Tuesday, October 12, 2010

တန်ပြန်ဝဋ်ကြွေး

ကိုလတ်ဆိုသောသူငယ်သည် အလွန်အဆော့သန်သော ကလေးတယောက်ဖြစ်သည်။ ငှက်များကို လေးခွနှင့်ပစ်သည်။ ပုတတ်၊ ပုတ်သင်ညို စသော အကောင်များကိုလည်း ဖမ်းသည်။ ဖမ်းမိသော ပုတ်သင်ညို၏အမြီးကို ကြိုးနှင့်ချည်ကာ သစ်ပင်တွင် ဇောက်ထိုးချိတ်ဆွဲ၍ ကျောက်စရစ်ခဲဖြင့် လှမ်းပစ်သည်။ ပုတ်သင်ညို၏နောက်ကျောနှင့် ခါးဆစ်ရိုးတို့ကို ထိမှန်သောအခါ ပုတ်သင်ညိုသည် ကားခနဲဖြစ်ပြီး တွန့်လိမ်သွားသည်။ ထိုအရာကိုကြည့်ရှုရင်း ကိုလတ်သည် ရယ်မောနှစ်သက် သဘောကျနေတတ်၏။

ကိုလတ် ထိုသို့လုပ်တတ်သည်ကို မိဘများက မသိကြပေ။ မြင်တွေ့ကြသော လူကြီးသူမများက ဆိုဆုံးမသော်လည်း နားမထောင်ပေ။
ကိုလတ်သည် အရွယ်ရောက်လာသောအခါ ကားမောင်းသင်တန်း တက်၏။ R.T.C ကားမျိုးနှင့် အမောင်းသင်ခြင်း ဖြစ်၏။ သူငယ်ချင်းဖြစ်သူနှင့် အတူ သင်တန်းတက်၏။ တနေ့တွင် သူငယ်ချင်းက ကားမောင်းသင်နေစဉ် သူက ကားနောက်ဖျားတွင် ထိုင်၍ လိုက်ပါ၏။ ကားသည် တနေရာ၌ ဒုန်းခနဲခုန်အဆောင့်တွင် ကိုလတ်သည်လည်း ဗုန်းခနဲ ပြုတ်ကျကန်ခဲ့သည်။ ကားပေါ်ကကျသည့်အရှိန် ပြင်းသောကြောင့် ကိုလတ်သည် ခါးဆစ်ရိုးကျပြီး အဆစ်များလွဲသွားသည်။

ထို့ကြောင့် ကိုလတ်သည် ဆေးရုံတွင် လအတော်ကြာ တက်လိုက်ရ၏။ ဆေးရုံတွင် ၆-လ ကျော်ကျော် တက်နေရသောအခါ ပျင်းရိငြီးငွေ့လာ၏။ ထိုအခါ ငယ်စဉ်ကတည်းက အလွန်ဆော့တတ်သော ကိုလတ်သည် ဆေးရုံမှ ခွင့်ပြုချက်မရဘဲ အပြင်သို့ခိုးထွက်၏။ ထိုအချိန်တွင် သူသည် လူကောင်းတယောက်ကဲ့သို့ မဟုတ်သော်လည်း ထော့နင်းထော့နင်းဖြင့် လမ်းလျှောက်နိုင်နေ၏။ သူငယ်ချင်းတယောက်နဲ့ချိန်းကာ သူငယ်ချင်း၏ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းလျက် မြို့ထဲသို့ လျှောက်လည်သည်။ တနေရာအရောက်တွင် ကားတစီးကို ရှောင်လိုက်ရာ သူတို့စီးလာသော ဆိုင်ကယ်သည် တိမ်းမှောက်သွား၏။ နောက်တွင် ထိုင်လျက်ပါလာသော ကိုလတ်သည် လွင့်စဉ်ထွက်သွားပြီး ပလက်ဖောင်းနှင့်ရိုက်မိကာ ခါးကို ထပ်မံထိခိုက်ပြန်သည်။

ခါးဒဏ်ရာထပ်မံရသောကိုလတ်သည် ခါးဆစ်များ ပြန်လည်တည့်မတ်လာစေရန် ဆေးရုံ၌ အိပ်ရာထက်တွင် ခဲဆွဲနေရ၏။ ခါးကိုလည်း ပတ်တီးများစည်းနှောင်ထား၏။
ဆေးရုံတွင်ကုသပြီး ပြန်ဆင်းလာသောအခါ ခါးကလေးလိမ်ဖယ် ဖြစ်နေရှာသည်။ ယနေ့အချိန်ထိ ခါးမှာ ပြန်လည်ကောင်းမွန်လာခြင်းမရှိပါ။ ဤကဲ့သို့ ဖြစ်ရသည်မှာ ငယ်ငယ်က ငှက်ကလေးများ၊ ပုတတ်များ၊ ပုတ်သင်ညိုများကို မညှာမတာ ပစ်ခတ်သတ်ဖြတ်ခဲ့သော မကောင်းမှုကြောင့် တန်ပြန်ဝဋ်ခံရသည်ဟု ယုံကြည်ယူဆမိပါသည်။

နော်လီကို (မကွေး)

(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇန်န၀ါရီလ)

No comments: