Tuesday, October 26, 2010

ကိုယ်တွေ့ ခရီးသွားဒါနအကျိုး

ကျွန်တော်သည် မြင်းခြံမြို့ ပြည်တော်အေး ကားဂိတ်သို့ စောစောလာရောက် လက်မှတ်ယူထားခြင်းကြောင့် ကားဒရိုင်ဘာ၏ နောက် ထိုင်ခုံနံပါတ်တစ်တွင် နေရာရရှိပါသည်။ တချို့ခရီးသည်များသည် ထိုင်ခုံမရကြ၍ ကား၏ အလယ်လမ်းပေါ်တွင် မတ်တတ်ရပ်၍ စီးနင်းလိုက်ကြရသည်။

ကျွန်တော်တို့ စီးနင်းလိုက်လာသည့်ကားသည် မြင်းခြံမှ မန္တလေးသို့ မောင်းနှင်လာရာ မိနစ်နှစ်ဆယ်ခန့်အကြာ လမ်းတွင် အသက် ၆၀-ခန့် သံဃာတော်ကြီးတပါး လက်တားပါသည်။ ဒရိုင်ဘာသည် ကားကျပ်နေသော်လည်း သံဃာတော်ဖြစ်သည့်အတွက် ကားရပ်ပေးပါသည်။ ထိုသံဃာတော်ကြီး ကျွန်တော့်ရှေ့အပေါက်မှ တက်လိုက်သည်နှင့် ကျွန်တော်သည် မတ်တတ်ရပ်၍ လက်အုပ်ချီပြီး ဒီထိုင်ခုံမှာ ထိုင်တော်မူပါဘုရား-ဟု လျှောက်ထားလိုက်ပါသည်။ ကျွန်တော်ကမူ မတ်တတ်ရပ်၍ လိုက်ပါခဲ့ပါသည်။

ကားဆက်ထွက်၍ ၂-နာရီခန့်အကြာတွင် ညောင်ပင်ရွာ စားသောက်ဆိုင်များရှေ့၌ ရပ်နားပေးပါသည်။ ကားသမားများ၊ ခရီးသည်များ ထမင်း၊ လက်ဖက်ရည်၊ အအေး စားသုံးကြရန် ဖြစ်သည်။ ကျွန်တော်သည်လည်း ကားပေါ်မှဆင်း၍ ထမင်းစားရန် ဆိုင်ထဲသို့အ၀င် ဖုန်းဆိုင်တွင် ဖုန်းဆက်နေသော ကျွန်တော်ထိုင်ခုံ လှူထားသည့် သံဃာတော်ကြီးကိုမြင်၍ ဆွမ်းကပ်လှူဒါန်းလိုကြောင်း-လျှောက်ထားပြီး ဆွမ်းကပ်လှူဒါန်း ပါသည်။

ကျွန်တော်တို့ စီးနင်းလိုက်ပါလာသည့်ကားသည် ညနေ သုံးနာရီခန့်တွင် မန္တလေးကားကြီးကွင်းသို့ ဆိုက်ရောက်ပါသည်။ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ အနီးကပ်ဆုံးရောက်နိုင်သည့် လိုင်းကားကို မေးမြန်းရှာဖွေနေစဉ် ကျွန်တော့်အနီးသို့ ကားဖြူငယ်လေးတစီး ဟွန်းတီး၍ ရောက်လာပါသည်။

ဒကာ ဘယ်သွားမှာလဲ-ဟု ကျွန်တော့်ထိုင်ခုံ နေရာနှင့် ဆွမ်းလှူဒါန်းခဲ့သည့် သံဃာတော်ကြီးက ကားပေါ်မှလှမ်းမေးပါသည်။ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးပါဘုရား-ဟု လျှောက်ထားရာ ကားပေါ်တက် လိုက်ပို့မယ်-ဟု မိန့်ပါသည်။ နေပါစေ၊ တပည့်တော် လိုင်းကားနဲ့ပဲ သွားပါမည်ဘုရား-ဟု ပြန်လည် လျှောက်ထားသော်လည်း မငြင်းပါနဲ့ ဒကာ၊ ကားပေါ် တက်ပါ-ဟု မိန့်ကြားသဖြင့် ကားပေါ်သို့တက်၍ လိုက်ခဲ့ပါသည်။

ကားသည် ဆေးရုံကြီးဝင်းအတွင်းထိ မောင်းဝင်၍ရပ်ပေးပါသည်။ ကျွန်တော် ကားပေါ်မှဆင်း၍ ထိုသံဃာတော်ကြီးအား လက်အုပ်ချီ ကန်တော့သောအခါ ဆေးရုံမှာ ဘာကိစ္စရှိလို့လဲ ဒကာ-ဟုမေးပါသည်။ တပည့်တော်အဖေ အသည်းရောဂါနဲ့ ဒီဆေးရုံမှာ ကုသနေရပါတယ်ဘုရား-ဟု ဖြေလိုက်ပါသည်။ သြော် ဟုတ်လား-ဟု ဆိုကာ လွယ်အိတ်ထဲမှ ကဒ်ပြားကလေးတခုကို ထုတ်ပေးပြီး ဒကာလေးရဲ့ အဖေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သွေးလိုရင် ဒီဖုန်းနံပါတ်အတိုင်း ဆက်လိုက်ပါ။ ငါ့ကျောင်းမှာ သွေးလှူနေတဲ့ မောင်ပဉ္စင်းတွေရှိတယ်။ လွှတ်လိုက်မယ်-ဟု မိန့်ကြားပြီး နှုတ်ဆက်သွားပါသည်။

ထိုကဒ်ပြားလေးကို ဖတ်ကြည့်စဉ် ရဟန်းသံဃာတော်များသည် ဒကာ ဒကာမများ၏ လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာအတွက် ပြုလုပ်ကောင်းသည်များကို ပြုလုပ်ပေးလိုကြသည့် စေတနာမေတ္တာရှင်များပါလား-ဟု ကြည်ညိုသဒ္ဓါစိတ်များ ဖြစ်ပေါ်လာပါသည်။ ခရီးသွားရင်း ပြုလုပ်လိုက်ရသည့် ဒါနကုသိုလ်၏အကျိုးကြောင့် သွားလမ်းလာလမ်း သာယာပြီး လိုရာဆန္ဒပြည့်ဝသည်ဟု ယုံကြည်နေမိပါသည်။

မောင်ကျော်ဆွေ(ဆိတ်ညံ)
(မြတ်မင်္ဂလာ ၂၀၁၀-မတ်လ)

No comments: