Sunday, November 14, 2010

ဗီတာမင်

လူကို ကျန်းမာအောင် လုပ်ဆောင်ပေးကြသော ကိုယ်တွင်းဓာတ်ကူးပစ္စည်းများတွင် အရေးအကြီးဆုံးဓာတ် တမျိုးမှာ ဗီတာမင်ပင် ဖြစ်သည်။

ဗီတာမင် (Vitamin) ဟူသော စကားလုံး အခေါ်ကို ၁၉၁၂-ခုနှစ်တွင် ပိုလန်သိပ္ပံပညာရှင် ကာဆီမာဖန့် (Casimir Funk) က စတင်မှည့်ခေါ်ခဲ့သည်။ ဖန့်သည် လုံးတီးဆန်၏ အပြင်ခွံထဲတွင် ပါရှိသော ဓာတ်ပစ္စည်းကို လေ့လာနေသူဖြစ်သည်။ ဤဓာတ်ပစ္စည်းသည် ဘယ်ရီဘယ်ရီ ရောဂါကို ကုသနိုင်သည်ဟု ယူဆရသည်။

ထိုဓာတ်ပစ္စည်းသည် အေမင် (amines) အုပ်စု အမျိုးအစားတွင် ပါဝင်သည်ဟု ဖန့်က ယူဆခဲ့သည်။ Vita ဆိုသော လက်တင်စကားသည် အသက်-ဟု အဓိပ္ပါယ်ရသည်။ Vitamines-သည် အသက်အတွက်လိုအပ်သော amine ဓာတ်ဟု ဆိုလိုပါသည်။

သို့သော် နောက်ပိုင်း သုတေသနပြုချက်များအရ ဗီတာမင်များအားလုံးသည် amines များ မဟုတ်ကြသည်ကို တွေ့ကြရသည်။ ထို့ကြောင့် Vitamines ဟူသော နာမည်ကို Vitamin ဟု ပြောင်းလဲခေါ်ဝေါ်ကြသည်။
ဗီတာမင် အမျိုးအစားပေါင်း ၁၄-ခု တွေ့ရှိခဲ့ကြသည်။ ယင်းတို့မှာ ဗီတာမင် အေ၊ ဘီ အုပ်စု၊ စီ၊ ဒီ၊ အီး နှင့် ကေ တို့ ဖြစ်သည်။ ဗီတာမင်များသည် ခန္ဓာကိုယ်ဆဲလ်တွင် ဓာတ်ပြောင်းလဲခြင်းကို ကူညီပေးသော အင်ဇိုင်းဓာတ်ကူ ပစ္စည်းများကဲ့သို့ ဓာတ်ပြောင်းလဲခြင်းကို ကူညီကြသည်။

ဗြိတိသျှ ရေတပ်သားများတွင် နှစ်ပေါင်း ရာနှင့်ချီပြီး ခံစားနေရသော စကာဗီ (Scurvy) ရောဂါကို ဒေါက်တာဂျိမ်းစ်လင်း (James Lind) က ၁၇၄၀-ပြည့်လွန်နှစ်များတွင် ပထမဆုံး စမ်းသပ်ကုသနိုင်ခဲ့သည်။

စကာဗီ ရောဂါ ခံစားနေရသော ရေတပ်သားများသည် ခန္ဓာကိုယ်တွင် သွေးယိုစီးမှု အဆက်မပြတ် ခံစားရသည့်အတွက် အားအင်ချည့်နဲ့လာကြသည်။ သွားများသည် ကြွေကျသည်။ ဒဏ်ရာ အသေးစားကလေး များကိုပါ ပျောက်အောင်ကုသ၍ မရဖြစ်ခဲ့သည်။ ဒေါက်တာဂျိမ်းစ်လင်းသည် ရောဂါခံစားနေရသော သင်္ဘောသား ၁၂-ဦးကို အုပ်စု ၂-စု ခွဲလိုက်သည်။ တစုကို လိမ္မော်သီးနှင့် သံပုရာသီးပါ စားစေပြီး ကျန်တစုကိုတော့ မစားစေပါ။ သစ်သီးစားရသော အုပ်စုသည် ၇-ရက်အတွင်း ပြန်ကောင်းလာပြီး မစားရသော အဖွဲ့သည် ပိုပိုပြီးအားနည်းလာသည်ကို တွေ့ရပါသည်။ ရှောက်မျိုးနွယ်ဝင်ဖြစ်သော အသီးများကိုစားခြင်းသည် စကာဗီရောဂါကို ကာကွယ်နိုင်သည်ဟု ဆိုသည်ကို သိလာကြပါသည်။

ဗီတာမင်သည် ကျန်းမာရေးအတွက် မည်ကဲ့သို့ စွမ်းဆောင်ပေးသနည်း။ မည်သည့်အစားအစာများသည် အကောင်းဆုံးဖြစ်သနည်း။ အရေးကြီးသော ဗီတာမင်အချို့ကို ကြည့်ကြပါစို့။
ဗီတာမင် အေ-သည် မျက်စိအလင်းဓာတ် ရရန်အတွက် လိုအပ်ပါသည်။ ထို့ပြင် အရေပြားကို ကာကွယ်ပေးပြီး တစ်ရှူးမျှင်များ ခြောက်သွေ့ခြင်းကိုလည်း အကာအကွယ်ပေးပါသည်။ ဗီတာမင် အေ-ချို့တဲ့သူသည် အမှောင်ထဲတွင် မမြင်နိုင်သော ကြက်မျက်သင့် ရောဂါ-ရတတ်သည်။ ဤမျှသာမက မျက်လုံးကို ခြောက်ခန်းသွားစေသည့် မျက်မြှေးခြောက်ရောဂါ-ကိုပါ ရစေပြီး နောက်ဆုံး မျက်စိကွယ်သွားနိုင်သည်။

ဗီတာမင် အေ-ရနိုင်သော အကောင်းဆုံး အစာသည် ငါးကြီးဆီ၊ အ၀ါရောင်ဥနှစ်၊ လတ်ဆတ်သော သစ်သီးများ၊ ကန်စွန်းဥ၊ မုန်လာဥနီနှင့် အခြားအရောင်ရင့်သော အသီးအရွက်များဖြစ်ကြသည်။

ဗီတာမင် ဘီ-၁-ကို သိုင်အေမင် ဟုလည်းခေါ်ကြသည်။ ဘီ-၁ သည် အစားအစာထဲတွင် ပါသော ကစီဓာတ်ကို အင်အားအဖြစ် ပြောင်းလဲပေးသည်။ ထို့ပြင် နှလုံးနှင့် နဗ်ကြောစနစ်ကိုလည်း ချောမောအောင် ကူညီပေးပါ သည်။ ဘီ-၁ ချို့တဲ့လျှင် ဘယ်ရီဘယ်ရီရောဂါ ရလာမည်။ ခြေလက်များ ထုံကျင်ဖောရောင်လာမည်။ နှလုံးပျော့ဖပ် အလုပ်မလုပ်နိုင် ဖြစ်လာမည်။ မောဟိုက်အားချည့်လာမည်။ ဘီ-၁ ကို လုံးတီးဆန်တွင် အများဆုံး တွေ့ရပြီး ပဲအမျိုးမျိုး၊ အသား နှင့် ငါး တို့မှလည်း ရရှိနိုင်သည်။

ဗီတာမင် ဘီ-၃ သည် နိုင်ယာဆင် (Niacin) ဖြစ်သည်။ ၄င်းသည် အစာအာဟာရမှ ရသောစွမ်းအင်ကို ခန္ဓာကိုယ်၏ ဆဲလ်များမှ အသုံးပြုနိုင်ရန် ကူညီပါသည်။ နိုင်ယာဆင်သည် အားနည်းခြင်း၊ အရေပြား နီခြင်းနှင့် ၀မ်းဗိုက်ပိုင်းဆိုင်ရာ ရောဂါများကို ကာကွယ်နိုင်သည်။ နိုင်ယာဆင် ပါရှိသော အစားအစာများမှာ အသား၊ ငါး နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များပင် ဖြစ်သည်။

ဗီတာမင် ဘီ-၁၂ သည် ဖောလစ်အက်စ်ကို အလုပ်လုပ်နိုင်ရန် ကူညီပေးပါသည်။ ဘီ ၁၂- နှင့် ဖောလစ်အက်စ်တို့ ပေါင်းစည်းပြီး ခန္ဓာကိုယ်အတွက် သွေးနီဥများကို ထုတ်လုပ်ပေးပါသည်။ ထို့ကြောင့် ဘီ-နှင့် ဖောလစ်အက်စ် ချို့တဲ့သူသည် အနီးမီးယား (anemia) ခေါ် သွေအားနည်းရောဂါ ခံစားရမည်။

ဗီတာမင် ဘီ-၁၂ ကို ဥ၊ အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများထဲတွင် သဘာဝအတိုင်း ရရှိနိုင်ပါသည်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ဖောလစ်အက်စ်ရလျှင် ကလေးမွေးရာတွင် အခက်အခဲမရှိဟု သိရသည်။ ဖောလစ်အက်စ်ကို အစိမ်းရောင်အသီးအရွက်များနှင့် ရှောက်မျိုးနွယ်ဝင် အသီးများတွင် တွေ့ရှိရပါသည်။ ပေါင်မုန့်နှင့် အခြားမုန့်တို့ လုပ်သည့်အခါ အရသာပိုကောင်းအောင်လည်း ဖောလစ်အက်စ်ကို သုံးလေ့ရှိပါသည်။

၂၁-ရာစုထဲတွင် ပထမဆုံး တွေ့ရှိခဲ့ရသော ဘီအုပ်စုဝင် ဗီတာမင်တမျိုးမှာ ၂၀၀၃-ခုနှစ် ဧပြီလတွင် ဂျပန်သုတေသီများ တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ဤဗီတာမင်ကို ၁၉၇၉-ခုနှစ်ကတည်းက ပိုင်နိုလင်းကွီနုန်း (PQQ) pyrrolo quinoline quinone) အဖြစ် သိရှိခဲ့ကြပါသည်။ ကိုယ်ခံအားနှင့် မျိုးပွားနိုင်ရေးတို့တွင် အရေးပါကြောင်း သိရသည်။ ဤဗီတာမင်ကို အချဉ်ဖောက်ထားသော ပဲပိစပ်ထဲတွင် တွေ့ရပြီး ဟင်းမွှေးရွက်၊ လက်ဖက်ရည်ကြမ်း၊ ငရုတ်ကောင်းနှင့် ကီဝီသီး တို့တွင်လည်း တွေ့ရှိရသည်။

ဗီတာမင် စီ-သည် အရိုးနှင့် သွားများ ခိုင်မာရေးအတွက် လိုအပ်ပါသည်။ သွေးကြောများ သန်စွမ်းရန်၎င်း၊ ဒဏ်ရာမြန်မြန် ပြန်ကျက်စေရန်၎င်း၊ ဆောင်ရွက်ပေးနိုင်ပါသည်။ လူ့ခန္ဓာကိုယ်သည် ဗီတာမင် စီ-ကို အနည်းငယ်သာ သိုလှောင်ထားလေ့ရှိသည့်အတွက် နေ့စဉ်စားသောက်သော အစားအစာတွင် စီ-ဓာတ်ပါသော ရှောက်မျိုးနွယ်ဝင် အသီးများ၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီအစိမ်းတို့ကို ထည့်စားသင့်သည်။

ဗီတာမင် ဒီ-သည် အရိုး ခိုင်မာစေရန် သွေးထဲ၌ ကယ်လ်စီယမ်ထုံးဓာတ် တိုးပွားအောင် လုပ်ပေးပါသည်။ ယင်းသည် ကလေးအရိုးပျော့ရောဂါကို ကာကွယ်နိုင်ပါသည်။ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်သည် အရေပြားပေါ်မှ ကိုလက်စထရော တမျိုးကို ဗီတာမင် ဒီ-ဖြစ်အောင် ပြောင်းလဲပေးပါသည်။ ငါးကြီးဆီသည်လည်း ဒီ-ဓာတ်ပါဝင်ပါသည်။ အချို့နိုင်ငံမှ နို့ထွက်ပစ္စည်း ထုတ်လုပ်သူများသည် ကလေးများအတွက် အရေးကြီးသော ဗီတာမင် ဒီ-ကို နို့ထဲတွင် ပေါင်းထည့်ပေးတတ်ကြပါသည်။

ဗီတာာမင် ကေ-သည် ထိခိုက်ဒဏ်ရာရလျှင် သွေးထွက်တိတ်စေရန် သွေးကို ခံပေးပါသည်။ ကေ-ဓာတ်ကို အူသိမ်အူမထဲတွင်ရှိသော ဘက်တီးရီးယားတမျိုးမှ ထုတ်ပေးပါသည်။ ၀က်သား၊ အသည်း၊ ဟင်းသီးဟင်းရွက်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ် စသည်တို့၌လည်း တွေ့ရှိရပါသည်။
အချို့လူများသည် ဗီတာမင်များ အစုံအလင်ပါသော ဆေးပြားများကို စားတတ်ကြပါသည်။ ဗီတာမင် ပိုစားပေးခြင်းဖြင့် ပိုမိုကျန်းမာပြီး ရောဂါများကို ကာကွယ်နိုင်မည်ဟု ထင်တတ်ကြသည်။ ဆရာဝန်အများစုသည် ဤအချက်ကို သဘောမတူကြပါ။ ဗီတာမင်များလွန်းပါက ကျန်းမာသူကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ထောက်ပြကြပါသည်။
ဥပမာပြောရလျှင်-ဗီတာမင် အေ-လွန်ကဲလျှင် အရိုးအားနည်းသော အခြေအနေကို ဖြစ်ပွားစေတတ်ပါသည်။ ဘီ(၆) များလွန်းလျှင်လည်း အာရုံကြောစနစ်ကို ဖျက်ဆီးပစ်နိုင်ပြီး လက်နှင့် ခြေထောက်တွင် နာကျင်ထိတွေ့ သည်ကို မသိတော့ဘဲ ထုံ-သွားတတ်ပါသည်။ ဗီတာမင် အီး-လွန်ကဲပါကလည်း နှလုံးရောဂါနှင့် လေဖြတ်ရောဂါ ဖြစ်ရန် အခွင့်အလမ်းများပါသည်။

ထို့ကြောင့် ဗီတာမင် ချို့တဲ့သူများဟာ ဗီတာမင် ဆေးပြားကို စားသင့်ကြောင်း ဆရာဝန်များက ပြောပါသည်။ ဥပမာ-သက်ကြီးရွယ်အိုဆိုလျှင် ဗီတာမင် ဘီ(၁၂) လို နေတတ်သည်။ အသက်ကြီးလာသောအခါ အစာသိပ်မစားနိုင်တော့၍ ဖြစ်ပါသည်။

အလားတူပင် နေရောင်ထဲသိပ်မသွားသော သူများသည် ဗီတာမင် ဒီ-လိုအပ်နိုင်သည်။ ဗီတာမင် ဒီ-သည် နေရောင်ခြည်နှင့် အရေပြား ထိတွေ့မှ ဖြစ်လာနိုင်သောကြောင့် ဖြစ်ပါသည်။
ဗီတာမင်များသည် လူတို့၏ ကျန်းမာရေးအတွက် အရေးကြီးသည်မှန်၏။ သို့ရာတွင် တန်ဆေး၊ လွန်ဘေး ဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ် နေ့တိုင်း အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုသကဲ့သို့ သင့်သလိုစားရန် အရေးကြီးကြောင်း အာဟာရကျွမ်းကျင်သူများက ပြောကြပါသည်။
အကိုး။ ။ လင်းရောင်ခြည်၊ USA 168, 2004-ခုနှစ် V စာစောင်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဧပြီလ)

No comments: