှိကြီးထံ ဗေဒင်မေးခဲ့ရာ ဤပုဂ္ဂိုလ်သည် ဤဘ၀တွင် ရွှေထီးဆောင်းရမည် ဧကန်ဟု ပြောကြားခဲ့ပါသည်။ ထိုခေတ်က ရွှေထီးဆောင်းရသည်မှာ ရှင်ဘုရင်များသာဖြစ်၍ ဤပုဂ္ဂိုလ်သည် ဘုရင်ဖြစ်မည်ဟု သွယ်ဝိုက်ကာ ပြောလိုက်ခြင်းဖြစ်သည်။

ဤပုဂ္ဂိုလ်သည် ၀မ်းမြောက်ဝမ်းသာဖြင့် ငါ-တနေ့ ရွှေထီးဆောင်းရတော့မည်-ဟု ယုံကြည်ကာ ပျော်ပျော်ပါးပါးနေလာခဲ့ပါသည်။ လုံ့လပြုကာ ပညာရှာခြင်း၊ ဥစ္စာရှာခြင်း လုံးဝမပြုတော့ဘဲ သောက်စားပျော်ပါး၍သာ နေခဲ့ရာ တဖြည်းဖြည်းမကျန်းမမာ ဖြစ်လာခဲ့ပါသည်။ နောက်ဆုံးတွင် လမ်းဘေးတနေရာ နေပူကျဲကျဲအောက်တွင် မှောက်လျက်လဲကာ အသက်ငင်နေရှာပါသည်။ ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်လည်လာရာ ထိုပုဂ္ဂိုလ်နေပူကျဲကျဲ အသက်ငင်နေသည်ကို မြင်၍ သေရတော့မည့် နောက်ဆုံးအချိန်တွင် အရိပ်ရသွားပါစေဟု စေတနာပြုကာ ရွှေထီးတလက်ဖြင့် ဆောင်းပေးစေခဲ့ပါသည်။

ဤဖြစ်စဉ်ဖြစ်ရပ်နှစ်ခုကို ဆင်ခြင်ကြည့်ပါက ကံကိုသာ ရိုးမယ်ဖွဲ့ကာနေခြင်း၏ အမှားကို မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့်ပင် ရှေးလူကြီးများက ကံကိုယုံ၍ ဆူးပုံမနင်းရန်-အထပ်ထပ်မှာကြားခဲ့ပါသည်။ ကံကိုယုံကြည်သည် ဆိုရာတွင် အတိတ်ကံရော ပစ္စုပ္ပန်ကံကိုပါ တွဲဖက်ယုံတတ်ကြဖို့ လိုပါမည်။ တနည်းပြောရလျှင် ကံဆိုသည်မှာ အတိကံနှင့် ပစ္စုပ္ပန်ကံ နှစ်ခုရှိသည်ကို သတိပြုသင့်လှပါသည်။ အရိုးဆုံးနှင့် အရှုင်းဆုံး ဥပမာပေးရလျှင် ထီပေါက်မည့် ကံပါလာစေကာမူ လက်တွေ့ ထီမထိုးလျှင် ထီပေါက်မည်မဟုတ်ပါ။

မိမိတို့ကိုးကွယ်သော ဘုရားရှင်ကိုယ်တိုင် ဘ၀များစွာ ပါရမီတွေဖြည့်ဆည်းလာပြီးနောက် ဘုရားဖြစ်မည့် နောက်ဆုံးဘ၀တွင် မဇ္ဈိမပဋိပဒါအကျင့်ကို လက်တွေ့ကျင့်ကြံအားထုတ်ကာ ဘုရားအဖြစ်ကို ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ငါ ဘုရားဖြစ်မှာပဲဟု ထိုင်စောင့်နေခြင်းမျိုး မရှိခဲ့ပါ။ ဆိုလိုသည်မှာ ဘုရားဖြစ်ရန် အတိတ်ကံ မည်မျှပါလာသည်ဖြစ်စေ ပစ္စုပ္ပန်ဘ၀ ကျင့်ကြံအားထုတ်မှု ပြုသည့်အခါမှသာ ဘုရားအဖြစ်ကို ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

အနှစ်ချုပ်ရပါက ကံကို ယုံကြည်သည်ဆိုရာဝယ် အတိတ်ကံ၏ ပြဋ္ဌာန်းခံဘ၀ဖြင့် ယုံမနေကြဘဲ ပစ္စုပ္ပန်ဘ၀တွင် ရိုးသားကြိုးစားကာ လုံ့လ၀ီရိယရှိကြမှသာ ကိုယ်လိုရာပန်းတိုင်သို့ ရောက်ကြရမည် ဖြစ်သည်ကို သတိပြုသင့်ကြပါသည်။

စိုးဝင်း(ချောက်)
(မြတ်မင်္ဂလာ ၂၀၁၀-မတ်လ)

No comments: