Monday, October 11, 2010

တရား

ဘ၀မှာ အိုနာသေဆိုသည်ကို ခပ်ဝေးဝေးမှပင် မတွေ့လို မမြင်လိုပါ။ အိုခြင်းဆိုးတရား၊ နာခြင်းဆိုးတရား၊ သေခြင်းဆိုးတရား ဆိုသည်ကို ကြားပင်မကြားလိုပါ။ မမြင်လို မကြားလိုသော်လည်း မြင်နေကြားနေရသည့် အိုနာသေကိစ္စကို မေ့လျော့ထားချင်ပါသည်။ သို့သော် မေ့လျော့၍လည်း မရပါ။

ဟာ-မင်း ဆံပင်တွေ အတော်ဖြူနေပြီပဲ၊ မှတ်တောင်မမှတ်မိဘူး ငယ်ရုပ်ကို မနည်းဖမ်းယူရတယ်။
ကာလအတန်ကြာ ကွဲကွာနေသော သူငယ်ချင်း၏ နှုတ်ဆက်စကားသည် အိုခြင်းတရား တသိပေးခေါင်းလောင်းသံ၊ အိုခြင်းကို လှည့်စားရတော့မည်။ သူငယ်ချင်းနှင့်တွေ့ပြီး နောက်တနေ့မှာ ဆံပင်တွေကို ဆေးဆိုးလိုက်သည်။ မည်းနက်မှောင်လို့။ ငယ်ရုပ်နှင့် ခပ်ဆင်ဆင်။

နာခြင်းတရားကိုဖြင့် လှည့်စား၍ မရပါ။ ရင်ညွှန့်ဆီ ထိုးထိုးအောင့်လာသော ရင်ထဲမှ ဝေဒနာကြောင့် အသက်ရှူရပ်သွားမှာကို စိုးကြောက်မိသည်။ ဇောချွေးတွေ ပြန်လာသည်။ အာရုံခံစားမှုတို့ နောက်ကျိလာသည်။ ဆေးခန်းသို့ရောက်ခဲ့သည်။ ဆေးခန်းမှဆေးရုံ။ ဆေးရုံသို့ရောက်မှ ခံစားနေရသော ဝေဒနာသည် သိပ်မဆိုးလှကြောင်း သိရသည်။ ဆေးရုံအခန်းငယ်အတွင်း ခုတင် လေးခုတင်မှာ တခုတင် လွတ်နေသည်။ ဘေးခုတင်နှင့် မျက်စောင်းထိုးခုတင်မှာ လူနာနှစ်ယောက်သည် နာခြင်းတရားကို အပြင်းအထန် ခံစားနေရသည်။ နေ၀င်ရီတရောမှာ ဘေးခုတင်မှ လူနာဆုံးပါးသွားသည်။

နောက်တနေ့၌ ထိုဆုံးပါးသွားသော ဘေးခုတင်သို့ လူနာတဦး ရောက်လာသည်။ လူနာသစ်ကို တစုံတရာပြောလိုက်လိုသော်လည်း နှုတ်မှ ၀န်လေးနေမိသည်။ ဘေးခုတင်သို့ လူနာရောက်ပြီး မကြာမီမှာပင် မျက်စောင်းထိုးခုတင်မှ လူနာဆုံးပါးသွားပြန်သည်။ သေခြင်းတရားကို နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ခံစားလိုက် ရသောအခါ တုန်လှုပ်ချောက်ချားလာသည်။ ဘယ်အချိန် ဘယ်အခါ ဒီဘ၀ ဒီခန္ဓာကိုယ်ကို သေခြင်းတရားက ခေါ်ဆောင်သွားမလဲ။ မတွေးချင်ဘဲ တွေးရသည့်အတွေးက စိတ်ပင်ပန်းလှသည်။ အတွေးတို့ တွေးဆဲမှာပင် လူနာသစ်တယောက် ရောက်လာသည်။ လူနာသစ်က မျက်စောင်းထိုးခုတင်ပေါ်တက်ဖို့ ပြင်ဆင်သည်။ ဘေးခုတင်မှ လူနာက အားယူထရင်း-
ဟေ့လူ အဲဒီခုတင်က လူနာ ခုနလေးတင် ဆုံးသွားတာ၊
ဟင်-

လူနာသစ်သည် ကြောက်ရွံ့တုန်လှုပ်စွာ မျက်စောင်းထိုးခုတင်မှခွာ၍ ခြေရင်းခုတင်သို့ ပြောင်းရွှေ့သွားသည်။ အမှန်မှာတော့ ရယ်ပစ်လိုက်ဖို့ ကောင်းသည်။ မရယ်ဖြစ်။ ခုတင်ကိုသာ လက်နှင့် စမ်းမိသည်။ ဒီခုတင်သည်လည်း သေခြင်းတရားကို အကြိမ်ကြိမ် တွေ့ဖူးကြုံဖူးလိမ့်မည်။ လက်က အိပ်ဆေးပုလင်းဆီ။

မင်းနွယ်စိုး

No comments: