Friday, November 12, 2010

သင့်သွေးပေါင်ချိန်ကို ဂရုစိုက်ပါ

ဆေးပညာအသိုင်းအ၀ိုင်းထဲတွင် စိတ်ဝင်စားစရာကောင်းသော အချင်းအရာတရပ် ပေါ်ပေါက်လာပြီဆိုပါက ထိုအရာသည် အထူးကုဘာသာရပ်များဆိုင်ရာ ဂျာနယ်များတွင် အဖန်တလဲလဲ ပါလာတတ်သော ခေါင်းစီးတခု ဖြစ်လာလေ့ရှိပါသည်။ ထိုအသိနှင့်အတူ လူတိုင်းသည်လည်း ကျန်းမာရေးကို အလေးထားဆောင်ရွက်သင့် ပါသည်။

မကြာမီက အဒေါ်တဦး၏ ဖြစ်ရပ်မှာ မိမိ ဤစာစုကို ရေးဖြစ်စေဖို့ စေ့ဆော်ပေးပါသည်။ သူကား အသက် လေးဆယ်ဝန်းကျင်မျှသာရှိပြီး ယခင်က သွက်လက်ဖျတ်လတ်သူတဦး ဖြစ်ပါသည်။ လွန်ခဲ့သောမတ်လ အတွင်းက သူ လေဖြတ်သွားပါသည်။ ယခု ညာဘက် ကိုယ်တခြမ်း မလှုပ်နိုင်တော့ရှာ။ စကားလည်း မပီတော့ပါ။ မိမိတို့ ဘိုးဘေးဘင်လက်ထက်မှ ခုတိုင် မိသားစုအစဉ်အဆက် သွေးတိုးရောဂါ၏ နှိပ်စက်ခြင်းကို ခံကြရစမြဲ အစဉ်အလာအရ ဒေါ်ဒေါ် ယခုကဲ့သို့ ဒုက္ခိတဘ၀ ရောက်ရသော လက်သည်သည်လည်း သင်း-ပဲ ဟူသော ကောက်ချက်အတွက် မိမိ စိုးစဉ်းမျှ သံသယမ၀င်။

သွေးတိုးထိမ်းသိန်းကုသမှုဆိုင်ရာ ယခင်လမ်းကြောင်း အဟောင်း-
မိမိဆေးကျောင်းသားဘ၀မှသည် ယခု ပါရဂူဘွဲ့ယူရန် ဆည်းပူးနေချိန်အထိ သွေးပေါင်ချိန်ဆိုသော ကိစ္စအတွက် သဘောထားအမျိုးမျိုး သတ်မှတ်ပြဋ္ဌာန်းလေ့ရှိကြပါသည်။
ဥပမာ-အသက် ၆၀-ကျော်အရွယ် လူနာတဦး သွေးပေါင်ချိန် အတန်အသင့် မြင့်နေပါက အသက်ရလာသည်နှင့် အမျှ သွေးလွှတ်ကြောနံရံများ မာကျွတ်လာတတ်လေ့ရှိတာကိုး ဟူသော ဆင်ခြေဖြင့် အရေးတယူ သိပ်မရှိတတ်။

ဆရာဝန်များကလည်း ဘော်ဒါလိုင်း သွေးတိုး-ဟုခေါ်သော ပုံမှန်သွေးပေါင်ချိန်ထက် အနည်းငယ်မြင့်တက်လေ့ ရှိသည့် သွေးတိုးရောဂါရှင် လူနာများကို စောင့်ကြည့်အကဲခတ်နေသောအဆင့်ဟု ယေဘုယျအားဖြင့် သတ်မှတ်လေ့ရှိကြပါသည်။ ထို့အပြင် တက်သွားသော သွေးပေါင်ချိန်သို့ ပြန်မရာက်အောင် ထိန်းကုထား နိုင်ခြင်းအပေါ်၌လည်း သာယာနေတတ်ကြပါသည်။

ထို့အတူ အရပ်အခေါ် အပေါ်သွေး၊ အောက်သွေး နှစ်ရပ်ရှိသည့်အနက် အောက်သွေး (Diastolic Blood Pressure) က ပိုအရေးကြီးသည်ဟူသော ခံယူချက်ထွန်းကားသည့်ကာလတခုလည်း ပေါ်ပေါက်ခဲ့ဖူးပါသည်။ ထို့ကြောင့် အောက်သွေး-ကို သွေးတိုးရောဂါ၏ ဒုက္ခပေးနိုင်ချေ အပြင်း-အပျော့ကို ခန့်မှန်းရန်နှင့် တခါတရံ ကုထုံး၏ ထိရောက်မှုကို တိုင်းတာခန့်မှန်းရန်အတွက် အသုံးပြုခဲ့ကြခြင်းသည်လည်း အံ့သြစရာမဟုတ်ပါ။
ဥပမာ-အောက်သွေးကို ၁၀၀-အောက်ရောက်အောင် ထိန်းထားပေးနိုင်သမျှ ထိုသွေးတိုး ငြိမ်တန့်နေပြီဟု တွေးတောယူဆတတ်ခြင်းမျိုး၊ ထို့ပြင် အောက်သွေး ၁၀၀-ထက်လျော့သော်လည်း အပေါ်သွေး မြင့်နေသော
သက်ကြီးရွယ်အိုများကို အထက်ပါခံယူချက်အရ သွေးပေါင်ချမပေးဘဲ သည်အတိုင်း လွှတ်ပေးထားခြင်းမျိုး။

လက်ရှိ သွေးပေါင်ထိန်းညှိ အယူအဆ-
အထူးသဖြင့် လွန်ခဲ့သော ငါးနှစ်တာကာလအတွင်းက နိုင်ငံတကာ သုတေသနပြုချက်များအရ သွေးတိုးရောဂါနှင့် ပတ်သက်သည့် စိတ်ဝင်စားစရာ သတင်းများ အရှိန်အဟုန်ကောင်းကောင်းနှင့် ထွက်ပေါ်လာခဲ့ပါသည်။ ထိုတွေ့ရှိချက်များအရ အန္တရာယ်ကင်းစွာ ရှိနေနိုင်သော သွေးပေါင်ချိန်သည် ယခင်က မိမိတို့ လက်ခံထားသော ပမာဏထက်ကို အမှန်တကယ် လျော့နည်းသင့်သည်ဟူသော အချက်ကို တွေ့လာကြရပါသည်။

နောက်ဆက်တွဲအနေဖြင့် သွေးပေါင် ထိန်းပေးထားခြင်းကိစ္စ-ကိုလည်း မဖြစ်မနေ အားစိုက်ဆောင်ရွက် သင့်သော လုပ်ငန်းအဖြစ်လည်း နှိုးဆော်လာပါသည်။ ထို့ပြင် အပေါ်သွေးသည်လည်း အောက်သွေးနည်းတူ အရေးပါသည်ဟု ဆိုလာပါသည်။

ထို့ကြောင့် သွေးတိုးရောဂါ၏ ဒုက္ခပေးနိုင်စွမ်းကို ခန့်မှန်းတွက်ဆခြင်းနှင့် ဆေးကုဖို့လို-မလိုကို အောက်သွေးတမျိုးတည်းကိုသာ အခြေပြု မစဉ်းစားသင့်ပါဟု ဆိုလာပါသည်။ ထို့အတူ သက်ကြီးရွယ်အိုများတွင် ကျွတ်မာနေသော သွေးလွှတ်ကြောနံရံများလည်း ရှိ၏။ လက်ခံနိုင်လောက်သော အောက်သွေးပမာဏလည်းရှိ၏။ သို့သော် အပေါ်သွေး မြင့်နေပါက ထိုအုပ်စုကို အမှန်တကယ် ဆေးကုသပေးရန် လိုအပ်သော အရေးတကြီး အုပ်စုဟု ရှုမြင်ရန်လည်း တိုက်တွန်းထားပါသည်။

ယခုအခါတွင် အပေါ်သွေးနှင့် အောက်သွေး နှစ်ရပ်ကြား ခြားနားမှု ပမာဏ Pulse Pressure က အန္တရာယ်ဖြစ်နိုင်ခြေနှင့် ပိုနီးစပ် ပတ်သက်နေသည်ဟူသော အချက်ကိုလည်း တွေ့ရှိထားကြပြန်၏။ ထိုခြားနားမှုပမာဏ များလာလေလေ အန္တရာယ်ပိုရှိလာလေလေဟုလည်း ဆိုပါသည်။

ဥပမာ-အပေါ်သွေး ၁၆၀၊ အောက်သွေး ၉၀-ရှိသဖြင့် ခြားနားချက်မှာ ၇၀၊ ထိုအုပ်စုကို အပေါ်သွေး ၁၇၀၊ အောက်သွေး ၆၀- ခြားနားချက် ၁၁၀-ရှိသော လူနာများ ပါဝင်သည့်အုပ်စုနှင့် ယှဉ်ကြည့်ပါက ခြားနားမှု ပမာဏနည်းသော ပထမအုပ်စုမှာ အန္တရာယ် ရှိနိုင်ခြေ နည်းသော သဘောရှိပါသည်။ သို့သော် ထိုအုပ်စု နှစ်ခုစလုံးပါ လူနာတို့၏ အပေါ်သွေးများမှာ ၁၄၀-အထက်တွင် ရှိနေသောကြောင့် ထိုအုပ်စုနှစ်စုလုံးကို ဆေးကုသမှု ခံယူသင့်ပါသည်။

ထို့ကြောင့် မည်သည့်အသက်အုပ်စုတွင်မဆို ဆရာဝန်က သွေးပေါင်ကျဆေးသောက်ရန် ညွှန်းထားသဖြင့် ဆေးမှန်မှန်သောက်လျှင် လေဖြတ်ရနိုင်ခြေ ၃၈-ရာခိုင်နှုန်း လျော့ပါး၍ ရုတ်တရက် နှလုံးရောဂါရနိုင်ခြေလည်း ၁၆-ရာခိုင်နှုန်း လျော့နည်းနိုင်ပါသည်။

ယခင်က ဂျေ-မျဉ်းကွေး (J-Curve Phonomenon) ဟူသော အယူအဆတရပ် ရှိခဲ့၏။ သွေးပေါင်ကျအောင်ချ၊ ကျလာလေ အန္တရာယ်နည်းလေ။ သို့သော်-တနေရာရောက်လျှင်ရပ်-မရပ်ဘဲ သွေးပေါင်အချ လွန်သွားပါ ကလည်း အန္တရာယ်များသော အနေအထားသို့ ရောက်သွားနိုင်သည်ဟူသော ယူဆချက်များ ရှိပါသည်။

ယခုမူ အထက်တွင် ဖော်ပြခဲ့သော အကြီးစား စူးစမ်းမှုများက ကျကျသွားသော သွေးပေါင်ချိန်နှင့် အန္တရာယ်ရှိနိုင်ခြေ လျော့ပါးမှု တိုက်ရိုက်အချိုးကျသည်ဟူသော သာဓကကို ညွှန်းလာပါသည်။ ထို့ကြောင့် ယခင်ကကဲ့သို့ သွေးပေါင်အကျလွန်သွားသည့်တိုင်အောင် ပူစရာမလို။ လိုအပ်ပါက မည်သည့်အရာကိုမှ မငဲ့ဘဲ သွေးပေါင်ချပေး၍ရသည်ဟု ဆိုလာကြပြန်ပါသည်။

သွေးပေါင် ထိမ်းသိန်းမှု အခြေခံတရား-
၁၉၉၉-ခုနှစ်အတွင်းက ဗြိတိသျှ အရိုးအဆစ်အဖွဲ့ငယ်မှ ဆရာဝန်များအတွက် ဆယ်နှစ်တာကာလအတွင်း နှလုံးသွေးကြောဆိုင်ရာရောဂါများ ရနိုင်ခြေအမှတ်ပေးစနစ်-ကို အသုံးပြုနိုင်ရန် ကူညီပံ့ပိုးပေးသော ဇယားနှင့် ဆော့ဖ်ဝဲကို ထုတ်ပြန်ပေးခဲ့ပါသည်။ ထိုအမှတ်ပေးစနစ်ကို အခြေခံကာ ဆရာဝန်က သူ့လာနာဆေးကုဖို့လိုပြီ၊ မလိုသေး ဆိုသည်ကို ဆန်းစစ်နိုင်စေရန် ဖြစ်ပါသည် ။ထိုစနစ်အရ အမှတ်ပေးရာတွင် သွေးတွင်းရှိ ကိုလက်စထရော ပမာဏ၊ ဆေးလိပ်သောက်သည့် အခြေအနေ၊ ဆီးချိုကဲ့သို့ တခြားဆက်နွယ်ရာ ရောဂါများကိုလည်း စဉ်းစားနိုင်ရန် ထည့်သွင်းပေးထားပါသည်။ ထိုစနစ်ကို သုံးပါက သွေးတိုးကို ကု-မကု ဟူသော ဆုံးဖြတ်ချက် တခုတည်းကိုသာမက အက်စ်ပရင်နှင့် ကိုလက်စထရောကျရန် သုံးသော ဆေးများကို ကြိုတင်ကာကွယ်ဆေးများအဖြစ် တိုက်ထားရန် သင့်-မသင့် ကိစ္စကိုပါ ဆောင်ရွက်နိုင်ပါသည်။ ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြရပါက အကြီးစား စမ်းသပ်မှုများအရ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကို ကာကွယ်ရန် အတွက် အသင့်လျော်ဆုံးဆေးများမှာ အက်စပရင်နှင့် ကိုလက်စထရော ကျဆေးများသာ ဖြစ်ကြောင်း ထင်ရှားလှပါသည်။

သွေးတိုးရောဂါဟု သတ်မှတ်ကာ စကုသင့်ပြီဟု လက်ခံထားသော သွေးပေါင်ချိန်ကမူ မပြောင်းသေးပါ။ အပေါ်သွေး ၁၆၀၊ အောက်သွေး ၉၀၊ သို့သော် ကျန်းမာသူတဦးအတွက် ရှိသင့်သောပုံမှန် သွေးပေါင်ကိုမူ ၁၄၀/၈၅ ဟု သတ်မှတ်ပါသည်။

ဆီးချိုရောဂါရှိသူနှင့် ကျောက်ကပ်ချို့တဲ့စပြုနေသူများမှာမူ သီးခြားအတန်းအစားထဲတွင် ပါဝင်နေသော်လည်း မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်သည့်အနေဖြင့် သွေးပေါင်ကို တိကျတင်းကျပ်စွာ ထိန်းထားဖို့ လိုပါသည်။ လေ့လာမှုတရပ်၏ အလိုအရ အင်စူလင် ဆီးချိုထိန်း ဆေးထိုးရန် မလိုဘဲ သောက်ဆေးနှင့်ပင် ထိန်းထား၍ရသော ဆီးချိုလူနာများ သက်တမ်းစေ့နေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ မကျရောက်စေရန် သွေးချိုကို ဂရုစိုက်ကြပ်မတ်ထိန်းညှိခြင်းထက် သွေးပေါင်ချိန်ကို ထိထိရောက်ရောက် ထိန်းထားခြင်းက ပိုအကျိုးရှိစေကြောင်း တွေ့ရပါသည်။

ဆောင်ရွက်သင့်သော လုပ်ငန်းများ-
* ရောဂါမရှိသော်လည်း အနည်းဆုံး ငါးနှစ်တကြိမ် သွေးပေါင်ချိန်ပါ။
* သွေးပေါင်ချိန် ၁၄၀/၈၅ နှင့် ၁၆၀/၉၀-ကြားရှိပြီး မည်သည့် သွေးကျဆေးမှ မသောက်သူများမှာ အထိုက်အလျောက် အန္တရာယ်ဖြစ်နိုင်ခြေ ရှိ၍ နှစ်စဉ် သွေးပေါင်ချိန်ပါ။ အန္တရာယ်ဖြစ်နိုင်ခြေ ဆန်းစစ်မှု ဇယားသုံး၍ တိုက်ဆိုင်တွက်ချက်ဆန်းစစ်ပါ။
* ဆေးလိပ်ဖြတ်ပါ။
* ကျန်းမာ၍ အာဟာရပြည့်အောင် စားသောအလေ့အကျင့်ကို လုပ်ပါ။
* လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
* သွေးတိုးရောဂါဟူသည် အသံမပြု၊ လက္ခဏာမပြဘဲ အကောက်ကြံတတ်ရာ မိုးလွန်မှထွန်ချရသော ဘေးကို မမေ့သင့်ပါ။

မိမိအဒေါ် ဖြစ်ရပ်က ကိုယ့်အခြေအနေကို ဂရုမစိုက်၊ ဥပေက္ခာပြုထားမိ၍ ယခုကဲ့သို့ မရှူနိုင်-မကယ်နိုင် ဖြစ်ရသည်ကို ထင်ဟပ်ပြသနေပါသည်။ ထို့ကြောင့် သွေးတိုးကဲ့သို့ ကာကွယ်ကုသ၍ရသော ရောဂါကိုပင် မကာကွယ် မဟန့်တား မထိန်းသိမ်းနိုင်လောက်အောင် ခေတ်နောက်ကျ ကျန်မနေသင့်ပါ။
Ref: Alumnus, July, 2000.

ဒေါက်တာ သန်းထွဋ်
(လိုက်ဖ်စတိုင်လ် ၂၀၀၁-ခု ဇန်န၀ါရလ)

No comments: