Thursday, November 11, 2010

နှလုံးသွေးကြောကျဉ်း ရောဂါရှင်များ သိသင့်သိထိုက်သော အချက်များ

လူသားတို့၏ ရင်ဘတ်ထဲတွင် ရှိသော နှလုံးမှာ လက်သီးဆုပ်အရွယ်ခန့်ရှိပြီး တနေ့လျှင် သွေးစီးကြောင်းများမှ တဆင့် ခန္ဓာကိုယ် တခုလုံးအတွက် သွေးဂါလံပေါင်း ၄၀၀၀-ခန့်ကို ပို့ဆောင်ပေးနေရလေသည်။ ထို့ကြောင့် လူသားတို့၏နှလုံးသည် ခန္ဓာကိုယ်အတွက် မရပ်မနား လှုပ်ရှားပေးနေရသည့် အရေးပါသော အင်္ဂါအစိတ်အပိုင်းတခု ဖြစ်လေသည်။

လူသားတို့၏ သွေးကြောထဲတွင် အဆီဖတ်ပိတ်ဆို့ခြင်း (Coronary Atheroma) နှင့် သွေးခဲပိတ်ဆို့ခြင်း (Throm bo sis) တို့ကြောင့် သွေးကြောကျဉ်းခြင်း (သို့မဟုတ်) လုံးဝ ပိတ်ဆို့သွားခြင်း ဖြစ်တတ်ပါသည်။
ဆေးလိပ်သောက်ခြင်း၊ သွေးတိုး ရာဂါနှင့် သွေးထဲ၌ အဆီဓာတ် လွန်ကဲခြင်း စသည့် အချက် (၃)ချက်သည် နှလုံးသွေးကြောကျဉ်း ရောဂါကို ဖြစ်ပွားစေသည့် အဓိက အကြောင်းရင်များ ဖြစ်လေသည်။

ဆေးလိပ်သောက်ခြင်း-
တနေ့လျှင် စီးကရက် အလိပ် ၂၀-၀င် တဘူးခန့်သောက်သော ယောက်ျားတယောက်တွင် ဤရောဂါဖြစ်နိုင်ချေ သာမန်လူများထက် ၃-ဆမှ ၅-ဆ ပိုသည်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောကျဉ်း ရောဂါကို ဖြစ်စေသော အခွင့်အလမ်းသာစေသည့် အန္တရာယ်အကြောင်းအချက် (Risk factor) တခုပင် ဖြစ်သည်။

နှလုံးသွေးကြောကျဉ်း ဝေဒနာ ခံစားနေရသူ တဦးသည် ဆေးလိပ်ဆက်သောက်နေဦးမည်ဆိုပါက နှလုံး သွေးကြောပိတ်ရောဂါ ဆက်ဖြစ်ရန် အတော်နီးစပ်နေပြီဖြစ်သည်။
ဆေးလိပ်တလိပ် သောက်လိုက်ခြင်းသည် သွေးထဲတွင် အောက်စီဂျင်ဓာတ်ကို လျော့နည်းစေပြီး နှလုံးကို ပိုမိုအလုပ်လုပ်စေပါသည်။ ထို့အပြင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် နီကိုတင်းဓာတ်များက သွေးကြောကို ကျုံ့စေပြီး သွေးကြောထဲတွင် အဆီဓာတ်များအနည်ထိုင်ကာ နှလုံးသွေးကြောကျဉ်းမှုကို အားပေးလေသည်။
ထို့ကြောင့်နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများအနေနှင့် ဆေးလိပ်လုံးဝမသောက်ရန် လိုအပ်ပါသည်။

သွေးတိုးခြင်း-
သွေးတိုးခြင်းသည် နှလုံးရောဂါဖြစ်တော့မည့် အနီးဆုံးလက္ခဏာပင် ဖြစ်သည်။ သွေးတိုးရောဂါ ဝေဒနာရှင်များတွင် ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုမှာ ပုံမှန်မဟုတ်တော့သဖြင့် သွေးကြောများထဲတွင် သွေးခဲများ အလွယ်တကူ ပိတ်ဆို့တတ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရသူများသည် သာမန်လူများနှင့် နှိုင်းယှဉ်လျှင် သွေးတိုးသည့်ဒဏ်ကို ခံနိုင်ရည် မရှိပေ။ ထို့ကြောင့် တပတ်တခါ သွေးပေါင် မှန်မှန် တိုင်းပေးရန် လိုအပ်ပါသည်။ သွေးပေါင်ချိန် တက်နေပြီကို သိသည်နှင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း သွေးကျဆေးများသောက်ပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်စေရန် ထိန်းပေးရမည်ဖြစ်သည်။

သွေးထဲ၌ အဆီဓာတ်လွန်ကဲခြင်း-
ကိုယ်လက်စထရော အဆီဓာတ်သည် သွေးထဲ၌ အလွန်အမင်း များလာပါက သွေးကြောနံရံများတွင် အစိုင်အခဲအဖြစ် အနည်ထိုင်ပြီး သွေးကြောများကို ကျဉ်းစေကာ ခန္ဓာကိုယ်သွေးဖြန့်ဝေမှုကို ဒုက္ခပေး လေတော့သည်။ အထူးသဖြင့် နှလုံးအတွက် လိုအပ်သော သွေးကို လုံလောက်စွာ မပေးနိုင်သဖြင့် နှလုံး ရုတ်တရက် အောင့်ခြင်း၊ နှလုံးကြွက်သား ပုပ်ခြင်း၊ နှလုံး လေသင်တုန်းဖြတ်ခြင်းနှင့် ရုတ်တရက်သေဆုံးခြင်း တို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သင့်တော်သော အစားအစာများကို ရွေးချယ်စားသောက်ခြင်းဖြင့် သွေးထဲ၌ အဆီဓာတ်လွန်ကဲခြင်းကို လျှော့ချနိုင်မည်ဖြစ်သည်။

နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားနေသူများအနေဖြင့် သွေးတိုးရောဂါ ရှိလျှင် စနစ်တကျ ကုသခြင်း၊ ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာ၍ သွေးတိုးစေနိုင်သည့် အချက်များကို ရှောင်ရှားခြင်း၊ ဆေးလိပ် မသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် သာမန်ထက် မပိုအောင် ဆင်ခြင်၍ နေထိုင်စာသောက်ခြင်းတို့ဖြင့် ရောဂါ ပိုမိုမဆိုးဝါးစေရန် ကာကွယ်နိုင်မည်ဖြစ်သည်။

ယခုအခါ နှလုံးနှင့် သွေးကြောများအတွင်း သွေးခဲပိတ်ဆို့ခြင်းကို ဟန့်တားနိုင်သည့် နည်းလမ်းအမျိုးမျိုးကို တွေ့ရှိထားပြီး ဖြစ်သည်။ ယင်းတို့အနက် အက်စ်ပရင် (Aspirin) စားဆေးကို မှန်မှန်မှီဝဲခြင်းသည် ထိရောက်သော ကာကွယ်နည်းတခု ဖြစ်ပါသည်။

အက်စ်ပီးလက်စ-မှ စီစဉ်ပါသည်။
(လိုက်ဖ်စတိုင်လ် ၂၀၀၁-ခု ဇန်န၀ါရီလ)

No comments: