Monday, October 25, 2010

မကာရလောပအကျော် မန်လည်ဆရောတာ် ဘုရားကြီး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မန်လည် (တောင်) ရွာ ဂန္ဓကုဋီ စံကျောင်းတော်သစ်၌ ယနေ့တိုင် ရွှေရောင်တ၀င်းဝင်းဖြင့် ဖူးတွေ့နိုင်သော ရုပ်ကလာပ်တော်မှာ မကာရလောပအကျော် မဟာသုတကာရီ မဃဒေ၀လင်္ကာသစ် စသော ကျမ်းပေါင်းများစွာ ရေးသားပြုစုတော်မူခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ မန်လည်ဆရာတော်ဘုရားကြီး ဖြစ်ပါသည်။

(ဇာတ်နှင့် ဉာဏ်ရည်)
ဆရာတော်လောင်းလျာအား မန်လည်မြို့ မင်းကုနုးရပ် ခမည်းတော် ဦးထင်ညို+မယ်တော် ဒေါ်ဖြေတို့က ၁၂၀၃-ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂-ရက် အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်မည် မောင်မာ ဖြစ်သည်။
၁၂-နှစ်သားအရွယ်တွင် ၀န်းသို့မြို့ တောင်ပေါ်ကျောင်း ဘုန်းကြီး (ဦးပန်းအောင်) ထံ စာပေသင်ကြားပြီး ရှင်ပြုသည်။ ရှင်အမည် ရှင်ဇ၀န ဖြစ်သည်။ ၀န်းသိုမှ မန်လည်မြို့သို့ ပြောင်းရွှေ့ပြီး လေးထပ်ကျောင်းဆရာတော် အရှင်နန္ဒမဉ္ဇူ-ထံ ပညာဆက်လက်သင်သည်။ ၁၂၂၅-ခုနစ်တွင် ဆရာတော် အရှင်နန္ဒမဉ္ဇူ-အား ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။

၁၂၂၈-ခုနှစ်တွင် မန္တလေး အနောက်ထီးလင်းတိုက်၌ ပိဋကတ်စာပေများ တနှစ်ခန့် သင်ကြားလေ့လာသည်။ မန်လည်သို့ ပြန်ကြွပြီး မန်လည်မြို့ဝန် ဦးပု ဆောက်လုပ်လှူဒါန်းသော သမန္တပါသာဒိက မဟာဝိဟာရ ပြသာဒ်ကျောင်းကြီးကို အလှူခံရရှိတော်မူသည်။

ဘာသန္တရ ကျမ်းဂန်ပေါင်းမြောက်များစွာကို တတ်သိရုံမက လောကီ လောကုတ္တရာ ကျမ်းမျိုးစုံတို့ကိုလည်း ကျွမ်းကျင်လိမ္မာတော်မူသဖြင့် မကာရလောပအကျော် မန်လည်ဆရာတော်ဟူ၍ ထင်ပေါ်ကျော်ကြားတော် မူခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံ၌ မဟာသုတကာရီ မဃဒေ၀လင်္ကသစ် ကျမ်းပြုပုဂ္ဂိုလ်အကျော်အဖြစ် ရဟန်းရှင်လူတို့ အသိအမှတ်ပြုထားကြသည်။ ကျမ်းပေါင်း ၇၀-ကျော်အထိ ပြုစုသွားသည်။

(သာသနာပြုတော်မူခြင်း)
မန်လည်ဆရာတော်သည် အနယ်နယ်အရပ်ရပ်မှ အမေးပုစ္ဆာပြဿနာများကို ရှင်းလင်းဖြေကြားပေးသည်။ ရတုရကန်၊ အဲအန်လူးတား၊ ဘောလည်၊ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ မောင်းထောင်း သီချင်း စသည်တို့အပြင် ဆာဝါပြဇာတ်၊ ၀ိဇယပြဇာတ် စသည်တို့ကိုလည်း ရေးသားခဲ့သည်။

မြတ်ဗုဒ္ဓ၏ အံတော်မြတ်ကို ဌာပနာ၍ မန်လည်ကျောင်းဝင်းအတွင်း၌ တာဝတိံသာ မဟာအဘယစေတီကို တည်ထားတော်မူခဲ့သည်။ ကသာမြို့၌လည်း အလားတူ တာဝတိံသာ မဟာအဘယစေတီတော်ကို တည်ထားခဲ့သည်။

၁၂၆၈-ခုနှစ်တွင် မိုးကုတ်မြို့၊ ၁၂၇၆-ခုနှစ်တွင် ရှမ်းပြည်နယ်၊ သီပေါမြို့၊ ၁၂၈၁-ခုနှစ်တွင် မန်လည်မြို့မှ အောက်ပြည်အောက်ရွာ၊ ရန်ကုန်-ပုသိမ် စသော မြို့ရွာအသီးသီးသို့ ကြွရောက်သာသနာပြုတော်မူသည်။ ထိုစဉ်က သတင်းစာများတွင် လယ်တီဆရာတော်ဘုရားကြီးလည်း မန်လည် ဆရာတော်ကြီးနှင့်အတူ သာသနာပြုတော်မူပုံကို တခမ်းတနား ရေးသားဖော်ပြခဲ့ကြသည်။ အထက်မန်လည်၊ အောက်လယ်တီ-ဟူသော ဂုဏ်ပုဒ်ဖြင့် အထူးပင်ကျော်ကြားခဲ့သည်။ ၁၂၇၉-ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။

(မပုပ်မသိုးသော ရုပ်ကလာပ်တော်)
၁၂၈၂-ခုနှစ် တော်သလင်းလဆန်း ၁၃-ရက်၊ သက်တော် ၇၉-၊ သိက္ခာတော် ၅၆-တွင် စံလွန်တော်မူရာ ရုပ်ကလာပ်တော်မှာ ပုပ်သိုးနှံစော်ခြင်း အလျဉ်းပင်မရှိသဖြင့် မှန်ခေါင်း၌ထည့်ကာ ပူဇော်ထားသည်။
မူလစံကျောင်းတော်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသဖြင့် ၁၃၃၆-ခုနှစ်တွင် စံကျောင်းတော်အသစ် ထပ်မံဆောက်လုပ်ပူဇော်ထားရှိသည်။
ဆရာတော်၏ ရုပ်ကလာပ်တော်သည် နှစ်ပေါင်း ၉၀-နီးပါး ရှိခဲ့ပြီဖြစ်သော်လည်း မပုပ်မသိုးဘဲ ကိုယ်လုံးပြည့် ရွှေချမွမ်းမံထားသဖြင့် ယနေ့တိုင် လာရောက်ဖူးမြော်သူများ ထွက်ဝင်မစဲ အမြဲပူဇော်လျက်ရှိပါသည်။

သုတစံ
(မြတ်မင်္ဂလာ ၂၀၁၀-မတ်လ)

No comments: