Thursday, November 11, 2010

အသက်ကယ်သော အကျိုး

မိုးရာသီ၏ ညနေ မှောင်ရီစအချိန်တွင် ဖြစ်သည်။ ကောင်းကင်တခုလုံး မိုးသားများ မဲမှောင်နေသဖြင့် တဦးကိုတဦး မမြင်ရတော့ပေ။ ထို့ကြောင့် လုပ်ပါဦး ကူဖမ်းကြပါဦး နွားကြိုးပြတ်သွားလို့။
အိမ်ရှေ့ရှိ လမ်းမပေါ်၌ လူနှစ်ယောက် လက်နှိပ်ဓာတ်မီး တ၀င်းဝင်းနဲ့ အော်ဟစ်အကူအညီ တောင်းနေသည်။
အမှောင်ထုက တဖြည်းဖြည်းနှင့် ကြီးစိုးလာခဲ့ရာ နွားမလေး ဘယ်ရောက်သွားမှန်း ထိုလူနှစ်ယောက် မသိလိုက်ကြ။ ကူညီမည့်သူလည်း တယောက်မျှမရှိကြနှင့် ယောင်လည်လည်ဖြစ်နေသည်။ ရှာမတွေ့တော့သည့်အဆုံး စိတ်ဓာတ်ကျကာ ပြန်သွားကြတော့သည်။

ကျွန်တော်တို့အိမ်ရှိ မိသားစုအားလုံး အိပ်ရာဝင်ရန် ပြင်ဆင်နေကြချိန်တွင် အိမ်ရှေ့တမာပင်အောက်ရှိ ကွပ်ပျစ်ဘေးတွင် နွားတကောင် ၀ပ်နေသဖြင့် သမီးအကြီးဖြစ်သူက-
ဖေဖေရေ လာပါဦး၊ ဟောဒီမှာ နွားမလေးတကောင် ရောက်နေတယ်၊
ကျွန်တော် လက်နှိပ်ဓာတ်မီးယူ၍ နွားမလေးရှိရာကို သွားခဲ့သည်။ စောစောက လူနှစ်ယောက် နွားလိုက်ရှာနေကြတာ အချိန်ကမှောင်သွားတော့ လက်လျှော့ပြီး ပြန်သွားကြတယ်။

ဒါဆို ဘယ်လိုလုပ်မလဲ ဖေဖေ။
ရွာလူကြီး သတင်းသွားပို့ရမှာပေါ့၊
ကျွန်တော် နွားမလေးကို အိမ်ရှေ့မှာ ထားခဲ့ပြီး ရွာလူကြီးထံ နွားမလေးတကောင် တွေ့ထားကြောင်း နွား၏ အသွေးအရောင်မှာ နွားပြာဖြစ်ကြောင်းတို့နှင့် ဒေါက်မှအစ တိတိကျကျ သွားရောက် တိုင်ကြားခဲ့သည်။

နွားမလေးအတွက် စဉ်းထားသော ပြောင်းများဝယ်ယူ၍ နှမ်းဖတ်ရည်နှင့် ရောကာ ဂရုတစိုက် ကျွေးမွေးခဲ့သည်။ အတော်ကလေး ဆာနေသဖြင့် အားရပါးရ စားနေသည်။
ကျွန်တော် ကျောင်းတက်သွားနေသည့် အချိန်တွင် အိမ်ရှိ မိသားစုက ကျွန်တော်နည်းတူ ကျွေးမွေးစောင့်ရှောက် ကြသည်။ မိသားစုနှင့် နွားမလေးမှာ တနေ့တခြား ရင်းနှီးချစ်ခင် လာခဲ့ကြသည်။

ဆရာကြီး၊ ဆရာကြီး။
အိမ်ရှေ့မှခေါ်သံကြားသဖြင့် အပြင်ကို ထွက်ကြည့်လိုက်မိသည်။
နွားပိုင်ရှင် တွေ့ပြီ သူတို့ပဲ။
ရွာလူကြီးနှင့် နွားပိုင်ရှင်နှစ်ဦး ဖြစ်သည်။ အိမ်တံခါးဖွင့်ပြီး ၀င်ခွင့်ပြုလိုက်သည်နှင့် နွားပိုင်ရှင်များ အိမ်ဝိုင်းထဲ ၀င်လာသည်။

နွားမလေးမှာ မျက်စိကိုဖွင့် နားကိုစွင့်၍ နားရွက်နှစ်ဖက်ထောင်ထားသည်။ ခဏကြာတော့ ကြိုးကိုရုန်း၍ ဟိုပြေးသည်ပြေး လုပ်နေသည်။ မကြာမီ ကြိုးပြတ်သွားသဖြင့် ၀ိုင်းပြီးဖမ်းခဲ့ကြရသည်။ ပိုင်ရှင်များထံ လိုက်ရတော့မည်ဖြစ်၍ မျက်ရည်များ စီးကျလာခဲ့သည်။

ကျွန်တော်တို့ တအိမ်သားလုံး စိတ်မကောင်းကြ၊ ဖြစ်နိုင်လျှင် အိမ်မှာပဲရှိနေစေချင်သည်။ သို့ဖြစ်၍ နွားမလေးအကြောင်း မေးကြည့်ရာ-
ဒီလိုဗျ နွားက သတ်မဲ့နွား၊ နွားသတ်ကုန်းရောက်မှ ကြိုးပြတ်ပြေးလို့ လိုက်ရှာနေတာ တညလုံး မအိပ်ရသေးဘူး။ အတော်ဒုက္ခပေးတဲ့ နွားပါဗျာ။ ဒါကြောင့် သူ့ကို ဘယ်သူကမှ မမွေးကြတာ၊ ဗွေကလည်း ဗွေဆင့်ဆိုတော့ မွေးတဲ့သူ ခိုက်တတ်တယ်ဗျ။

ဘာပဲဖြစ်ဖြစ် ထိုနွားမကလေးအား အသားဈေးထက်ပိုပေးပြီး ကျွန်တော် ၀ယ်ထားလိုက်တော့သည်။
တနေ့တနေ့နှင့် အချိန်တွေက ကုန်မှန်းမသိ ကုန်ခဲ့သည်။ နွားမလေးမှာ နွားထီးချည်း ငါးကောင် မွေးခဲ့သည်။ နွားထီးကလေးများအားလုံး နွားပြာမွေးချည်း ဖြစ်သည်။ ဘို့ထောင်ထောင် ဒေါက်မြင့်မြင့်နှင့် အပြစ်အနာအဆာ ကင်းသဖြင့် ခိုင်းနွားအတွက် ဈေးကောင်းရရှိသည်။

ထို့အပြင် နွားမလေးမှရသော နွားနို့ကို အရည်တမျိုး၊ အခဲတမျိုး လုပ်၍ စားခဲ့ရသည်။ ပိုလျှံသည်တို့ကို ရောင်း၍စားခဲ့ရာ ငွေအမြောက်အမြား ရရှိခဲ့ပါသည်။
သို့ဖြစ်၍ ကျွန်တော်တို့ မိသားစု၏ စီးပွားရေးမှာ ရွှေမရှား ငွေမရှား ဖြစ်လာခဲ့သည်။ စီးပွားရေး ချောင်လည်လာသဖြင့် အလှူရေစက် လက်နဲ့မကွာ-ဆိုသလို မကြာမကြာ လှူဒါန်းနိုင်ခဲ့သည်။

နွားမလေး၏ မေတ္တာရောင်ပြန်ဟပ်မှုက ကျွန်တော်တို့ မိသားစုအပေါ် လူသားတယောက်ပမာ ကျေးဇူးဆပ်နေပါတော့သည်။
နွားမလေးအသက်ကယ်သော အကျိုးကား ကုသိုလည်းရ ၀မ်းလည်းဝဟုသာ ဆိုရမည် ဖြစ်ပါသည်။

ခင်မောင်တင်(၀ဲလောင်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဧပြီလ)

No comments: