Monday, November 1, 2010

တနှစ်တကြိမ် မြတ်ကထိန်

ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် ကထိန်ခင်းခြင်း၊ ကထိန်အလှူပွဲ ပြုလုပ်ခြင်းတို့ကို အလွန်ပင် စိတ်ဝင်စားကြပေသည်။ ကထိန်အလှူများသို့ မိသားစုတို့ တပျော်တပါး သွားလေ့ရှိကြပေသည်။ ကထိန်အလှူရှင်များကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကျွေးမွေးလေ့ရှိကြပေသည်။ စားဖွယ်သောက်ဖွယ်များကို အထူးစီမံ၍ ကျွေးမွေးလေ့ရှိကြပေသည်။ ကထိန်အလှူပွဲသို့ လာရောက်ကြသူများကလည်း ပျော်ပျော်ပါးပါး သုံးဆောင်မှီဝဲစားသောက်ကြပေသည်။ ကထိန်တရားကိုလည်း ကထိန်အလှူရှင်များနှင့် အတူ နာယူလေ့ရှိကြပေသည်။ တနှစ်မှ တကြိမ် လှူဒါန်းခွင့်ရသောကြောင့် အလွန် အကျိုးကြီးမြတ်သည်ဟု ယုံကြည်ကြပေသည်။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်-ဟူ၍ပင် ဆိုရိုးပြုကြပေသည်။

ကထိန်နှင့်စပ်၍ သိဖွယ်ရာများမှာ-
(၁) ကထိန်ဆိုသည့် စကား၏အဓိပ္ပါယ်၊
(၂) ခင်းခြင်းဆိုသည့် စကား၏အဓိပ္ပါယ်၊
(၃) ကထိန်ခင်းရခြင်းအကြောင်း၊
(၄) ကထိန်ခင်းရခြင်းအကျိုး၊
(၅) ကထိန်အလှူ မွန်မြတ်သည်ဟု ဆိုရခြင်း။
ဤ(၅)မျိုးမှာ သိဖွယ်ရာကောင်းလှပါပေသည်။

(၁) ကထိန်ဟူသော စကားသည်=
ကထိန-ဟူသော ပါဠိမှ သက်ဆင်းဖြစ်ပေါ်လာသော စကားဖြစ်ပေသည်။ ကထိန်-ဟူသော ပါဠိက မြဲခြင်း- ဟူသော အနက်ကို ဟောပါသည်။ မြဲခြင်းအမျိုးမျိုးတို့တွင်လည်း အချိန်ကာလ မြဲခြင်းနှင့် အကျိုးတရား မြဲခြင်းတို့ကို ဟောပါသည်။
ကထိန်-ဟူသည် အချိန်ကာလအားဖြင့်လည်း မြဲ၏။
အကျိုးတရားဖြင့်လည်း မြဲ၏-ဟု အဓိပ္ပါယ်ရပါသည်။

အချိန်ကာလ မြဲပုံ-
မြတ်စွာဘုရား သတ်မှတ်ပေးထားသော အချိန်ကာလ အတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရသောကြောင့် ကထိန်သည် အချိန်ကာလအားဖြင့် မြဲပေသည်။ သီတင်းကျွတ် လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် တလအတွင်းမှာသာ ကထိန်သင်္ကန်းလှူခြင်း၊ ကထိန်ခင်းခြင်းကို ပြုလုပ်ရမည်ဟု မြတ်စွာဘုရား၏ အမိန့်အာဏာတော်ဖြင့် ပိုင်းခြားသတ်မှတ်ပေးထား သောကြောင့် တလအတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရပေသည်။ အခြားသော နတ်တော်၊ ပြာသို၊ တပို့တွဲ စသော လများသို့ ပြောင်းရွှေ့ကာ ကထိန်ခင်း၍ မရကြပေ။ သို့ဖြစ်၍ ကထိန်သည် အချိန်ကာလအားဖြင့် မြဲခြင်းဖြစ်ပေသည်။
ဆောင်ပုဒ်။ ။ အချိန်ကာလ၊ ပြောင်းမရ၊ မြဲလှ ကထိန်မည်။

အကျိုးမြဲပုံ=
ကထိန်ခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသည့် (ပုရိမ၀ါမှ ထသော) ရဟန်းတော်တို့သည် ကထိန်အကျိုး (၅)မျိုးကို ရရှိစေ-ဟု မြတ်စွာဘုရား ခွင့်ပြုပေးသနားတော်မူသော အကျိုးတရား (၅)မျိုးကို သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် (၅)လအထိ မြဲစွာတည်နေ၏။ တပါးသော လများသို့ ကထိန်အကျိုးတရားများ ပြောင်းသွားခြင်း မရှိပေ။ သို့ဖြစ်၍ ကထိန်သည် အကျိုးတရား အားဖြင့်လည်း မြဲခြင်းဖြစ်ပေသည်။
ဆောင်ပုဒ်။ ။ အကျိုးတရား၊ ရွေ့မသွား၊ မြဲငြား ကထိန်မည်။

(၂) ခင်ခြင်းဟူသည်=
ကထိန်အကျိုးများကို ကျယ်ပြန့်သွားအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။
ကထိန် မခင်းသောကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လသာ ကထိန်အကျိုးကို ရရှိကြပေသည်။ ကထိန်ခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် (၁)လမှ (၅)လအထိ ကျယ်ပြန့်၍ အကျိုးတရားများကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တလကျိုးကား၊ ငါးလပွား၊ ပြန့်သွားခင်းသည်မည်။

ဥပမာ=
မိမိတို့အိမ်သို့ ဧည့်သည်များရောက်ရှိလာ၍ ငါးခေါက်-ခေါက်ထားသော ကော်ဇောကြီးကို ခင်းချဖြန့်ချလိုက်သောအခါ တဆမှ ငါးဆသို့ ကျယ်ပြန့်သွားသကဲ့သို့ ထို့အတူ ဒကာ-ဒကာမများက ကထိန်သင်္ကန်းကို လှူဒါန်းလိုက်သောအခါ သံဃာတော်များက ၀ိနည်းကံဖြင့် ကထန်ခင်းလိုက်သည်ရှိသော် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လသာ ရရှိသော အကျိုးမှ တပေါင်းလပြည့်နေတိုင်အောင် (၅)လအထိ ကထိန်အကျိုးတရားများ ကျယ်ပြန့်သွားပေသည်။ ကထိန်အကျိုးတရား (၅)မျိုးကို ရဟန်းတော်များ (၁)လမှ (၅)လအထိ ကျယ်ပြန့်စွာ ခံစားခွင့် ရရှိကြပေသည်။

ဤကဲ့သို့ ဒကာ-ဒကာမများ သင်္ကန်းလှူ၍ ဆရာတော် သံဃာတော်များက (၁)လမှ (၅)လအထိ ကထိန်အကျိုးတရား ကျယ်ပြန့်သွားအောင် ၀ိနည်းကံဖြင့် ပြုလုပ်ခြင်းကိုပင် ခင်းသည်ဟု ဆိုရပါသည်။

(၃) ကထိန်ခင်းရခြင်း အကြောင်းမှာ=
မြတ်စွာဘုရား လက်ထက်တော်အခါက ပါဝေယျကတိုင်သား ရဟန်း(၃၀)တို့သည် မြတ်စွာဘုရားကို ဖူးမြင်ဖို့ရာ ရောက်လာကြရာတွင် သင်္ကန်းကို မိုးစို၍ သင်္ကန်းဖြင့် ပင်ပန်းနေကြသောကြောင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ပါသည်။

ပါဝေယျကတိုင်းသား ရဟန်း(၃၀)တို့၏ ရဟန်းဖြစ်လာရခြင်း အကြောင်းမှာ-
မြတ်စွာဘုရား ဘုရားဖြစ်ပြီး၍ တ၀ါရပြီးသောအခါ ဥရုဝေလတောသို့ ကြွသွားတော်မူ၍ သစ်ပင်ရင်းတခုမှာ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဘဒ္ဒ၀ဂ္ဂီ ညီနောင် မင်းသား(၃၀)တို့သည် ဥရုဝေလတောထဲသို့ ဇနီးမယားတို့နှင့်တကွ ဥယျာဉ်ကစား ပျော်ပါးဖို့ရာ ရောက်လာကြပေသည်။ မင်းသားတို့ ပျော်ပါး ကစားနေကြစဉ် အငှါးဇနီးမယားဖြစ်သူ တဦးသည် အရှင်မင်းသား၏ ပစ္စည်းဥစ္စာများကို ခိုးယူ၍ ထွက်ပြေးသွားလေ၏။ မင်းသား(၃၀)တို့သည် ခိုးယူထွက်ပြေးသွားသော အမျိုးသမီးကို လိုက်ရှာကြရာ မြတ်စွာဘုရားကို တွေ့မြင်ကြလေ၏။ မြတ်စွာဘုရားထံ ချဉ်းကပ်၍ အမျိုးသမီးတယောက် ပျောက်သွားသဖြင့် လိုက်ရှာကြရသည့်အကြောင်း လျှောက်ထားကြလေ၏။

မြတ်စွာဘုရားက-မင်းသားတို့...အမျိုးသမီးကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်ရှာခြင်းက ပိုမြတ်သနည်း-ဟု မေးတော်မူ၏။ ပါရမီရင့်ကျက်နေကြသော မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းက ပို၍မြတ်ပါသည်-ဟု လျှောက်ထားကြလေ၏။ ဤကဲ့သို့ မိမိကိုယ်ကို ရှာခြင်းက ပိုမြတ်လျှင် သင်တို့ထိုင်ကြ၊ ငါဘုရား တရားဟောမည်-ဟု မိန့်ကြားကာ တရားဟောတော်မူ၏။ တရား၏အဆုံး၌ မင်းသား (၃၀)တို့သည် သောတာပန် ဖြစ်သွားကြလေ၏။ မြတ်စွာဘုရားက "ဧထ ဘိက္ခဝေါ"-ဟု ခေါ်တော်မူလိုက်ရာ ရဟန်းများ ဖြစ်သွား ကြလေ၏။

ထိုရဟန်း (၃၀)တို့သည် အရညကင်ဓုတင်ကို ဆောက်တည်၍ တော၌သာ နေကြ၏။ ပိဏ္ဍပတ်ဓုတင်၊ ပံသုကူဓုတင်၊ သင်္ကန်းသုံးထည်ဖြင့်သာ နေခြင်း (တိစီဝရိတ်) ဓုတင်တို့ကို ဆောက်တည်၍ နေကြလေကုန်၏။ ထိုရဟန်း (၃၀)တို့သည် (၁၃)နှစ်တိုင်တိုင် တောအရပ်မှာနေကြပြီးသောအခါ မြတ်စွာဘုရားကို အလွန်ဖူးမြင် လိုကြသောကြောင့် မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိပြည်သို့ ခရီးထွက်ကြလေသည်။ ခရီးကား အလွန်ဝေးကွာလှသည်ဖြစ်၍ မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိပြည်သို့ မရောက်မီ ၀ါဆိုဖို့ရာ အချိန်ကျရောက် လာသောကြောင့် သာဝတ္ထိပြည်နှင့် (၆)ယူဇနာ ကွာဝေးသော သာကေတမြို့မှာ ၀ါဆိုကြရပေသည်။

ဝါကျွတ်သည်နှင့်တပြိုင်နက် (ပ၀ါရဏာပြုပြီးလျှင်) မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိပြည်သို့ ဦးတည်၍ ခရီးထွက်ကြလေ၏။ လမ်းခရီးတွင် မိုးက အလွန်ရွာသွန်းသဖြင့် သင်္ကန်းများ မိုးစို၊ ရွှံ့ညွန်များ ပေကျံ၍ ပင်ပန်းစွာ မြတ်စွာဘုရားထံသို့ ရောက်လာကြလေ၏။
မြတ်စွာဘုရားက "ချစ်သားရဟန်းတို့ ...ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါ၏လော"စသည်ဖြင့် ပဋိသန္ဓာရ-နှုတ်ဆက်စကား မိန့်ကြားတော်မူ၏။ ထို့နောက် အလွန်ဝေးသော ခရီးမှ လာခဲ့ကြပြီးလျှင် သင်္ကန်းများ မိုးစို၍ ပင်ပန်းနေကြသော ရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုက်ပါသည်။ ယနေ့တိုင်အောင် ကထိန်ခင်းခွင့် ရနေကြပေသည်။

(၄) ကထိန်ခင်းရခြင်း အကျိုးမှာ=
ဒကာ-ဒကာမများက ကထိန်သင်္ကန်း လှူဒါန်းသဖြင့် ရဟန်းတော်များက ၀ိနည်းကံဖြင့် ကထိန်ခင်းလိုက်သော အခါ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ကထိန်အကျိုး (၅)မျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ-ဒကာမတို့ သည်လည်း ရဟန်းတော်များ ရရှိသော အကျိုး(၅)မျိုးနှင့် လျော်ညီစွာ အကျိုး(၅)မျိုး ရရှိကြပေသည်။

(၁) အနာမန္တစာရ=
ပင့်ဖိတ်ထားသော ဆွမ်းစားရှိပါလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရပ်တပါး၌ သွားသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။

ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ-ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ အရပ်ဒေသတပါးသို့ သွားလိုသောအခါ သူတပါးတို့ တားဆီးခြင်းမပြုနိုင်။ လွတ်လပ်စွာ သွားနိုင်ခြင်း အကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။

(၂) အသမာဒါနစာရ=
တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာအရပ်၌ ထားကာ သွားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။

ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ-ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ အရပ်တပါးသို့ သွားလာခြင်းကိစ္စ အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ တာဝန်ကိစ္စများ မလေးပါဘဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူနှင့် ပြီးမြောက်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။

(၃) ဂဏဘောဇန=
(၄)ပါး (၄)ပါးထက် ပိုလွန်သော ရဟန်းတော်တို့ကို ထမင်းစားလာခဲ့ပါ၊ ဟင်းစားလာခဲ့ပါ၊ မုန့်စားလာခဲ့ပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍ စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားချင် စားနိုင်သည်။

ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ-ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ စားလိုရာ အာဟာရအမျိုးမျိုးတို့ကို စားချင်တိုင်း စားပါသော်လည်း ဗိုက်နာခြင်း၊ ၀မ်းလျှောခြင်း၊ အဆိပ်ဖြစ်ခြင်း စသော ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ ကြေညက်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ စားလိုရာများ၊ စားသော်ငြား၊ ဘေးကား မဖြစ်ပြီ။

(၄) ယာဝဒတ္တစီဝရ=
များစွာသော သင်္ကန်းတို့ကို အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာ မပြုပါဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလအထိ သိမ်းဆည်းထားပါသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာ ထားနိုင်သည်။

ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ-ဒကာမတို့သည်လည်း ဖြစ်ရော ဘ၀တိုင်း ဘ၀တိုင်း၌ စိန်-ရွှေ-ငွေ-ပတ္တမြား စသည့် များစွာသော ရတနာတို့ကို သိမ်းဆည်းထားပါသော်လည်း ရန်သူမျိုး(၅)ပါး ဘေးရန်များ မရှိပါဘဲ ကောင်းမွန်စွာ သိမ်းဆည်းထားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှိပြီ။

(၅) ယော စ တတ္ထ စီဝရုပ္ပါဒ=
ကထိန်ခင်းပြီးသည်မှ နောက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့ တပါးသောကျောင်းတိုက်က သံဃာတော်များ လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက် သင်္ကန်း လှူဒါန်းပါသော်လည်း မူလ ကထိန်ခင်းထားသော ကျောင်းတိုက်က သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်း အကျိုးကိုလည်း ရရှိပေသည်။
ဆောင်ပုဒ်။ ။ သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာ ဖြစ်သည်။

ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ-ဒကာမတို့သည်လည်း ဖြစ်ရော ဘ၀တိုင်း ဘ၀တိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုက ဘယ်လိုတန်ခိုးအာဏာ ကြီးမားသူကမှ အနိုင်အထက်ပြု၍ မယူနိုင်၊ ကိုယ်က ပေးမှသာ ယူလို့ရခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊ ယူသွား ကင်းပသည်။

(၅) ကထိန်သင်္ကန်းအလှူ မွန်မြတ်သည်ဟု ဆိုရခြင်းမှာ=
ရဟန်းတော်တို့သည် ကထိန်သင်္ကန်းမှ တပါးသော-သင်္ကန်းများကို အလိုရှိသောအခါ မိဘ ဆွေမျိုးများ ထံမှာလည်း တောင်းကောင်းပေသည်။ သင်္ကန်း အလိုရှိသောအခါ တောင်းခံပါဘုရားဟု ဖိတ်ထားသော သူများထံမှာလည်း တောင်းကောင်းပါသည်။ ကထိန်သင်္ကန်းကိုမူ မိဘ ဆွေမျိုးများနှင့် ဖိတ်ထားသူများထံ၌ မတောင်းကောင်းပေ။ ကောင်းကင်မှ ကျလာသကဲ့သို့ ဒကာ-ဒကာမများ သူ့အလိုအလျောက် သဒ္ဓါတရား ဖြစ်ပွား၍ လှူဒါန်းလာသော သင်္ကန်းကိုသာ ခံယူ၍ ကထိန်ခင်းရပေသည်။ ဤကဲ့သို့ တောင်းခံခြင်း လုံးဝမပါ၊ သန့်ရှင်းဖြူစင်စွာ ရရှိသော သင်္ကန်းဖြစ်၍ မွန်မြတ်လှပေသည်။ မွန်မြတ်သည်ဟု ဆိုရပေသည်။

ကထိန်သင်္ကန်းမှ တပါးသော ပစ္စည်း(၄)ပါးကို သဒ္ဓါတရားရှိသူ ဒကာ-ဒကာမများက လှူဒါန်း၍ ခံယူကြရသောအခါ မြတ်စွာဘုရားက-
"ချစ်သားရဟန်းတို့...ရဟန်းသီလ မရှိဘဲ သူတပါး လှူဒါန်းသော သင်္ကန်းကို ၀တ်ရုံရခြင်းသည် မီးအလျှံတောက်လောင်နေသော သံပြားကို ၀တ်ရုံရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။
ဆွမ်းကို သုံးဆောင်ခြင်းသည် အလျှံပြောင်ပြောင် တောက်လောင်နေသော သံတွေခဲကို မျိုရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။
ကျောင်းထဲ၌ နေထိုင်ခြင်းသည် အလျှံပြောင်ပြောင် တောက်လောင်နေသော သံနှောင်အိမ်ထဲ၌ နေရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်၊ စသည်ဖြင့် နှိပ်ကွပ်၍ သတိပေးစကား မိန့်ကြားတော် မူပါသည်။"

ကထိန်သင်္ကန်းကို အလှူခံရာ၌ ရဟန်းတော်များကို ချီးမြှေက်၍ မိန့်ကြားတော်မူပါသည်။ "ချစ်သားရဟန်းတို့...ကထိန်သင်္ကန်းကိုလည်း ခံယူကြစေ၊ ကထိန်အကျိုးတရား (၅)မျိုးကိုလည်း တလမှ ငါးလအထိ ရရှိကြစေ"ဟု ချီးမြှောက်၍ မိန့်ကြားတော်မူသောကြောင့် ကထိန်သင်္ကန်းအလှူသည် မွန်မြတ်လှပေသည်။ မွန်မြတ်သည်ဟု ဆိုရပေသည်။

ကထိန်သင်္ကန်းအလှူသည် တနှစ်မှ တကြိမ်၊ တကြိမ်မှာလည်း တလအတွင်းသာ၊ တလအတွင်းမှာလည်း တရက်ဖြင့်သာ အပြီးခင်းရသောကြောင့် မွန်မြတ်လှသည်ဟု ဆိုရပေသည်။

သဒ္ဓမ္မရံသီ ဆရာတော်
(သိကောင်းစရာ ဓမ္မပဒေသာ ၁-၁၃၂)

No comments: